ကြောက်မက်ဖွယ် မီး (၁၁) မျိုး
•ရာဂ၊ ဒေါသ၊ မောဟ
•ဇာတိ၊ ဇရာ၊ မရဏ
•သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ
အထက်ပါမီး (၁၁) ပါးသည် ပကတိမီးအစစ်မဟုတ်သော်လည်း မီးကဲ့သို့လောင်စေတတ်သောကြောင့် လည်းကောင်း၊ ပကတိမီိးသည် မိမိ၏ ဖြစ်ပွားမှီနေရာ ထင်းကိုလောင်ကျွမ်းဖျက်စီးသကဲ့သို့ ရာဂစသော (၁၁) ပါးသော တရားတို့သည် မိမိ၏ ဖြစ်ပွားရာ သတ္တဝါတို့ကို လောင်ကျွမ်း ဖျက်ဆီးတတ်သောကြောင့်လည်ကောင်း၊ ပကတိမီးနှင့်တူ၍ မီးဟုခေါ်သည်။
ပကတိမီးထက်ပြင်း
ပကတိမီိးကိုရေဖြင့်ငြိမ်းသတ်နိုင်၏၊ ရာဂစသော (၁၁) ပါးသောမီးကို မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ သမုဒ္ဒရာလေးစင်းမှ ရေတွေနှင့် ပက်ဖြန်းသော်လည်း ငြိမ်းနှိုင်ဖွယ်ရာမရှိ၊ ၄င်းရေထဲမှာ ဆင်း၍စိမ်နေသော်လည်း မငြိမ်းနိုင်။
ရာဂစသော (၁၁) ပါးသောမီးလောင်၍ သေသဖြင့် အဝီစိငရဲသို့ ရောက်ခဲ့ရာ ထိုအဝီစိမီိးကလည်း ရာဂစသော (၁၁) မီးကို ပြာကျသွားအောင် မတတ်နိုင်ပေ။
သာဓက-(၁)
သီဟိုကျွန်း၌ ဘိက္ခူနီမငယ်တစ်ပါးသည် စိတ္တပဗ္ဗတကျောင်းတွင် ဥပုသ်ပြုဖို့ရန် ရောက်လာသောအခါ သိမ်တံခါးဝ၌ ထုလုပ်ထားသော လုလင်ပျို ရုပ်လုံးရုပ်ကြွကို တွေ့မြင်လိုက်ရာ တပ်မက်ချစ်ခင်သောရာဂစိတ်ဖြစ်၍ ရာဂမီး အသည်းနှလုံးကို လောင်ကျွမ်းကာ မတ်တတ်ရပ်လျက် သေသွားခဲ့ရသည်။
သာဓက -(၂)
သီဟိုကျွန်း ရွာတစ်ရွာတွင် ရဟန္တာဆရာတော်ကြီးတစ်ပါး ကျောင်းထိုင်၍ စာသင်သားတပည့်များကို စာသင်ပေးယင်း ဒကာ၊ ဒကာများအား တရားပြသကာ ပရိယတ်၊ ပဋိပတ် သာသနာ့ တာဝန်နှစ်ရပ်လုံးကို ထမ်းဆောင်ကာ သာသနာပြု၍ ချမ်းသာစွာ သီတင်းသုံးနေ၏။
မိုးဦးကျ၍ ဝါဆိုခါနီးအချိန်တွင် ရုပ်ချောချော ရဟန်းပျိုလေးတစ်ပါး ဆရာတော်ကြီး၏ ကျောင်းတွင် စာသင်ကြား၍ နေလိုပါကြောင်း လာရောက်လျောက်ထားလေသည်။ ဆရာတော်ကြီးသည် ထိုရဟန်းကလေးအား ဆင်ခြင်၍ ကြည့်လိုက်ရာ အသက်အန္တရာယ် ထိခိုက်မည်ကို မြင်သဖြင့် နေခွင့်မပြုပေ၊ သို့ရာတွင် ထိုရဟန်းပျိုမှ နေခွင့်ရလိုကြောင်း အကြိမ်ကြိမ်အဖန်ဖန် ထပ်မံ၍ လျောက်ထားလေသည်။ ဆရာတော်ကြီးမှ ထိုရဟန်တော်လေးအား ဝန်ခံကတိတစ်ခုကို လိုက်နာရန် မိန့်ကြားလေသည်။ထိုကတိမှာ - ထိုကျောင်း၌ စာသင်၍နေထိုင်စဉ် ရွာတွင်းသို့ မည်သည့်အခါမျှ မဝင်ရ ဟူ၍ဖြစ်သည်။
ရဟန်းပျိုသည်လည်း ဝန်ခံကတိစကားကို လေးစားစွာလိုက်နာလျက် စာပေတတ်မြောက်အောင်သင်ကြားလေသည်။ စာသင်၍ ပြီးဆုံးသောအခါ ထိုရဟန်းပျိုကလေးသည် ထိုကျောင်းမှထွက်ခွာခွင့်ပေးရန် ဆရာတော်ကြီးအား လျောက်ထား၍ကျောင်းတိုက်မှ ထွက်ခွာလာခဲ့ရာ ရွာတွင်းသို့ ဆွမ်းခံကြွလိုသော မိမိ၏ဆန္ဒအတိုင်း ဆွမ်းခံကြွဝင်လေ၏၊ စိတ်ထဲမှလည်းရွာတွင်းသို့ ဆွမ်းခံကြွသဖြင့် ဘာဖြစ်လာလိမ့်မည်လဲဟု တွေးနေမိသည်။ တစ်အိမ်ကျော်ဖြတ် တစ်အိမ်ရပ်ရင်း အစဉ်အတိုင်းဆွမ်းခံကြွလာရာ တစ်နေရာအရောက်တွင် “ဘုန်းဘုန်းဘုရား ရပ်တော်မူပါအုံးဘုရား”…ဟု အသံချိုချိုလေးတစ်သံ ရဟန်းပျိုလေး၏ နားထဲသို့တိုးဝင်လာ၏။ သွားနေသောခြေလှမ်းများလည်း အလိုလိုရပ်တန့်သွား၏။
ခဏအကြာတွင် နွှဲ့ နှောင်းသွယ်ပျောင်းသော ကိုယ်ဟန်အနေအထားဖြင့် အဝါရောင် ဝမ်းဆက်၊ အဝါရောင်တံဘက် ဆင်မြန်းထားသော ရွှေဝါမယ်ကလေးတစ်ဦးသည် ရဟန်းပျိုကလေးအား ဆွမ်းလောင်းရန် ချဉ်းကပ်လာ၏။ ထိုရွှေဝါမယ်ကလေးသည် ဆွမ်းလောင်ရင်း ရဟန်းပျိုကလေးအား စိုက်ကြည့်နေ၏။ ရဟန်းပျိုကလည်း ထိုရွှေဝါမယ်ကလေးအား စိုက်ကြည့်ပြန်၏။ နှစ်ဦးသား အကြည့်ချင်းဆုံကာ မခုန်စဖူး ရင်ခုန်နေကြ၏။ ခဏကြာမှ အသိတရားဖြင့် ထိန်းချုပ်ကာ မျက်နှာလွှဲ၍ ခွဲခွါခဲ့ကြ၏။
ထိုနှစ်ဦးတို့၏ နှလုံးသားထဲတွင် တစ်ဦး၏ ရုပ်ပုံလွှာကို တစ်ဦးက အလိုအလျှောက်သိမ်းဆည်းထားပြီးဖြစ်နေကြ၏။ ရဟန်းပျိုကလေးကား စာပေသမားပီပီ စွဲလန်းစိတ်ကို စာပေဖြင့်အစားထိုးကာ ဖြေသိမ့်နှိုင်ပေမယ့်၊ ရွှေဝါမယ်ကလေးကတော့ အစားထိုးစရာ မရှိ၍ ဆွမ်းလောင်းပြီးသည်နှင့်အိမ်ခန်းထဲဝင်ကာ မျက်ရည်ကိုအဖော်ပြုယင်းလွမ်းဆွေးနေ၏။ သမီး၏အရိပ်အကဲကို အလွန်နားလည်သော သူမ၏ မိခင်ကြီးသည် အခန်းထဲသို့ဝင်လာကာ သူမအားချော့၍ မေးလေ၏။
အကြောင်းစုံကိုသိရသောအခါ သူမ၏ဖခင်အား တိုက်တွန်းကာ ရဟန်းပျိုလေးအား လျှောက်ထားစေ၏။ ရဟန်းပျိုလေးသည် သာမန်တွေးကာ ခပ်ပေါ့ပေါ့ပင် လူမထွက်လိုပါကြောင်းနှင့် သင်္ကန်းဝတ်နှင့် တစ်သက်လုံးနေသွားရန် ဆုံးဖြတ်ချက်ချထားကြောင်း အခိုင်အမာ ပြောဆို၏။ အရှင်ဘုရားကိုမှမရလျှင် တပည့်တော်၏ သမီးလေးသည် ဆုံးပါးသွားနှိုင်ကြောင်းဖြင့် အကြိမ်ကြိမ်အဖန်ဖန် လျှောက်ထားတောင်းပန်၏။ ရဟန်းပျိုလေးကလည်း အခိုင်အမာ ငြင်းဆို၏။
ဤသို့ဖြင့် ကာလအတန်ကြာသောအချိန်တွင် ရဟန်းပျိုလေးသည် ခရီးသွားဦးဇင်းအိုကြီးတစ်ပါးနှင့် ကျောင်းတိုက်တစ်ခုတွင်ဆုံတွေ့ကြလေ၏။ ဦးဇင်းအိုကြီးသည် ရဟန်းပျိုအား အဝါရောင်ပိတ်စအပိုင်းတစ်ခုကို ပေးအပ်ကာ ရေစစ်ချုပ်ပေးရန် တောင်းပန်၏။ ရဟန်းပျိုက ရေစစ်ချုပ်ပေးယင်း အဝါရောင်ပိတ်စကို စိတ်ဝင်စားသဖြင့် မေးမိ၏။ ဤမည်သောရွာက အမျိုးသမီးငယ်တစ်ဦးသည် ရဟန်းပျိုလေးတစ်ပါးကို စွဲလန်းကာ သေဆုံးသွားရာမှ လှူဒါန်းလိုက်သော ပိတ်စဖြစ်ကြောင်းကြွေကွဲစရာဇာတ်လမ်းကို ပြောပြလေ၏။ အကြောင်းစုံသိရသောအခါ ထိုနေရာမှချက်ချင်းထသွားကာ ရွှေဝါမယ်ကလေးသေဆုံးရာ သုဿာန်မြေပုံတွင်ငိုကြွေးယင်း နှလုံးကွဲ၍ သေဆုံးသွားလေ၏ ။
ဤသာဓက (၂) မှာ ရာဂမီးလောင်၍ ပျက်စီးဆုံးရှုံးကြခြင်းဖြစ်သည်။
ပကတိမီးသည် ပြင်ပပစ္စည်းများကို လောင်ကျွမ်းရာတွင် ပြင်းထန်သလောက် တပ်မက်စိတ် ရာဂမီးသည် နည်းလျှင်နည်းသလောက် များလျှင်များသလောက် ကိုယ်တွင်းမှာ လောင်ကျွမ်း၍ ဒုက္ခရောက်ရ၏။ လောင်အားပြင်ထန်ပါက မခံမရပ်နှိုင်အောင်ဖြစ်လျက် အခုဘဝမှာပင် သေဆုံးပျက်စီးခြင်းသို့ရောက်ရ၏။
ပဒိုင်းသီးကိုကိုင်လျှင် ကိုင်သူကိုစူးရှစေ၏၊ နမ်းလျှင်နမ်းသူကိုမူးသွားစေ၏၊ စားလျှင်စားသူကိုရူးသွပ်စေ၏။
တပ်မက်မှု ရာဂ ကိလေသာသည်လည်း စိတ်ကူကြံစည်မိသည်နှင့် နှလုံးသားတွင်းသို့စူးဝင် ထိုးဆွ လောက်ကိုက်ခံရသည့်ခွေးနာလို မနေသာမထိုင်သာရှိ၏၊ အလွန်စိတ်ဝင်စား၍ စိတ်ကူးမိလျှင်ကား မိုးမမြင်လေမမြင် တွေဝေလိုက်စား အလွန်မိုက်မှားတတ်၏။ ရာဂအလိုဆိုး၏ စေခိုင်းသည့်အတိုင်း လုံးလုံးလျားလျား လိုက်စားသွားမိပါက သွပ်သွပ်ခါအောင် ရူးနှမ်း၍ အမှန်တရားကိုလုံးဝနားလည်မှုလွဲကာ လူမှုန်းမသိဖြစ်တတ်၏။
ဒေါသမီး
လမင်း၏ကျက်သရေကို မကြည့်လိုတဲ့အတွက် မစင်ကိုပါးစပ်နဲ့ငုံကာ အပေါ်သို့မော်၍ ထွေးသောသူသည် လမင်းကိုမထိ မိမိမျက်နှာကိုသာ ရစရာမရှိအောင် မစင်ထိသကဲ့သို့ ဒေါသသည် ဒေါသဖြစ်သူကိုယ်တိုင်ကို မီးလောင်သကဲ့သို့လောင်ကျွမ်းဖျက်ဆီးသည်။
ဒေါသဖြစ်ကြောင်းတရား (၉) ပါး
(က) မိမိကို အကြောင်းပြု၍ (၃) ပါး—–
၁။ ဤသူသည် ငါ၏အကျိုးစီးပွားကိုပျက်စီးအောင် ပြုလုပ်ဖူးသည်၊
၂။ ဤသူသည် ငါ၏အကျိုးစီးပွားကိုပျက်စီးအောင်ယခုလည်း ပြုလုပ်နေဆဲဖြစ်သည်၊
၃။ ဤသူသည် ငါ၏အကျိုးစီးပွားကို ပျက်စီးအောင်နောင်အခါလည်း ပြုလုပ်နေလိမ့်မည်။
(ခ) မိမိ၏ ချစ်ရသူကိုအကြောင်းပြု၍ (၃) ပါး —-
၁။ ဤသူသည်ငါ့ချစ်သူ၏ အကျိုးစီးပွားကိုပျက်စီးအောင် ပြုလုပ်ဖူးသည်၊
၂။ ဤသူသည် ငါ့ချစ်သူ၏ အကျိုးစီးပွားကိုပျက်စီးအောင်ယခုလည်း ပြုလုပ်နေဆဲဖြစ်သည်၊
၃။ ဤသူသည် ငါ့ချစ်သည်၏ အကျိုးစီးပွားကို ပျက်စီးအောင်နောင်လည်း ပြုလုပ်နေလိမ့်မည်။
(ဂ) မိမိ၏ ရန်သူကိုအကြောင်းပြု၍ (၃) ပါး —-
၁။ ဤသူသည်ငါ့ရန်သူ၏ အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ဖူးသည်၊
၂။ ဤသူသည်ငါ့ရန်သူ၏ အကျိုးစီးပွားကို တိုးတက်းအောင်ယခုလည်း ဆောင်ရွက်နေဆဲဖြစ်သည်၊
၃။ ဤသူသည်ငါ့ရန်သူ၏ အကျိုးစီးပွားကို တိုးတက်အောင် နောင်လည်းဆောင်ရွက်နေလိမ့်မည်။
မိမိအလိုမကျ၍ စိတ်မဆိုးသင့်သည်ကို စိတ်ဆိုးမှု (ဥပမာ-ခလုတ်တိုက်မိ၍၊ မိုးကြီး၍၊ နေပူ၍၊ ဒေါသဖြစ်ကာ ဆဲဆိုမှု) ကိုပါထည့်၍ ဒေါသဖြစ်စရာအကြောင်း (၁၀) မျိုးရှိသည်။
သာဓက–
သေရိဝါဏိဇ္ဇဇာတ်၌ ဒေဝဒတ်အလောင်း ရွဲကုန်သည်သည် ဘုရားအလောင်းတော်ရွဲကုန်သည်ကို စိတ်ဆိုး၍ ဒေါသမီးလောင်ကျွမ်းကာ သေပွဲဝင်ခဲ့ရသည်။
နတ်ဒေါသမီး – -
နတ်ပြည်၌ မနောပဒေါသိကနတ်များသည် ဒေါသဖြစ်လျှင် ဒေါသမီးလောင်ကျွမ်းကာ သေဆုံးကြယင်း ဗိမာန်ပါကွယ်ပျောက်ကြသည်။
မောဟမီး
နတ်ပြည်၌ မောဟဖိစီး အပျော်ကြီးကြသော နတ်များလည်းရှိသည်။ ထိုနတ်များသည် စားချိန်သောက်ချိန် သတိမထား ပျော်ပါးးမှုများကာ မေ့လျော့ကြသဖြင့် “ မောဟ မီး” လောင်ကျွမ်း၍ သေကြရသည်။
ဇာတိမီး
ဘဝစဖြစ်သည်နှင့် ဇာတိမီး စ၍လောင်တော့သည်။် လူ့ဘဝတွင် အမေ့ဝမ်းဗိုက်ထဲ၌ ကိုးလ ဆယ်လ နေခဲ့ရခြင်းသည် ဇာတိမီးလောင်ခံရသည်ကို ညွန်ပြနေခြင်းဖြစ်သည်။
ဇရာမီး
အရွယ်ကြီးရင့်၍ ဆံပင်ဖြူ၊ သွားကျိုး၊ ခါးကုန်း၊ အရေတွန့်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ မျောက်အိုနှင့်တူရခြင်းသည် ရင့်ရော်၍ ဇရာမီးလောင်ကျွမ်းခြင်းတည်း။
မရဏမီး
အိပ်ရာထဲလဲနေပြီးလျှင် မိမိကိုယ်တိုင် စောင်းခြင်း လှဲခြင်း မပြုနိုင်လောက်အောင် အားအင်များကုန်ခန်းသဖြင့် သတိမရတစ်ချက် ရတစ်ချက်နှင့် အိပ်ရာဖျာကပ် ဒုက္ခဖြစ်လျက်၊ ထွက်သက်ဝင်သက်ပြတ်စဲကာ သားသမီးကိုစွန့် မိဘဆွေမျိုးကိုစွန့် တစ်သက်လုံးရှာဖွေစုဆောင်းလာခဲ့သော ဓနငွေကြေးကို စွန့်၍ သေဆုံးရခြင်းသည် မရဏမီးလောင်ခံရခြင်းသဘောတည်း။
သောကမီး
သေခါနီးကာလ သားသမီးဆွေမျိုး ဓနငွေးကြေးများကို အပြီးစွန့်ရမည်ဖြစ်၍ အထီးကျန်တစ်ကောင်ကြွက် သေဆုံးရမည့်ဘေးကို တွေးကြောက်ကာ ကြီးစွာသော စိုးရိမ်မှု နှလုံးအိမ်အတွင်း၌ တအုံးနွေးနွေး အတွင်းပူဆွေးခြင်းသောကမီး။
ပရိဒေဝမီး
မျက်ရည်ကျ၍ ငိုကြွေးရခြင်း။
ဒုက္ခမီး
ကိုယ်ဆင်းရဲရခြင်း ။
ဒေါမနဿမီး
စိတ်ဆင်းရဲရခြင်း။
ဥပါယာသမီး
ပူဆွေးရသဖြင့် အသည်းနှလုံး ပွင့်ကွဲမတတ် ပြင်းပြင်းထန်ထန် နှလုံးသားအတွင်း လောင်ကျွမ်းရခြင်းသဘောတည်း။
သာဓက—
ငါးရာ့ငါးဆယ်ဇာတ်တော်တွင် ဘုးရားအလောင်းတော်၏ မိခင်ဘီလူးမသည် လင်နှင့်သားက မိမိကို စွန့်ခွာကာ ထွက်သွားသည်ကို မြစ်ချောင်းတစ်ဖက်ကမ်းမှ မြင်ရ၍ သောကစသော မီးလောင်ကျွမ်းကာ သေခဲ့ရသည်။
ဓမ္မပါလဇာတ်တော်၌လည်း ဘုရားအလောင်းတော်၏ မိခင်စန္ဒာဒေဝီမိဖုရားကြီးသည် သားတော်ကလေး ဘုရားအလောင်းတော် သေသည်ကိုမြင်သဖြင့် ဝါးရုံတောကိုမီးလောင်သကဲ့သို့ သောကစသောမီးလောင်ကာ သေခဲ့ရသည်။
ဘူရိဒတ်ဇာတ်တော်လာ နတ်မိဘုရားလေးဦးတို့မေးကြသော ပုစ္ဆာ(၁၆) ချက်
နတ်ပြည်ကိုအစိုးရသော နတ်တို့၏ အရှင်သိကြားမင်းသည် နတ်မိဖုရားလေးယောက်မေးသော မေးခွန်း(၁၆) ချက်ကို သူနှင့်တကွ နတ်ပြည်ရှိနတ်များအားလုံး မဖြေဆိုနိုင်သဖြင့် နှလုံးမသာယာ ဖြစ်ကာ ဖြေဆိုနိုင်မည့်သူကို ရှာဖွေနေခဲ့သည်။ တစ်နေ့တွင် အလောင်းတော် ဘူရိဒတ်နဂါးမင်းသည် သူ၏ခမည်းတော် ဓတရဋ္ဌနဂါးမင်းနှင့်အတူ ဆည်းကပ်ခစားရန် သိကြားမင်းထံသို့ လာသောအခါ သိကြားမင်းက အလောင်းတော်အား ပြဿနာ(၁၆)ချက်ကို ဖြေဆိုနိုင်မလားဟု မေးလေသည်။ တာဝန်ယူဖြေရှင်းပေးနိုင်ကြောင်း လျှောက်ထားသဖြင့် ဘုရားအလောင်တော်ကို ရတနာပလ္လင်ထက်၌ နေစေကာ သုဓမ္မာနတ်မိဖုရား၏မေးခွန်းကို ပထမဦးစွာ မေးလေသည်။
သုဓမ္မာနတ်မိဖုရား မေးခွန်း (၄) ချက်
မေး။ (၁) – ချစ်သားဒတ္တ မရိတ်ပဲနှင့် ပြတ်သည့်အရာကားအဘယ်နည်း။
ဖြေ။ အရဟတ္တမဂ်ဥာဏ်သည် ကိလေသာများကို တစ်ခုမကျန် ဖြတ်တောက်နှိုင်၍ မရိတ်ပဲနှင့် ပြတ်သည်နှင့်တူပါသည်။
မေး။ (၂)- ဆောက်တူလည်းမဟုတ် မရိုက်မထုပဲ ကွဲသည့်အရာကား အဘယ်နည်း။
ဖြေ။ အဂတိလေးပါးမလိုက်စားပဲ ဥပဒေတရားနှင့်အညီ တရားဆုံးဖြတ်မှုဖြစ်သည်။
မေး။ (၃) ရေမဟုတ်ပဲဆူ၍ မီးမဟုတ်ပဲပူသည့်အရာကားအဘယ်နည်း။
ဖြေ။ မီး(၁၁) ဖြစ်သည်။
မေး။ (၄) မစိုက်မပျိုးရပဲ သီးပွင့်သောအရာကား အဘယ်နည်း။
ဖြေ။ ဘုရား၊ ပစ္စေကဗုဒ္ဓါ သာဝကတို့၏ပါရမီကား ဖြည့်ကျင့်သဖြင့် အထွဋ်အထိပ်သို့ ရောက်လျှင် မဂ်ရေစင်ဖြန်းလိုက်သည်နှင့် သစ္စာလေးပါး အသီးအပွင့် ပွင့်ဖူးရသည်။
သုဇာတာနတ်မိဖုရား မေးခွန်း(၄) ချက်
မေး။(၁) ချစ်သားဒတ္တ – လေမဟုတ်ပဲ ကြာဝက်ဆံရနံ့ကို ဘုံသုံးပါးသို့ တိုက်ခတ်ဆောင်ယူနိုင်သည့်အရာကား အဘယ်နည်း။
ဖြေ။ ဒါန၊ သီလ၊ ဘာဝနာတို့ဖြစ်သည်။
မေး။ (၂) လွင်ပြင်မဟုတ်ပဲ အတိုင်းအဆမရှိ ကျယ်ပြန့်သည့် မြို့ရပ်ရွာကား အဘယ်နည်း။
ဖြေ။ နိဗ္ဗာန်ဖြစ်သည်။ (နိဗ္ဗာန်သည် ဘုရားအဆူဆူနှင့် မရေမတွက်နိုင်သော တပည့်သာဝက အသီးသီးတို့ ဝင်စံကြွရောက်စေကာမူ ပြည့်သွားသည်ဟူ၍မရှိ။)
မေး။ (၃) တောတောင်၊ ခြံစည်းရိုးတံတိုင်း အကာအရံမရှိပဲ လုံခြုံသည့်မြို့ရွာကား အဘယ်နည်း။
ဖြေ။ သူတော်ကောင်းတရားရှိသောသူသည် ရောက်ရာအရပ်၌ ရန်သူမရှိသဖြင့် အေးငြိမ်းချမ်းသာစွာနေထိုင်ရသည်။
မေး။(၄) ရေမဟုတ်ပဲချေးညှော် အညစ်အကြေးတို့ကို ဆေးနှိုင်သည်ကား အဘယ်နည်း။
ဖြေ။ မဂ်လေးပါးဖြစ်သည်။
သုစိတ္တာနတ်မိဖုရား မေးခွန်း (၄) ချက်
မေး။ ( ၁) ချစ်သားဒတ္တ ညဥ့်မဟုတ်ပဲ မှောင်မိုက်နေသည့်အရာသည် အဘယ်နည်း။
ဖြေ။ မောဟအုပ်စိုးနေသော လူမိုက်ကြီးကိုဆိုသည်။ (ပကတိအမိုက်မှောင်ထက် မောဟအမိုက်အမှောင်ကပို၍ မှောင်သည်။ လောကအမှောင်လေးမျိုးရှိသည် လကွယ်နေ့ဖြစ်ခြင်း၊ သန်းခေါင်ယံအချိန်ဖြစ်ခြင်း၊ တောအုပ်ကြီးအတွင်းဖြစ်နေခြင်း၊ မိုးသားတိမ်တိုက်များဖုံးအုပ်နေခြင်း ဤအင်္ဂါလေးပါးနှင့်ပြည့်စုံသော အမိုက်မှောင်သည် အလွန်သိပ်သည်းလှသော အမှောင်ဖြစ်သည်။ ထိုအင်္ဂါလေးပါးအမှောင်ထက် အကြောင်းအကျိုး၊ အကောင်းအဆိုးနှင့် သစ္စာလေးပါး အမှန်တရားကိုမသိသော အဝိဇ္ဇာဖြစ်သည့် မောဟက ပို၍မှောင်သည်။ လောကအမှောင်က အပါယ်ကိုမကျစေနိုင်၊ ကုသိုလ်အကုသိုလ်ကို ခွဲခြားမသိနိုင်သော မောဟအမှောင်ကြောင့် အကုသိုလ်ဒုစရိုက်ကို ပြုရဲသဖြင့် ငရဲကျ၍ ဒုက္ခခံရသည်။ ငရဲမှလွတ်လာပြန်သောအခါ ပြိတ္တာ၊အသူရကာယ်၊ ခွေး၊ နွား၊ ကြက်၊ ဝက်၊ ငှက်၊ တိရိစ္ဆာန်ဘဝ ဖြစ်ရကာ အပါယ်လေးပါး၌ ဒုက္ခများကို ပြောင်းလဲခံစားရန် မိမိကပင် မောဟဖုံးလွမ်းသဖြင့် အကုသိုလ်ကို ကြိုးစား၍ စုဆောင်းခဲ့သောကြောင့် ထိုလူမိုက်ကိုသာ ဆိုးဝါးသော အမိုက်တိုက်ဟုဆိုရမည်ဖြစ်သည်။)
မေး။ (၂) မချက်မပြုတ်ရပဲ ပကတိမီးထက်ပူသည့်အရာသည် အဘယ်နည်း။
ဖြေ။ လောဘရမက်အားကြီးသဖြင့် အရာရာတိုင်း၌ စိုးရိမ်အားကြီးသောသူဖြစ်သည်။
မေး။ (၃) မတက်ပဲနှင့်မြင့်သည့်အရာကား အဘယ်နည်း။
ဖြေ။ မာနဖြစ်သည်။
မေး (၄) နေလမဟုတ်ပဲ နေရောင်လရောင်ထက် လင်းသည့်အရာသည် အဘယ်နည်း။
ဖြေ။ ကောင်းမှုကံနှင်ပြည့်စုံသောပညာရှိသည် နိဗ္ဗာန်အထိ လင်းနိုင်သည်။
သုနန္ဒာနတ်မိဖုရား မေးခွန်း (၄) ချက်
မေး။ (၁) ချစ်သားဒတ္တ- ကျား ဘီလူးမဟုတ်ပဲ အသားအသွေးကိုစားသည့်အရာသည် အဘယ်နည်း။
ဖြေ။ ဇရာ၊ မရဏ တို့ဖြစ်သည်။
မေး။ (၂) မိဘနှစ်ပါး မစပ်ယှက်ပါပဲ သားသမီးအစဉ်အဆက် ပေါက်ဖွားလာခြင်းအရာသည် အဘယ်နည်း။
ဖြေ။ ကုသိုလ်ကံ အကုသိုလ်ကံ နှစ်ပါးဖြစ်သည် ။
မေး။(၃) ခိုးသူမဟုတ်ပဲ ညဥ့် နေ့ နှစ်ပါးကို ခိုးယူစားတတ်သည့်အရာကား အဘယ်နည်း။
ဖြေ။ ဇရာ၊ ဗျာဓိ၊ မရဏတို့ဖြစ်သည်။ (ခိုးသူကို လက်နက်အား၊ ပစ္စည်းအား၊ စွမ်းရည်အား၊ သတ္တိအားနှင့် တားဆီး၍ရသည် ဇရာ၊ ဗျာဓိ၊ မရဏကိုကား ထိုအရာတို့ဖြင့်တားဆီး၍မရနိုင်ပါ။)
မေး။ (၄) လေမုန်တိုင်းမဟုတ်ပဲ သစ်ပင်၊ တိုက်တာ၊ အိုးအိမ် စသည်တို့ကို ချိုးဖျက်တတ်သည်ကား အဘယ်အရာနည်း။
ဖြေ။ ဇရာ၊ ဗျာဓိ၊ မရဏတို့ဖြစ်သည်။
ထိုကဲ့သို့ဖြေကြားလေသောအခါ နတ်အပေါင်းတို့က ကောင်းချီးနုမော် သာဓုခေါ်ကြပြီးလျှင် ရတနာခုနစ်ပါးတို့ဖြင့် ပူဇော်ကြလေ၏။
သိကြားမင်းကြီးက-ခက်ခဲ နက်နဲ သိမ်မွေ့ နူးညံ့လှသည့် မေးခွန်း(၁၆) ချက်ကို ကွက်ကွက်ကွင်းကွင်း ဖြေဆိုနိုင်၍ “မြေကြီးအထုနှင့်တူသော ပညာရှိ၏” ဟု ကောင်းချီးပေးပြီးလျှင် ဒတ္တအား ငယ်နာမည်ရှေ့မှ “ဘူရိ” ဂုဏ်ပုဒ်ကိုထည့်သွင်းလျက် ဘူရိ-ဒတ္တ ဘွဲ့တံဆိပ်ခပ်နှိပ်ကာ ချီးမြှောက်လေတော့သတည်း။
——- သစ္စာပါရမီဓမ္မရာဇာ မှ ကူးယူ တင်ပြပါသည်။ ———
သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာရှိပါစေ။