Search This Blog

Sunday, May 3, 2020

အခန်း(၅) ဘုံပိုင်း-၁

 အခန်း(၅) ဘုံပိုင်း-၁

ဝီထိမုတ်စိတ်များ

ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စတို့ကို ဆောင်ရွက်ကြသော ဥပေက္ခာသန္တီရဏစိတ် ၂-ပါး၊ မဟာဝိပါက်စိတ် ၈-ပါးနှင့် မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါးတို့သည် ဝီထိမှလွတ်ကင်းသည့် စိတ်များဖြစ်ကြ၍ ဝီထိမုတ်စိတ်များဟု အမည်ရကြ၏။

ဤစိတ် ၁၉-ပါးတို့သည် ၃၁-ဘုံ၌ သတ္တဝါအမျိုးမျိုးတို့ ပဋိသန္ဓေဖြစ်ပေါ်ရန် ပဋိသန္ဓေစိတ်အဖြစ် လည်းကောင်း၊ ပဋိသန္ဓေစိတ် ဖြစ်ပြီးနောက် ဘဝဆက်လက် ဖြစ်ပေါ်နေရန် ဘဝင်စိတ်အစဉ်အဖြစ် လည်းကောင်း၊ ဘဝဆုံးသည့်အခါ၌ စုတိစိတ်အဖြစ် လည်းကောင်း ဆောင်ရွက်ကြ၏။

ဝီထိမုတ်စိတ် ၁၉-ပါးကို အကြောင်းပြု၍ ဘုံအကြာင်း၊ ပဋိသန္ဓေအကြောင်း၊ ကံအကြောင်းနှင့် သေခြင်းအကြောင်းတို့ကို ဆွေးနွေးတင်ပြမည့် ဤအခန်းကို `ဝီထိမုတ်ပိုင်း´ (ဝါ) `ဘုံပိုင်း` ဟု ခေါ်၏။

စတုက္ကလေးလီနှင့် ဘုံလေးမျိုး
စတုက္ကလေးလီ
ဝီထိမုတ်ပိုင်း၌ ပါဝင်ကြသော စတုက္က(လေးခုစု) ၄-မျိုးကား -
(၁) ဘူမိစတုက္က = ဘုံ ၄-မျိုး
(၂) ပဋိသန္ဓိစတုက္က = ပဋိသန္ဓေ ၄-မျိုး
(၃) ကမ္မစတုက္က = ကံ ၄-မျိုးနှင့်
(၄) မရဏပ္ပတ္တိစတုက္က = သေခြင်းအကြောင်း ၄-မျိုးတို့ ဖြစ်ကြ၏။

ဘုံလေးမျိုး
သတ္တဝါတို့ ဖြစ်ရာတည်မှီရာ၊ လှည့်လည်ကျက်စားရာ ဘုံ ၄-မျိုးကား-
(၁) အပါယ်ဘုံ (ဝါ) ကာမဒုဂ္ဂတိဘုံ = ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသည့် အပါယ် ၄-ဘုံ၊
(၂) ကာမသုဂတိဘုံ = လူ့ပြည်နှင့် နတ်ပြည် ၆-ထပ် (ပေါင်း ၇-ဘုံ)
(၃) ရူပဘုံ = ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန် ၃-ဘုံ၊ တတိယဈာန် ၃-ဘုံနှင့် စတုတ္ထဈာန် ၇-ဘုံဟူသည့် ရူပဗြဟ္မာ ၁၆-ဘုံ
(၄) အရူပဘုံ = အာကာသာနဉ္စာယတနဘုံ၊ ဝိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံ၊ နေဝသညာနာသညာယတနဘုံ ဟူသော အရူပဗြဟ္မာ ၄-ဘုံ။

မှတ်ချက်။ ။ အပါယ် ၄-ဘုံနှင့် ကာမသုဂတိ ၇-ဘုံတို့ကို ပေါင်း၍ ကာမ ၁၁-ဘုံဟုခေါ်၏။ ကာမဂုဏ် ခံစားရာ ဘုံများတည်း

ကာမ ၁၁-ဘုံ၊ ရူပဗြဟ္မာ ၁၆-ဘုံနှင့် အရူပဗြဟ္မာ ၄-ဘုံတို့ကို ပေါင်း၍ ရေတွက်သော ၃၁-ဘုံရ၏။

ဘုံများ၏တည်ရာ
လူ့ဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံနှင့် အသူရကာယ်ဘုံတို့သည် ကမ္ဘာမြေပြင်ပေါ်၌ တည်ရှိကြ၏။ ဘုံသီးခြားစီမရှိကြ။ ခန္ဓာတို့၏ ဖြစ်ခြင်းကိုပင် ဘုံဟု မှတ်ယူရ၏။

ငရဲဘုံသည် သီးခြားတည်ရှိ၏။ သိဉ္စိုဝ်း၊ ကာလသုတ်၊ သံဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ အဝီစိဟူ၍ ငရဲကြီး ၈-ထပ်ရှိ၏။ ၎င်းတို့သည် ကမ္ဘာမြေပြင်အောက်၌ ယူဇနာ ၁၅၀၀၀ ဝေးကွာသောအရပ်မှစ၍ တစ်ဘုံနှင့်တစ်ဘုံ ယူဇနာ ၁၅၀၀၀စီ ကွာဝေးလျက် တည်ရှိကြ၏။

နတ်ဘုံတို့ကား စတုမဟာရာဇ်၊ တာဝတိ ံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိနှင့် ပရနိမ္မိတဝသ၀တ္တိတို့ ဖြစ်ကြ၏။

စတုမဟာရာဇ်နတ်ဘုံသည် ယူဇနာ ၄၂၀၀၀မြင့်သော ယုဂန္ဓိုရ်တောင်ထိပ်မှစ၍ မြေပြင်အထိ ပျံ့နှံ့၍ တည်၏။ တာဝတိ ံသာသည် ယူဇနာ ၈၄၀၀၀ မြင့်သော မြင့်မိုရ်တောင်ထိမ်မှ စကြဝဠာတံတိုင်းအထိ ကောင်းကင်၌ ပျံ့နှံ့၍ တည်၏။ ကျန်နတ်ပြည် ၄-ထပ်တို့သည်လည်း ယူဇနာ ၄၂၀၀၀စီ အဆင့်ဆင့် မြင့်တက်သွားကြ၏။

ရူပဗြဟ္မာ ၁၆-ဘုံတို့ကို ၃၁-ဘုံ ဇယား၌ ၉-ဆင့်ခွဲပြထား၏။
ပထမဈာန် ၃-ဘုံ = ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ။
ဒုတိယဈာန် ၃-ဘုံ = ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ။
တတိယဈာန် ၃-ဘုံ = ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ။
စတုတ္ထဈာန် ၇-ဘုံ = ဝေဟပ္ဖိုလ်၊ အသညသတ်တို့ကို ၁-ဆင့်စီ၊ အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌဟူသည့် သုဒ္ဓါဝါသ ၅-ဘုံတို့ကို ၅-ဆင့်ခွဲပြထား၏။

အထက်ပါ ဘုံ ၇-ဆင့်တို့သည် ၁-ဆင့်လျှင် ယူဇနာ ၅၅၀၈၀၀၀ စီမြင့်တက်သွားကြ၏။

အရူပဗြဟ္မာ ၄-ဘုံတို့သည်လည်း အကနိဋ္ဌဘုံအထက်၌ ယူဇနာ ၅၅၀၈၀၀၀ စီပင် အဆင့်ဆင့် မြင့်တက်သွားကြ၏။

လူ့ပြည်မှ အမြင့်ဆုံးဘဝဂ် (နေဝသညာ နာသညာယတနဘုံ)သို့ ယူဇနာပေါင်း ၇၁၈၅၆၀၀၀ ဝေးကွာ၏။

လူ့ပြည်မှ အဝီစိငရဲသို့ ယူဇနာ ၁၂၀၀၀၀ ဝေးကွာ၏။

ကမ္ဘာမြေကြီးသည် မြေသားအထုဖြစ်သည့် ပံသုပထဝီ၌ ယူဇနာ ၁၂၀၀၀၀၊ ကျောက်သားအထုဖြစ်သည့် သိလာပထဝီ၌ ယူဇနာ ၁၂၀၀၀၀၊ နှစ်ရပ်ပေါင်း ယူဇနာ ၂၄၀၀၀၀ အထုရှိသည်ဟု ဆိုထား၏။

မှတ်ချက်။ ။ အထက်ပါ မြေထုပမာဏသည် သိပ္ပံတွေ့ရှိချက်နှင့် မကိုက်ညီပါ။ သိပ္ပံတွေ့ရှိချက်အရ ကမ္ဘာမြေကြီးသည် သစ်တော်သီး ပုံသဏ္ဌာန်လုံးနေပြီး၊ အချင်းပမာဏမှာ မိုင် ၈၀၀၀သာရှိသည်။ ထို့အပြင် ကမ္ဘာမြေကြီးကို ရေထုနှင့် လေထုတို့က မထားသည်လည်း မဟုတ်ပါ။ ကမ္ဘာမြေကြီးသည် နေကို လှည့်ပတ်လျက် အာကသ၌ ရွေ့လျားနေသော ဂြိုဟ်ငယ် တစ်လုံးသာ ဖြစ်၏။

ယခုခေတ်လူတို့သည် ၁-ယူဇနာလျှင် ၈-မိုင်မှ ၁၃-မိုင်အထိရှိသည်ဟု ယူဆကြ၏။ ထို့ကြောင့် ကမ္ဘာမြေကြိး၏ အထုသည် မိုင်ပေါင်း ၂၄၀၀၀၀x၈ ကျော်ရှိနေသဖြင့် သိပ္ပံအဆိုထက် လွန်စာ ပိုမိုနေပါသည်။

အထက်တွင် ဖော်ပြခဲ့သော ဘုံအကွာအဝေးတို့သည် သီဟိုဠ်သာသနာကာလ၌ အနုရုဒ္ဓါမထေရ်ရေးသားသည့် `အဘိဓမ္မတ္ထသင်္ဂဟကျမ်းတွင် ဖော်ပြထားချက်မျှသာ ဖြစ်သည်။ မြတ်စွာဘုရား ဟောကြားခဲ့သည်ဟု မှတ်ယူရန်မလိုပါ။

၃၁-ဘုံရှိသည့် အကြောင်းကိုကား အကြောင်းအကျိုး ဆက်နွယ်မူနှင့်တကွ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့ခြင်းဖြစ်၍ ယုံကြည်ထိုက်ပါသည်။ ငရဲဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံတို့သည် အလွန်ဝေးကွာသော အရပ်များ၌ တည်ရှိခြင်းကို ယုံကြည်ထိုက်ပါသည်။

အဘိဓမ္မာသည် ပရမတ္ထတရား၏ သဘောသဘာဝတို့ကို ဟောကြားထားသည့် ဒေသနာဖြစ်ရာ ပရမတ္ထသဘောတရားတို့သည်သာ အရေးကြီး၏။ ပညတ်တရားမျှသာ ဖြစ်သည့် ဘုံအကွာအဝေးတို့မှာ အရေးမကြီးပါ။

ဘုံနှင့် ပုဂ္ဂိုလ်
(၁) အပါယ် ၄-ဘုံ၌ ဒုဂ္ဂတိဟိတ်ပုဂ္ဂိုလ် ၁-ပါးကိုသာ ရအပ်၏။
(၂) လူ့ဘုံ၊ စတုမဟာရာဇ်ဘုံတို့၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်ကြဉ်သောပုဂ္ဂိုလ် ၁၁-ပါးကို ရအပ်၏။
(၃) အထက်နတ်ပြည် ၅-ထပ်တို့၌ ဒုဂ္ဂတိအဟိတ်နှင့် သုဂတိအဟိတ်ကြဉ်သည့်ပုဂ္ဂိုလ် ၁၀-ပါး(တစ်ကျိပ်)ကို ရ၏။
(၄) အသညသတ်နှင့် သုဒ္ဓါဝါသ ၅-ဘုံတို့မှ ကြွင်းသော ရူပဗြဟ္မာ ၁၀-ဘုံတို့၌ အရိယာပုဂ္ဂိုလ် ၈-ပါး၊ ပုထုဇဉ်တိဟိတ် ၁-ပါးဟူ၍ ပုဂ္ဂိုလ် ၉-ပါးကို ရအပ်၏။
(၅) အသညသတ်ဘုံ၌ ဇီဝိတရုပ်ဖြင့် ပဋိသန္ဓေနေသော သုဂတိအဟိတ်ပုဂ္ဂိုလ် ၁-ပါးကိုသာ ရအပ်၏။ (အသညသတ်ဗြဟ္မာသည် ရုပ်သာရှိပြီး နာမ်မရှိချေ။)
(၆) သုဒ္ဓါဝါသ ၅-ဘုံတို့၌ အနာဂါမိဖိုလ်ပုဂ္ဂိုလ်၊ အရဟတ္တမဂ်ပုဂ္ဂိုလ်နှင့် အရဟတ္တဖိုလ်ပုဂ္ဂိုလ်ဟူ၍ ပုဂ္ဂိုလ် ၃-ပါးကိုသာ ရအပ်၏။ (လူ့ဘုံမှ အနာဂါမ်ပုဂ္ဂိုလ်များ စုတေလျှင် သုဒ္ဓါဝါသဘုံ၌ အဖြစ်များ၏။)
(၇) အရူပ ၄-ဘုံ၌ သောတာပတ္တိမဂ်ပုဂ္ဂိုလ်ကြဉ်သော အရိယာ ၇-ပါးနှင့် ပုထုဇဉ်တိဟိတ် ၁-ပါးဟူ၍ ပုဂ္ဂိုလ် ၈-ပါးကို ရအပ်၏။

အရူပ ၄-ဘုံ၌ သောတာပတ္တိမဂ်ကို မရနိုင်ပါ။ သောတာပန်ဖြစ်ပြီးသော သူတို့က အထက်မဂ်တို့ကို ရနိုင်၏။

ပဋိသန္ဓေ ၄-မျိုး
(၁) အပါယ်ပဋိသန္ဓေ = အကုသလ ဝိပါက် ဥပေက္ခာ သန္တီရဏ အဟိတ်စိတ်
(၂) ကာမသုဂတိပဋိသန္ဓေ = (က) ကာမသုဂတိ အဟိတ်ပဋိသန္ဓေ = ကုသလ ဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏ အဟိတ်စိတ်၊ (ခ) ကာမသုဂတိသဟိတ်ပဋိသန္ဓေ = မဟာဝိပါက်စိတ် ၈-ပါး။
(၃) ရူပပဋိသန္ဓေ = ရူပဝိပါက်စိတ် ၅-ပါး + အသညသတ်ဇီဝိတနဝက ကလာပ်ရုပ် ပဋိသန္ဓေ ၁-ပါး
(၄) အရူပပဋိသန္ဓေ = အရူပဝိပါက်စိတ် ၄-ပါး

မှတ်ချက်။ ။ အပါယ်ဒုဂ္ဂတိပဋိသန္ဓေ ၁-ပါး၊ ကာမသုဂတိအဟိတ် ပဋိသန္ဓေ ၁-ပါး၊ ကာမသုဂတိသဟိတ် ပဋိသန္ဓေ ၈-ပါးတို့ကို ပေါင်း၍ ကာမပဋိသန္ဓေ ၁၀-ပါးဟု ခေါ်၏။

ရူပပဋိသန္ဓေ ၅-ပါးနှင့် ဇိဝိတနဝက ကလာပ်ရုပ် ပဋိသန္ဓေ ၁-ပါးတု့ိကို ပေါင်း၍ ရူပပဋိသန္ဓေ ၆-ပါးဟု ခေါ်၏။

ကာမပဋိသန္ဓေ ၁၀-ပါး၊ ရူပပဋိသန္ဓေ ၆-ပါးနှင့် အရူပပဋိသန္ဓေ ၄-ပါးတို့ကို ပေါင်းသော် ပဋိသန္ဓေ ၂၀-ကို ရ၏။

ပုဂ္ဂိုလ်နှင့် ပဋိသန္ဓေ
(၁) ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်ဘုံသားတို့သည် အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေကြ၏။

(၂) လူ့ဘုံနှင့် စတုမဟာရာဇ်ဘုံတို့၌ ပဋိသန္ဓေအားဖြင့် ကန်းသောသူ (ဇစ္စန္ဓပုဂ္ဂိုလ်)၊ နားပင်းသောသူ (ဇစ္စဗဓိရပုဂ္ဂိုလ်)၊ ဃာနပသာဒချို့သောသူ (ဇစ္စဃာနပုဂ္ဂိုလ်)၊ ထစ်အ၍ စကားမပီသောသူ (ဇစ္စမူဂ)၊ အလွန် ဉာဏ်ထိုင်း၍ ဆွံ့အသောသူ (ဇစ္စဇဠ)၊ ဝမ်းတွင်းရူးသူ (ဇစ္စုမ္မတ္တက)၊ ပန်းစုတ်၍ ကာမဂုဏ်ခံစားသူ (ပဏ္ဍက)၊ ယောက်ျားနှင့် မိန်းမတို့၏ နိမိတ်အင်္ဂါအစုံရှိသူ (ဥဘတောဗျည်း)၊ ယောက်ျားလည်းမဟုတ် မိန်းမလည်း မဟုတ်သောသူ (နပုန်း)၊ ထစ်ထစ်ငေါ့ငေါ့နှင့် ဒရွတ်ဆွဲ၍ ပြောသူ (မမ်းဆွဲသူ)တို့သည် လည်းကောင်း၊ ဘုတ်၊ မှင်စာ၊ တစ္ဆေ၊ အစိမ်း၊ သရဲ၊ ဘီလူး၊ ဘုမ္မစိုဝ်းနတ်အချို့သည် လည်းကောင်း၊ ကုသလ ဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေကြ၏။

(၃) ကာမသုဂတိ ၇-ဘုံတို့၌ အာယတနပြည့်စုံသော (အင်္ဂါစုံသော) လူနတ်တို့သည် မဟာဝိပါက်စိတ် ၈-ပါးတွင် ၁-ပါးပါးဖြင့် ပဋိသန္ဓေနေကြ၏။ ဤ၌ ဒွိဟိတ်ပုဂ္ဂိုလ်များသည် မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄-ပါးဖြင့် ပဋိသန္ဓေနေကြ၏။ တိဟိတ်ပုဂ္ဂိုလ်သည် မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄-ပါးဖြင့် ပဋိသန္ဓေနေကြ၏။

(၄) ရူပဗြဟ္မာများအနက် ပထမဈာန် ၃-ဘုံသားများသည် ရူပ ပထမဈာန် ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေကြ၏။

ဒုတိယဈာန် ၃-ဘုံ ဗြဟ္မာများသည် ဒုတိယဈာန် ဝိပါက်နှင့် တတိယဈာန် ဝိပါက်စိတ် ၂-ပါးတွင် ၁-ပါးပါးဖြင့် ပဋိသန္ဓေနေကြ၏။

တတိယဈာန် ၃-ဘုံ ဗြဟ္မာများသည် စတုတ္ထဈာန် ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေကြ၏။

အသညသတ် ဗြဟ္မာများမှ ကြွင်းသော စတုတ္ထဈာန် ဗြဟ္မာများသည် ပဉ္စမဈာန် ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေကြ၏။ အသညသတ်ဗြဟ္မာတို့သည် ဇီဝိတနဝက ကလာပ်ရုပ်ဖြင့် ပဋိသန္ဓေနေကြ၏။

(၅) အာကာသာနဉ္စယတန ဗြဟ္မာများသည် အာကာသာနဉ္စာယတန ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေကြ၏။

ဝိညာဏဉ္စာယတန ဗြဟ္မာများသည် ဝိညာဏဉ္စာယတန ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေကြ၏။

အာကိဉ္စညာယတန ဗြဟ္မာတို့သည် အာကိဉ္စညာယတန ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေကြ၏။

နေဝသညာနာသညာယတန ဗြဟ္မာတို့သည် နေဝသညာနာသညာယတန ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေကြ၏။
ရူပဗြဟ္မာဘုံများအား အမည်ပေးပုံ
ရူပပဋိသန္ဓေနှင့် ရူပဘုံတို့၏ အမည်ကွဲလွဲနေရခြင်းအကြောင်းမှာ ရူပဈာန်များကို ၅-ပါးတစ်နည်း၊ ၄-ပါးတစ်နည်းဟူ၍ ရေတွက်နည်း ၂-မျိုးရှိသောကြောင့် ဖြစ်၏။

ဈာန်အင်္ဂါ - ဝီ, စာ, ပီ, သု, ဧ
ဈာန် ၅-ပါးရေတွက်ပုံ - ပထမဈာန်
ဈာန် ၄-ပါးရေတွက်ပုံ - ပထမဈာန်
ဘုံအမည် - ပထမဈာန်

ဈာန်အင်္ဂါ - စာ, ပီ, သု, ဧ
ဈာန် ၅-ပါးရေတွက်ပုံ - ဒုတိယဈာန်
ဈာန် ၄-ပါးရေတွက်ပုံ - ပထမဈာန်
ဘုံအမည် - ပထမဈာန်

ဈာန်အင်္ဂါ - ပီ, သု, ဧ
ဈာန် ၅-ပါးရေတွက်ပုံ - တတိယဈာန်
ဈာန် ၄-ပါးရေတွက်ပုံ - ဒုတိယဈာန်
ဘုံအမည် - ဒုတိယဈာန်

ဈာန်အင်္ဂါ - သု, ဧ
ဈာန် ၅-ပါးရေတွက်ပုံ - စတုတ္ထဈာန်
ဈာန် ၄-ပါးရေတွက်ပုံ - တတိယဈာန်
ဘုံအမည် - တတိယဈာန်

ဈာန်အင်္ဂါ - ဥ, ဧ
ဈာန် ၅-ပါးရေတွက်ပုံ - ပဉ္စမဈာန်
ဈာန် ၄-ပါးရေတွက်ပုံ - စတုတ္ထဈာန်
ဘုံအမည် - စတုတ္ထဈာန်

ရူပဈာန်၄-ပါးရေတွက်သည့်နည်း၌ ဝိတက်နှင့် ဝိစာရတို့ကို တစ်ပြိုင်တည်းပယ်၍ ဒုတိယဈာန်သို့ တက်သည်။

ပဋိသန္ဓေတည်ပုံ ၄-မျိုး
(၁) အဏ္ဍဇပဋိသန္ဓေ = ဥခွံတွင်း၌ ပဋိသန္ဓေတည်ခြင်း။
(၂) ဇလာဗုဇပဋိသန္ဓေ = သားအိမ်အတွင်း၌ ပဋိသန္ဓေတည်ခြင်း။
(၃) သသေဒဇပဋိသန္ဓေ = သစ်ခေါင်း၊ သစ်သီး၊ ပန်းပွင့်၊ ရွှံ့ညွန် စသည်တို့၌ ပဋိသန္ဓေတည်ခြင်း။
(၄) ဥပပတ်ပဋိသန္ဓေ = အရွယ်ရောက်ပြီးသော ကိုယ်ဖြင့် ကောင်းကင်မှ ခုန်ပျံလာသကဲ့သို့ ဘွားကနဲ အထင်အရှားဖြစ်ခြင်း။

မှတ်ချက်။ ။ အဏ္ဍဇပဋိသန္ဓေနှင့် ဇလာဗုဇပဋိသန္ဓေတို့ကိုပေါင်း၍ ဂဗ္ဘသေယျကပဋိသန္ဓေ (အမိဝမ်းတွင်း၌ ပဋိသန္ဓေတည်ခြင်း)ဟုလည်း ခေါ်၏။
ဘုံသားနှင့် ပဋိသန္ဓေ
ငရဲသားတို့သည် ဥပပတ် ပဋနိသန္ဓေ ၁-ပါးတည်းဖြင့် ဖြစ်ပေါ်ကြ၏။

ပြိတ္တာနှင့် အသူရကာယ်တို့သည် ဇလာဗုဇ၊ ဥပပတ် ပဋိသန္ဓေ ၂-ပါးဖြင့် ဖြစ်ပေါ်ကြ၏။

တိရစ္ဆာန်တို့သည် အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ၊ ဥပပတ်ဟူ၍ ပဋိသန္ဓေ ၄-ပါးလုံးဖြင့် ဖြစ်ပေါ်ကြ၏။

လူတို့သည် ကမ္ဘာဦးအစ၌ ဥပပတ် ပဋိသန္ဓေ ၁-ပါးတည်းဖြင့် ဖြစ်ပေါ်ကြ၏။ ထို့နောက်၌ ဇလာဗုဇ၊ သံသေဒဇ၊ ပဋိသန္ဓေ ၂-ပါးဖြင့် ဖြစ်ပေါ်ကြ၏။

ဘုတ်၊ မှင်စာ၊ တစ္ဆေ၊ အစိမ်း၊ သရဲ၊ ဘီလူးနှင့် ဘုမ္မဇိုဝ်းနတ်တို့သည် ဇလာဗုဇနှင့် ဥပပတ် ပဋိသန္ဓေ ၂-ပါးဖြင့် ဖြစ်ပေါ်ကြ၏။

အထက်နတ် ဗြဟ္မာတို့သည် ဥပပတ် ပဋိသန္ဓေ ၁-ပါးတည်းဖြင့် ဖြစ်ပေါ်ကြ၏။

သတ္တဝါတို့၏ သက်တမ်း
(၁) ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသည့် အပါယ်ဘုံသားများသည် သက်တမ်းမမြဲကြပါ။ မိမိတို့၏ကံများသာလျှင် သက်တမ်း အတိုင်းအတာ ဖြစ်ကြ၏။

(၂) ဇမ္ဗူဒီပါတောင်ကျွန်း လူတို့တွင်လည်း သက်တမ်းမမြဲကြပါ။ အသေင်္ချယျတမ်းမှသည် ၁၀-နှစ်တမ်း၊ ၁၀-နှစ်တမ်းမှသည် အသငေ်္ချယျတမ်းဟူ၍ ဆုတ်ချည် တက်ချည်ရှိ၏။

`ရှေ့ခုနှစ်ရာ၊ နောက်ငါးရာ၊ မြောက်မှာတစ်ထောင်မြဲ´ဟူသော စကားအရ အရှေ့ကျွန်းသားတို့တွင် သက်တမ်း ၇၀၀-နှစ်၊ အနောက်ကျွန်းသားတို့တွင် သက်တမ်း ၅၀၀-နှစ်၊ မြောက်ကျွန်းသားတို့တွင် သက်တမ်း ၁၀၀၀-နှစ်ဟူ၍ တည်မြဲကြပါသည်။

(၃) အောက်စတုမဟာရာဇ် နတ်များဖြစ်ကြသော ရုက္ခစိုဝ်း၊ အာကာသစိုဝ်း၊ ဘုမ္မစိုဝ်းနတ်တို့သည် လည်းကောင်း၊ ဘုတ်၊ မှင်စာ၊ တစ္ဆေ၊ သရဲ၊ အစိမ်းစသည့် ဘုမ္မသိတနတ်များသည် လည်းကောင်း သက်တမ်း မမြဲကြပ ါ။

(၄) အထက်အထက်သော နတ်များနှင့် ဗြဟ္မာတို့ကား သက်တမ်းမြဲကြ၏။

နတ်ဘုံ - အထက်စတုမဟာရာဇ်
ဆိုင်ရာနတ်နှစ် - ၅၀၀
လူတို့နှစ် - ၉,၀၀၀,၀၀၀

နတ်ဘုံ - တာဝတိ ံသာ
ဆိုင်ရာနတ်နှစ် - ၁၀၀၀
လူတို့နှစ် - ၃၆,၀၀၀,၀၀၀

နတ်ဘုံ - ယာမာ
ဆိုင်ရာနတ်နှစ် - ၂၀၀၀
လူတို့နှစ် - ၁၄၄,၀၀၀,၀၀၀

နတ်ဘုံ - တုသိတာ
ဆိုင်ရာနတ်နှစ် - ၄၀၀၀
လူတို့နှစ် - ၅၇၆,၀၀၀,၀၀၀

နတ်ဘုံ - နိမ္မာနရတိ
ဆိုင်ရာနတ်နှစ် - ၈၀၀၀
လူတို့နှစ် - ၂၃၀၄,၀၀၀,၀၀၀

နတ်ဘုံ - ပရနိမ္မိတဝသ၀တ္တိ
ဆိုင်ရာနတ်နှစ် -၁၆၀၀၀
လူတို့နှစ် - ၉၂၁၆,၀၀၀,၀၀၀

မှတ်ချက်။ ။ အထက်စတုမဟာရာဇ်နတ်တို့၏ ၁-ရက်တာသည် လူတို့၏ နှစ် ၅၀-နှင့် ညီမျှ၏။ ထို့ကြောင့် စတုမဟာရာဇ်နတ်တို့၏ နှစ် ၅၀၀သည် လူတို့၏ နှစ် ၉-သန်းနှင့် ညီမျှ၏။

တာဝတိ ံသာနတ်တို့၏ ၁-ရက်တာသည် လူတို့ှ၏ နှစ် ၁၀၀နှင့် ညီမျှ၏။ ထို့ကြောင့် တာဝတိ ံသာနတ်တို့၏ နှစ် ၁၀၀၀သည် လူတို့၏ နှစ် ၃၆-သန်းနှင့် ညီမျှ၏။ ထို့ကြောင့် တာဝတိ ံသာနတ်သက်သည် အထက် စတုမဟာရာဇ် နတ်သက်၏ ၄-ဆ ရှိ၏။

ယာမာနတ်တို့၏ သက်တမ်းမှာ နှစ် ၂၀၀၀ ရှိပြီး၊ ယာမာနတ်တို့၏ ၁-ရက်တာသည် လူတို့၏ နှစ် ၂၀၀နှင့် တူညီ၏။ ထို့ကြောင့် ယာမာနတ်သက်သည် တာဝတိ ံနတ်သက်၏ ၄-ဆနှင့် ညီ၏။

အထက်အထက်သော နတ်သက်တို့သည်လည်း အလားတူပင် ၄-ဆစီ မြင့်တက်သွားကြ၏။

ဗြဟ္မာတို့၏ သက်တမ်းများ
ဗြဟ္မာဘုံ - ပထမဈာန် ၃-ဘုံ
ဘုံအမည် - ဗြဟ္မပါရိသဇ္ဇာ, သက်တမ်း - ဝိဝဋ္ဋဌာယီ အသေငေ်္ချယျ ကပ်၏ ၁/၃၊
ဘုံအမည် - ဗြဟ္မာပုရောဟိတာ, သက်တမ်း - ဝိဝဋ္ဋဌာယီ အသေငေ်္ချယျ ကပ်၏ ၂/၃၊
ဘုံအမည် - မဟာဗြဟ္မာ, သက်တမ်း - ဝိဝဋ္ဋဌာယီ အသေငေ်္ချယျ ကပ်၏ ၁

ဗြဟ္မာဘုံ - ဒုတိယဈာန် ၃-ဘုံ
ဘုံအမည် - ပရိတ္တာဘာ, သက်တမ်း - ၂ ကမ္ဘာ
ဘုံအမည် - အပ္ပမာဏာဘာ, သက်တမ်း - ၄ ကမ္ဘာ
ဘုံအမည် - အာဘဿရာ, သက်တမ်း - ၈ ကမ္ဘာ

ဗြဟ္မာဘုံ - တတိယဈာန် ၃-ဘုံ
ဘုံအမည် - ပရိတ္တသုဘာ, သက်တမ်း - ၁၆ ကမ္ဘာ
ဘုံအမည် - အပ္ပမာဏသုဘာ, သက်တမ်း - ၃၂ ကမ္ဘာ
ဘုံအမည် - သုဘကိဏှာ, သက်တမ်း - ၆၄ ကမ္ဘာ

ဗြဟ္မာဘုံ - စတုတ္ထဈာန် ၇-ဘုံ
ဘုံအမည် - ဝေဟပ္ဖိုလ်, သက်တမ်း - ၅၀၀ ကမ္ဘာ
ဘုံအမည် - အသညသတ်, သက်တမ်း - ၅၀၀ ကမ္ဘာ
ဘုံအမည် - အဝိဟာ, သက်တမ်း - ၁၀၀၀ ကမ္ဘာ
ဘုံအမည် - အတပ္ပါ, သက်တမ်း - ၂၀၀၀ ကမ္ဘာ
ဘုံအမည် - သုဒဿာ, သက်တမ်း - ၄၀၀၀ ကမ္ဘာ
ဘုံအမည် - သုဒဿီ, သက်တမ်း - ၈၀၀၀ ကမ္ဘာ
ဘုံအမည် - အကနိဋ္ဌ, သက်တမ်း - ၁ ၆၀၀၀ ကမ္ဘာ

ဗြဟ္မာဘုံ - အရူပဗြဟ္မာ ၄-ဘုံ
ဘုံအမည် - အာကာသာနဉ္စာယတန, သက်တမ်း - ၂၀၀၀၀ ကမ္ဘာ
ဘုံအမည် - ဝိညာဏဉ္စာယတန, သက်တမ်း - ၄၀၀၀၀ ကမ္ဘာ
ဘုံအမည် - အာကိဉ္စညာယတန, သက်တမ်း - ၆၀၀၀၀ ကမ္ဘာ
ဘုံအမည် - နေဝသညာနသညာယတန, သက်တမ်း - ၈၄၀၀၀ ကမ္ဘာ
ကမ္ဘာပျက်ပုံ
မီးဖျက်၍ ကမ္ဘာပျက်သည့်အခါ ပထမဈာန် ၃-ဘုံအထိ ပျက်စီး၏။

မီး ၇-ကြိမ် ဖျက်ပြီးနောက် ၈-ကြိမ်မြောက်တွင် ရေဖျက်၍ ကမ္ဘာပျက်၏။ ထိုအခါ ဒုတိယဈာန် ၃-ဘုံအထိ ပျက်စီး၏။

ထိုသို့ မီး ၇-ကြိမ်၊ ရေ ၁-ကြိမ် အလှည့်အကြိမ်အတိုင်း ကမ္ဘာ ၆၃-ကြိမ်ပျက်ပြီးနောက် ၆ ၄-ကြိမ်မြောက်၌ လေဖျက်၍ ကမ္ဘာပျက်၏။ ထိုအခါ တတိယဈာန် ဘုံ ၃-ဘုံအထိ ပျက်စီး၏။

သတ္တဝါတိုင်းသည် အစမထင်သည့် သံသရာတွင် ကျင်လည်ခဲ့ကြရသဖြင့် မီး၊ ရေ၊ လေ ဖျက်ဆီး၍ ကမ္ဘာပျက်သည့်အခါ ထိုဘေးမှ လွတ်မြောက်ရန်အတွက် စတုတ္ထဈာန်ဘုံသို့ ရောက်ဖူးကြမည်ဟု ယုံကြည်ရ၏။

ကမ္မစတုက္က
ကိစ္စကမ္မစတုက္က = ပြုလုပ်မူကိစ္စ - ဇနကကံ
ပါကဒါနပရိယာယ = အကျိုးပေးသောအလှည့် - ဂရုကကံ
ပါကကာလ = အကျိုးပေးရာကာလ - ဒိဋ္ဌဓမ္မဝေဒနိယကံ
ပါကဌာနကမ္မစတုက္က = အကျိုးပေးရာဘုံဌာန - အကုသိုလ်ကံ

ကိစ္စကမ္မစတုက္က = ပြုလုပ်မူကိစ္စ - ဥပတ္ထမ္ဘကကံ
ပါကဒါနပရိယာယ = အကျိုးပေးသောအလှည့် - အာသန္နကံ
ပါကကာလ = အကျိုးပေးရာကာလ - ဥပပဇ္ဇဝေဒနိယကံ
ပါကဌာနကမ္မစတုက္က = အကျိုးပေးရာဘုံဌာန - ကာမကုသိုလ်ကံ

ကိစ္စကမ္မစတုက္က = ပြုလုပ်မူကိစ္စ - ဥပပီဠကကံ
ပါကဒါနပရိယာယ = အကျိုးပေးသောအလှည့် - အာစိဏ္ဏကံ
ပါကကာလ = အကျိုးပေးရာကာလ - အပရာပရိယဝေဒနိယကံ
ပါကဌာနကမ္မစတုက္က = အကျိုးပေးရာဘုံဌာန - ရူပါဝစရကုသိုလ်ကံ

ကိစ္စကမ္မစတုက္က = ပြုလုပ်မူကိစ္စ - ဥပဃာတကကံ
ပါကဒါနပရိယာယ = အကျိုးပေးသောအလှည့် - ကဋတ္တာကံ
ပါကကာလ = အကျိုးပေးရာကာလ - အဟောသိကံ
ပါကဌာနကမ္မစတုက္က = အကျိုးပေးရာဘုံဌာန - အရူပါဝစရကုသိုလ်ကံ

ကိစ္စကမ္မစတုက္က
ပြုလုပ်မူကိစ္စစွမ်းအားဖြင့် ကံ၄-မျိုးကွဲပြား၏။

(၁) ဇနကကံ = ပဋိသန္ဓေအကျိုးနှင့် ပဝတ္တိအကျိုးတို့ကို ကိုယ်တိုင် ဖြစ်စေတတ်သော ကံ(ပဋိသန္ဓေစိတ်ဥပါဒ်ခိုက်ကို ပဋိသန္ဓေကာလ၊ ပဋိသန္ဓေစိတ်ဌီမှ စုတိစိတ်တို့၏အကြားရှိ ကာလကို ပဝတ္တိကာလဟု ခေါ်၏။)
(၂) ဥပတ္ထမ္ဘကကံ = ဇနကကံကို အထောက်အပံ့ပြုသောကံ။

(၃) ဥပပီဠကကံ = ဇနကကံ၏အကျိုးကို အားနည်းအောင် ဖိနှိပ်တတ်သော ကံ။

(၄) ဥပဃာတကကံ = ဇနကကံအကျိုး ပေးထားသော ဝိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်အစဉ်ကို ဖြတ်ပြီး မိမိ၏ အကျိုးကို ပေးတတ်သောကံ။
ဝိပါက်နာမက္ခန္ဓာ = ကံ၏အကျိုးဖြစ်သော နာမ် ခန္ဓာ ၄-ပါး (ဝါ) ဝိပါက်စိတ်နှင့် စေတသိက်များ။
ကဋကတ္တာရုပ် = ကမ္မဇရုပ် (ကံကြောင့်ဖြစ်သော ရုပ်)နှင့် ဥတုဇရုပ် (ဥတုကြောင့်ဖြစ်သော ရုပ်)

ပါကဒါနပရိယာယ ကမ္မစတုက္က
အကျိုးပေးသော အလှည့်အကြိမ်အားဖြင့် ကံတို့ကို ၄-မျိုးခွဲခြားနိုင်၏။

(၁) ဂရုကကံ = စုတိပြီးအခြားမဲ့၌ အကျိုးပေးမြဲဖြစ်သော အလွန်အားကြီးသည့်ကံ။
(ပဉ္စာနန္တရိယကံ၊ နိယတမိစ္ဆာဒိဋ္ဌိ၊ မဟဂ္ဂုတ်ကုသိုလ်ကံနှင့် လောကုတ္တရာကုသိုလ်ကံ)

(၂) အာသန္နကံ = စုတေခါနီး လောလောဆယ်၌ ပြုအုပ်သော ကံ သို့မဟုတ် ရှေးကပြုခဲ့ပြီး၍ သေခါနီး၌ အောက်မေ့အပ်သော ကုသိုလ်၊ အကုသိုလ်ကံ။
(၃) အာစိဏ္ဏကံ = အမြဲမပြတ်လေ့လာ ပြုလုပ်အပ်သော ကုသိုလ်၊ အကုသိုလ်ကံ၊ တစ်ကြိမ်ပြုလုပ်ပြီးနောက် အမြဲမပြတ်ဆင်ခြင်အောက်မေ့ အပ်သောကံ။

(၄) ကဋတ္တာကံ = အထက်ပါကံ ၃-ပါးအဖြစ်သို့ မရောက်တတ်ဘဲ သာမန် ပြုလုပ်အပ်သောကံ။

ပါကကာလ ကမ္မစတုက္က
အကျိုးပေးရာကာလအားဖြင့် ကံတို့ကို ၄-မျိုးခွဲခြားနိုင်၏။

(၁) ဒိဋ္ဌဓမ္မဝေဒနိကကံ = မျက်မှောက်ဘဝ၌ အကျိုးပေးသော ပထမဇောစေတနာ။

(၂) ဥပပဇ္ဇဝေဒနိယကံ = အခြားမဲ့သော ဒုတိယဘဝ၌ အကျိုးပေးသော သတ္တမဇောစေတနာ။

(၃) အပရာပရိယဝေဒနိယကံ = မျက်မှောက်ဘဝနှင့် ဒုတိယဘဝတို့မှတစ်ပါး တတိယဘဝမှစ၍ အနာဂတ်နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးပေးတတ်သော အလယ်ဇော ၅-ချက် စေတနာ။
(၄) အဟောသိကံ = ဆိုင်ရာကာလအားလျော်စွာ အကျိုးပေးခွင့် မရကြသဖြင့် သုဉ်းသွားကြသော အထက်ပါ ကံ ၃-ပါး။

ပါကဌာန ကမ္မစတုက္က
အကျိုးပေးရာဘုံဌာန၏ အစွမ်းအားဖြင့် ကံ ၄-မျိုးကွဲပြား၏။

(၁) အကုသိုလ်ကံ = အပါယ် ၄-ဘုံ၌ ပဋိသန္ဓေနှင့် ပဝတ္တိအကျိုးတို့ကို ပေးသောကံ။

(၂) ကာမကုသိုလ်ကံ = ကာမသုဂတိ ၇-ဘုံ၌ ပဋိသန္ဓေနှင့် ပဝတ္တိအကျိုးတို့ကို ပေးသောကံ။

(၃) ရူပါဝစရကုသိုလ်ကံ = ရူပဗြဟ္မာ ၁၆-ဘုံ၌ ပဋိသန္ဓေနှင့် ပဝတ္တိအကျိုးတို့ကို ပေးသောကံ။
(၄) အရူပါဝစရကုသိုလ်ကံ = အရူပဗြဟ္မာ ၄-ဘုံ၌ ပဋိသန္ဓေနှင့် ပဝတ္တိအကျိုးတို့ကို ပေးသောကံ။

2 comments: