Search This Blog

Sunday, May 3, 2020

အခန်း(၃) ပကိဏ်းပိုင်း

 အခန်း(၃) ပကိဏ်းပိုင်း

ရုပ် - နာမ် ဆက်သွယ်မူ

ဤအပိုင်း၌ ရုပ်တရားများဖြစ်ကြသော အာရုံ၊ ဒွါရ၊ ဝတ္ထုတို့နှင့် နာမ်တရားများဖြစ်ကြသည့် ဝေဒနာ၊ ဟိတ်၊ စိတ်တို့၏ အမူကိစ္စများကို ဆက်စပ်ရောပြွမ်း၍ ဖော်ပြမည် ဖြစ်၏။

ဝေဒနာသင်္ဂဟ
(ဝေဒနာ အမျိုးအစားအလိုက် စိတ်၊ စေတသိက်များကို စုံရုံးတင်ပြခြင်း)

(က) အာရမ္မဏနုဘဝနည်း - အာရုံကိုလိုက်၍ ဝေဒနာ ၃-မျိုး ကွဲပြား၏။
၁။ သုခဝေဒနာ = အလိုရှိအပ်၊ ကောင်းမြတ်သောအာရုံ (ဣဋ္ဌာရုံ)နှင့် ဆုံတွေ့သည့်အခါ ချမ်းသာသော ခံစားမူ၊
၂။ ဒုက္ခဝေဒနာ = အလိုမရှိအပ်၊ မကောင်းမြတ်သောအာရုံ (အနိဋ္ဌာနရုံ)နှင့် ဆုံတွေ့သည့်အခါ ဆင်းရဲသော ခံစားမူ၊
၃။ ဥပေက္ခာဝေဒနာ = မကောင်းမဆိုး၊ အလယ်အလတ် ရိုးရိုးဖြစ်သောအာရုံ (ဣဋ္ဌမဇ္ဈတ္တာရုံ)နှင့် ဆုံတွေ့သည့်အခါ ချမ်းသာသည်လည်း မဟုတ်၊ ဆင်းရဲသည်လည်း မဟုတ်၊ လျစ်လျူရူသောအနေဖြင့် ခံစားမူ၊

(ခ) ဣန္ဒြိယဘေဒနည်း - ဣနြေ္ဒဟောစဉ်ကိုလိုက်၍ ဝေဒနာ ၅-မျိုးကွဲပြား၏။
၁။ သောမနဿဝေဒနာ = စိတ်၌ဖြစ်သော ချမ်းသာခြင်းသဘော၊
၂။ ဒေါမနဿဝေဒနာ = စိတ်၌ဖြစ်သော ဆင်းရဲခြင်းသဘော၊
၃။ သုခဝေဒနာ = ကိုယ်၌ဖြစ်သော ချမ်းသာခြင်းသဘော၊
၄။ ဒုက္ခဝေဒနာ = ကိုယ်၌ဖြစ်သော ဆင်းရဲခြင်းသဘော၊
၅။ ဥပေက္ခာဝေဒနာ = ချမ်းသာသည်လည်း မဟုတ်၊ ဆင်းရဲသည်လည်း မဟုတ်၊ အလယ်အလတ်ဖြစ်သော ခံစားခြင်းသဘော။

(ဂ) ဝေဒနာအသီးသီးနှင့် ယှဉ်သောစိတ်များ
၁။ သုခဝေဒနာသည် အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ် ၁-ပါး၌ ယှဉ်၏။
၂။ ဒုက္ခဝေဒနာသည် အကုသလ်ဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် ၁-ပါး၌ ယှဉ်၏။
၃။ ဒေါမနဿဝေဒနာသည် ဒေါသမူစိတ် ၂-ပါး၌ ယှဉ်၏။
၄။ သောမနဿ ဝေဒနာသည် ကာမသောမနဿစိတ် ၁၈-ပါး၊ မဟဂ္ဂုတ် သောမနဿသစိတ် ၁၂-ပါး၊ လောကုတ္တရာသောမနဿစိတ် ၃၂-ပါး ဟူသော စိတ် ၆၂-ပါးတို့၌ ယှဉ်၏။
၅။ ဥပေက္ခာဝေဒနာသည် ကာမဥပေက္ခာစိတ် ၃၂-ပါး၊ မဟဂ္ဂုတ် ဥပေက္ခာစိတ် ၁၅-ပါး၊ လောကုတ္တရာ ဥပေက္ခာစိတ် ၈-ပါးဟူသော စိတ် ၅၅-ပါးတို့၌ ယှဉ်၏။

ဟေတုသင်္ဂဟ
(ဟိတ် ၆-ပါးကို မူတည်၍ စိတ် စေတသိက်များကို စုရုံးတင်ပြခြင်း)
(က) အကုသိုလ်ဟိတ် ၃-ပါး = လောဘ၊ ဒေါသ၊ မောဟ၊
ကုသိုလ်ဟိတ် ၃-ပါး = အလောဘ၊ အဒေါသ၊ အမောဟ၊
အဗျာကတဟိတ် ၃-ပါး = အလောဘ၊ အဒေါသ၊ အမောဟ။ (အဗျာကတ = ဝိပါက် + ကြိယာ)

(ခ) အဟိတ်စိတ် ၁၈-ပါး = အကုသလသိပါက် ၇ + အဟိတ်ကုသလဝိပါက် ၈ + အဟိတ်ကြိယာ ၃။
သဟိတ်စိတ် ၇၁-ပါး = စိတ်အကျဉ်း ၈၉-အဟိတ်စိတ် ၁၈။
ဧကဟိတ်စိတ် ၂-ပါး = မောဟမူဒွေ (မောဟဟိတ် ၁-ပါးသာ ယှဉ်၏။)
ဒွိဟိတ်စိတ် ၂၂-ပါး = လောဘမူစိတ် ၈-ပါး (လောဘနှင့် မောဟယှဉ်၏) + ဒေါသမူစိတ် ၂-ပါး (ဒေါသနှင့် မောဟ ယှဉ်၏) + ကာမသောဘဏ ဉာဏဝိပ္ပယုတ်စိတ် ၁၂-ပါး (အလောဘနှင့် အဒေါသဟိတ် ၂-ပါး ယှဉ်၏)
တိဟိတ်စိတ် ၄၇-ပါး = ကာမသောဘဏ ဉာဏသမ္ပယုတ်စိတ် ၁၂-ပါး၊ မဟဂ္ဂုတ်စိတ် ၂၇-ပါး၊ လောကုတ္တရာစိတ်အကျဉ်း ၈-ပါး (ဤစိတ်တို့၌ အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် ၃-ပါး ယှဉ်ကြ၏။)

ကိစ္စသင်္ဂဟ
(စိတ် စေတသိက်တို့၏ ပြုဖွယ်အမူကိစ္စအပေါ် မူတည်၍ စိတ် စေတသိက်တို့ကို ပေါင်းစုယူခြင်း)

၁။ ပဋိသန္ဓေကိစ္စ = ဘဝဟောင်းနှင့် ဘဝသစ်ကို စပ်ပေးခြင်းကိစ္စ။
၂။ ဘဝင်ကိစ္စ = လက်ရှိ ဘဝ၌ ဖြစ်နေသော ခန္ဓာအစဉ်ကို အသက်ထက်ဆုံး မပြတ်မလပ်ရအောင် ဖြစ်စေခြင်းကိစ္စ။
၃။ အာဝဇ္ဇန်းကိစ္စ = အာရုံကို နှလုံးသွင်း ဆင်ခြင်ခြင်းကိစ္စ။

၄။ ဒဿနကိစ္စ = မြင်ခြင်းကိစ္စ။
၅။ သဝနကိစ္စ = ကြားခြင်းကိစ္စ။
၆။ ဃာယနကိစ္စ = နံခြင်းကိစ္စ။
၇။ သာယနကိစ္စ = အရသာကို သိခြင်းကိစ္စ။
၈။ ဖုသနကိစ္စ = အထိအတွ့ သိခြင်းကိစ္စ။
၉။ သမ္ပဋိစ္ဆိုန်းကိစ္စ = အာရုံကို လက်ခံထိန်းသိမ်းခြင်းကိစ္စ။
၁၀။ သန္တီရဏကိစ္စ = အာရုံကို စုံစမ်းခြင်းကိစ္စ။
၁၁။ ဝုေဋ္ဌာကိစ္စ = အာရုံကို ဆုံးဖြတ်ခြင်းကိစ္စ။
၁၂။ ဇောကိစ္စ = အာရုံ၏ အရသာကို ခံစားခြင်းကိစ္စ။
၁၃။ တဒါရုံကိစ္စ = ဇောအဟုန်၏နောက်သို့ လိုက်ကာ ဇောယူပြီးသော အာရုံကို ဆက်ယူခြင်းကိစ္စ။
၁၄။ စုတိကိစ္စ = ဖြစ်ဆဲ ပစ္စုပန်ဘဝ၏ ချုပ်ဆုံး သေလွန်ခြင်းကိစ္စ။

ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စတို့ကို ဆောင်ရွက်ကြသော စိတ်များသည် တူညီကြ၏။ သန္တီရဏ ၂ + မဟာဝိပါက် ၈ + မဟဂ္ဂုတ်ဝိပါက် ၉ တို့ ဖြစ်ကြ၏။ ဤစိတ် ၁၉-ပါးကို ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်ဟူ၍လည်း ခေါ်ဆိုကြ၏။ ဇောစိတ် ၅၅-ပါးကို `ကုကုကြိဖိုလ်´ ဆောင်ပုဒ်ဖြင့် မှတ်ပါ။ ထိုဇောတို့တွင် -

ကာမဇော ၂၉ = အကုသိုလ် ၁၂ + မဟာကုသိုလ် ၈ + မဟာကြိယာ ၈ + ဟသိတုပ္ပါဒ် ၁
အပ္ပနာဇော ၂၆ = မဟဂ္ဂုတ်ကုသိုလ် ၉ + မဟဂ္ဂုတ်ကြိယာ ၉ + မဂ် ၄ + ဖိုလ် ၄

ကိစ္စဆောင်ရွက်သည့်စိတ်များ
၁။ ပဋိသန္ဓေကိစ္စတပ်သောစိတ် ၁၉-ပါးရှိ၏။ ဥပေက္ခာသန္တီရဏစိတ် ၂-ပါး၊ မဟာဝိပါက်စိတ် ၈-ပါးနှင့် မဟဂ္ဂုတ်ဝိပါက် ၉-ပါးတို့ ဖြစ်ကြ၏။
၂။ ဘဝင်ကိစ္စတပ်သောစိတ် ၁၉-ပါးရှိ၏။ အထက်ပါစိတ် ၁၉-ပါး ပင်တည်း။
၃။ အာဝဇ္ဇန်းကိစ္စတပ်သောစိတ် ၂-ပါးရှိ၏။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် မနောဒွါရာဝဇ္ဇန်းတို့ ဖြစ်ကြ၏။
၄။ ဒဿနကိစ္စတပ်သောစိတ် ၂-ပါးရှိ၏။ စက္ခုဝိညာဏ်ဒွေ ဖြစ်၏။
၅။ သဝနကိစ္စတပ်သောစိတ် ၂-ပါးရှိ၏။ သောတဝိညာဏ်ဒွေ ဖြစ်၏။
၆။ ဃာယနကိစ္စတပ်သောစိတ် ၂-ပါးရှိ၏။ ဃာနဝိညာဏ်ဒွေ ဖြစ်၏။
၇။ သာယနကိစ္စတပ်သောစိတ် ၂-ပါးရှိ၏။ ဇိဝှာဝိညာဏ်ဒွေ ဖြစ်၏။
၈။ ဖုသနကိစ္စတပ်သောစိတ် ၂-ပါးရှိ၏။ ကာယဝိညာဏ်ဒွေ ဖြစ်၏။
၉။ သမ္ပဋိစ္ဆိုန်းကိစ္စတပ်သောစိတ် ၂-ပါးရှိ၏။ သမ္ပဋိစ္ဆိုန်းဒွေး ဖြစ်၏။
၁၀။ သန္တီရဏကိစ္စတပ်သောစိတ် ၃-ပါးရှိ၏။ သန္တီရဏစိတ် ၃-ပါး ဖြစ်ကြ၏။
၁၁။ ဝုေဋ္ဌာကိစ္စတပ်သောစိတ် ၁-ပါးရှိ၏။ မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်၏။
၁၂။ ဇောကိစ္စတပ်သောစိတ် ၅၅-ပါးရှိ၏။ အကုသိုလ်စိတ် ၁၂-ပါး၊ ကုသိုလ်စိတ် ၂၁-ပါး၊ ဖိုလ်စိတ် ၄-ပါး၊ အာဝဇ္ဇန်းဒွေကြဉ်သော ကြိယာစိတ် ၁၈-ပါးတို့ ဖြစ်ကြ၏။
၁၃။ တဒါရုံကိစ္စတပ်သောစိတ် ၁၁-ပါးရှိ၏။ မဟာဝိပါက်စိတ် ၈-ပါးနှင့် သန္တီရဏစိတ် ၃-ပါးတို့ ဖြစ်ကြ၏။
၁၄။ စုတိကိစ္စတပ်သောစိတ် ၁၉-ပါးရှိ၏။ ဥပေက္ခာသန္တီရဏစိတ် ၂-ပါး၊ မဟာဝိပါက်စိတ် ၈-ပါးနှင့် မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါးတို့ ဖြစ်ကြ၏။

ကိစ္စဆောင်ရွက်ရန် ဌာနများ
လူတို့၏ အမူလုပ်ငန်းကို `ကိစ္စ´ဟုခေါ်၍ ထိုလုပ်ငန်းပြုလုပ်ရာ အလုပ်ရုံကို `ဌာန´ဟု ခေါ်ဆိုသကဲ့သို့ စိတ်တို့၏ အမူလုပ်ငန်းကို `ကိစ္စ´ဟု ခေါ်ပြီး ထိုကိစ္စပြုလုပ်ရာ စိတ်ဒြပ်ကို `ဌာန´ဟု ခေါ်၏။
၁။ ပဋိသန္ဓေဌာန = ပဋိသန္ဓေကိစ္စပြုလုပ်ရာ ပဋိသန္ဓေစိတ် ၁၉-ပါး၊
၂။ ဘဝင်ဌာန = ဘဝင်ကိစ္စကိုဆောင်ရွက်ရာ ဘဝင်စိတ် ၁၉-ပါး၊
၃။ အာဝဇ္ဇန်းဌာန = အာဝဇ္ဇန်းကိစ္စကို ဆောင်ရွက်ရာ အာဝဇ္ဇန်းဒွေ၊
၄။ ပဉ္စဝိညာဏ်ဌာန = ဒဿနကိစ္စ၊ သဝနကိစ္စ၊ ဃာယနကိစ္စ၊ သာယနကိစ္စ၊ ဖုသနကိစ္စတို့ကို ဆောင်ရွက်ရာ ဒွေပဉ္စ ဝိညာစ် ၁၀-ပါး၊
၅။ သမ္ပဋိစ္ဆိုန်းဌာန = သမ္ပဋိစိ္ဆုန်းကိစ္စကိုပြုလုပ်ရာ သမ္ပဋိစ္ဆိုန်းဒွေ၊
၆။ သန္တီရဏဌာန = သန္တီရဏကိစ္စကိုပြုလုပ်ရာ သန္တီရဏစိတ် ၃-ပါး၊
၇။ ဝုေဋ္ဌာဌာန = ဝုေဋ္ဌာကိစ္စကို ဆောင်ရွက်ရာ မနောဒွါရာဝဇ္ဇန်းစိတ်၊
၈။ ဇောဌာန = ဇောကိစ္စကို ဆောင်ရွက်ရာ ဇောစိတ် ၅၅-ပါး၊
၉။ တဒါရုံဌာန = တဒါရုံကိစ္စကို ဆောင်ရွက်ရာ တဒါရုံစိတ် ၁၁-ပါး၊
၁၀။ စုတိဌာန = စုတိကိစ္စကို ဆောင်ရွက်ရာ စုတိစိတ် ၁၉-ပါး၊

မှတ်ချက်။ ။ ပဉ္စဝိညာဏ်ဌာနတွင် ဒဿနကိစ္စ၊ သဝနကိစ္စ၊ ဃာယနကိစ္စ၊ ဖုသနကိစ္စတို့ကို လိုအပ်သလို အလှည့်ကျ ဆောင်ရွက်သွားသဖြင့် ဌာနအရေအတွက်သည် ကိစ္စအရေအတွက်ထက် ၄-ခုလျော့နည်း၏။

ကိစ္စနှင့် ဌာနတပ်သောစိတ်များ
၁။ ကိစ္စ ၁-ပါး၊ ဌာန ၁-ခုအဖြစ် ဆောင်ရွက်ကြသောစိတ် (၁-ကိစ္စ၊ ၁-ဌာနတပ်သောစိတ်) ၆၈-ပါး = ဒွေပဉ္စဝိညာဏ် ၁၀ + မနောဓာတ် ၃ + ဇောစိတ် ၅၅။
(မနောဓာတ် ၃-ပါး = ပဉ္စဒွါရာဝဇ္ဇန်း ၁ + သမ္ပဋိစ္ဆိုန်း ၂ )
၂။ ၂-ကိစ္စ၊ ၂-ဌာနတပ်သောစိတ် ၂-ပါး = သောမနဿသန္တီရဏ + မနောဒွါရာဝဇ္ဇန်း။
၃။ ၃-ကိစ္စ၊ ၃-ဌာနတပ်သောစိတ် ၉-ပါး = မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါး။
၄။ ၄-ကိစ္စ၊ ၄-ဌာနတပ်သောစိတ် ၈-ပါး = မဟာဝိပါက်စိတ် ၈-ပါး။
၅။ ၅-ကိစ္စ၊ ၅-ဌာနတပ်သောစိတ် ၂-ပါး = ဥပေက္ခာသန္တီရဏစိတ် ၂-ပါး။

ဒါွရသင်္ဂဟ
(အာရုံဝင်ရောက်ရာ တံခါးပေါက် `ဒွါရ´ပေါ် မူတည်၍ စိတ် စေတသိက်တို့ကို ပေါင်းစုရေတွက်ခြင်း)
၁။ စက္ခုဒွါရ = အဆင်းအာရုံဝင်ရောက်ရာ မျက်စိအကြည်ဓာတ် (စက္ခုပသာဒ)
၂။ သောတဒွါရ = အသံအာရုံဝင်ရောက်ရာ နားအကြည်ဓာတ် (သောတပသာဒ)
၃။ ဃာနဒွါရ = အနံ့အာရုံဝင်ရောက်ရာ နှာအကြည်ဓာတ် (ဃာနပသာဒ)
၄။ ဇိဝှာဒွါရ = အရသာအာရုံဝင်ရောက်ရာ လျှာအကြည်ဓာတ် (ဇိဝှာပသာဒ)

၅။ ကာယဒွါရ = အထိအတွေ့အာရုံဝင်ရောက်ရာ ကိုယ်အကြည်ဓာတ် (ကာယပသာဒ)
၆။ မနောဒွါရ = စိတ်ကူးအာရုံ စသည့်အာရုံ ၆-ပါး ဝင်ရောက်ရာ စိတ်တံခါးပေါက် (ဘဝင်စိတ် ၁၉-ပါး)

မှတ်ချက်။ ။ ကွင်းအတွင်း ဖော်ပြထားသော တရား အထည်ကိုယ်တို့သည် ဒွါရ အသီးသီး၏ တရားကိုယ် (မူရင်းတရား)များ ဖြစ်ကြ၏။

ဒွါရအသီးသီး၌ဖြစ်သောစိတ်များ
၁။ စက္ခုဒွါရ၌ ဖြစ်နိုင်သော စိတ် ၄၆-ပါး = ပဉ္စဒွါရာဝဇ္ဇန်း ၁၊ စက္ခုဝိညာဏ် ၂-၊ သမ္ပဋိစ္ဆိုန်း ၂၊ သန္တီရဏ ၃၊ ဝုေဋ္ဌာခေါ် မနောဒွါရာဝဇ္ဇန်း ၁၊ ကာမဇော ၂၉၊ တဒါရုံ ၈။
၂။ သောတဒွါရ၌ ဖြစ်နိုင်သောစိတ် ၄၆-ပါး = အထက်ပါအတိုင်း (စက္ခုဝိညာဏ်အစား သောတဝိညာဏ်ယူပါ)
၃။ ဃာနဒွါရ၌ ဖြစ်နိုင်သောစိတ် ၄၆-ပါး = အထက်ပါအတိုင်း (ဃာနဝိညာဏ်လဲယူပါ)
၄။ ဇိဝှာဒွါရ၌ ဖြစ်နိုင်သောစိတ် ၄၆-ပါး = အထက်ပါအတိုင်း (ဇိဝှာဝိညာဏ် ပြောင်းယူပါ)
၅။ ကာယဒွါရ၌ ဖြစ်နိုင်သောစိတ် ၄၆-ပါး = အထက်ပါအတိုင်း (ကာယဝိညာဏ် ပြောင်းယူပါ)
၆။ မနောဒွါရ၌ ဖြစ်နိုင်သောစိတ် ၆၇-ပါး = မနောဒွါရာဝဇ္ဇန်း ၁၊ ဇော ၅၅၊ တဒါရုံ ၁၁။

မှတ်ချက်
(၁) ပဉ္စဒွါရ (ဝါ) ရုပ်ဒွါရ ၅-ပါး၌ ဖြစ်နိုင်သော စိတ်အားလုံးကို ရေတါက်သော် ပဉ္စဒွါရာဝဇ္ဇန်း ၁၊ ဒွေပဉ္စဝိညာဏ် ၁၀၊ သမ္ပဋိစ္ဆိုန်း ၂၊ သန္တီရဏ ၃၊ ဝုေဋ္ဌာ ခေါ် မနောဒွါရာဝဇ္ဇန်း ၁၊ ကာမဇော ၂၉၊ တဒါရုံ ၈ ဟူ၍ ကာမစိတ် ၅၄-ပါးကို ရ၏။
(၂) ရုပ်ဒွါရ ၅-ပါး၌သာ ဖြစ်နိုင်သော စိတ်တို့မှာ ပဉ္စဒွါရာဝဇ္ဇန်း ၁ နှင့် သမ္ပဋိစ္ဆိုန်း ၂ ဟူသည် မနောဓာတ် ၃-ပါး ဖြစ်၏။
(၃) ၆-ဒွါရလုံး၌ အမြဲဖြစ်နိုင်သော စိတ်တို့မှာ သောမနဿသန္တီရဏ ၁၊ မနောဒွါရာဝဇ္ဇန်း ၁ နှင့် ကာမဇော ၂၉ ဟူ၍ ၃၁-ပါး ရှိ၏။
(၄) ၆-ဒွါရ၌ ရံခါဖြစ်၍ ရံခါလွတ်သော စိတ်တို့မှာ ဥပေက္ခာသန္တီရဏ ၂ နှင့် မဟာဝိပါက် ၈ ဟူ၍ ၁၀-ပါး ရှိ၏။
(၅) ၆-ဒွါရမှ အမြဲလွတ်သော စိတ်တို့မှာ မဟဂ္ဂုတ်ဝိပါက် ၉-ပါး ဖြစ်၏။
(၆) ဥပေက္ခာသန္တီရဏ ၂၊ မဟာဝိပါက် ၈ နှင့် မဟဂ္ဂုတ်ဝိပါက် ၉ ဟူသော ဘဝင်စိတ် ၁၉-ပါးတို့သည် မနောဒွါရပင် ဖြစ်ကြ၏။ ထို့ကြောင့် ၎င်းတို့သည် ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ တစ်ခုခုကို ဆောင်ရွက်ကြသည့်အခါ ဒွါရတစ်ခုခု၌ ဖြစ်ပေါ်နေသည်ဟု မဆိုနိုင်ချေ။ ထို့ကြောင့် ၎င်းတို့ကို ဒွါရဝိမုတ်စိတ် (ဒွါရမှလွတ်သောစိတ်) များဟုခေါ်၏။

အာရမ္မဏသင်္ဂဟ
(အာရုံတို့ကို မူတည်၍ စိတ် စေတသိက်တို့ကို ပေါင်းစုရေတွက်ခြင်း)
၁။ ရူပါရုံ = အဆင်း (ဝဏ္ဏ)
၂။ သဒ္ဒါရုံ = အသံ (သဒ္ဒ)
၃။ ဂန္ဓာရုံ = အနံ့ (ဂန္ဓ)
၄။ ရသာရုံ = အရသာ (ရသ)
၅။ ဖောဋ္ဌဗ္ဗာရုံ = အထိအတွေ့ (ဗောဋ္ဌဗ္ဗ = ပထဝီ၊ တေဇော၊ ဝါယော)

၆။ ဓမ္မာရုံ = ပဉ္စဒွါရ၌ မထင်နိုင်ဘဲ မနောဒွါရ၌သာ ထင်နိုင်သည့် သိမ်မွေ့သောအာရုံ (ပသာဒရုပ် ၅-ပါး၊ သုခုမရုပ် ၁၆-ပါး၊ စိတ် ၈၉-ပါး၊ ေ စ တသိက် ၅၂-ပါး၊ နိဗ္ဗာန်၊ ပညတ်ဟု ဆိုအပ်သော တရား ၆-မျိုး)

မှတ်ချက်။ ။ ကွင်းအတွင်း ဖော်ပြထားသော တရားများမှာ ဆိုင်ရာ အာရုံ၏ တရားကိုယ်များ ဖြစ်ကြ၏။

စိတ်တို့ယူနိုင်ကြသောအာရုံများ
၁။ စက္ခုဒွါရ၌ ဖြစ်ကြသောစိတ် (စက္ခုဒွါရိကစိတ်) ၄၆-ပါးတို့သည် ပစ္စုပ္ပန် ရူပါရုံကို အာရုံပြုကြ၏။
၂။ သောတဒွါ၌ ဖြစ်ကြသောစိတ် (သောတဒွါရိကစိတ်) ၄၆-ပါးတို့သည် ပစ္စုပ္ပန် သဒ္ဒါရုံကို အာရုံပြုကြ၏။
၃။ ဃာနဒွါရ၌ ဖြစ်ကြသောစိတ် (ဃာနဒွါရိကစိတ်) ၄၆-ပါးတို့သည် ပစ္စုပ္ပန် ဂန္ဓာရုံကို အာရုံပြုကြ၏။
၄။ ဇိဝှာဒွါရ၌ ဖြစ်ကြသောစိတ် (ဇိဝှာဒွါရိကစိတ်) ၄၆-ပါးတို့သည် ပစ္စုပ္ပန် ရသာရုံကို အာရုံပြုကြ၏။
၅။ ကာယဒွါရ၌ ဖြစ်ကြသောစိတ် (ကာယဒွါရိကစိတ်) ၄၆-ပါးတို့သည် ပစ္စုပန် ဖောဋ္ဌဗ္ဗာရုံကို အာရုံပြုကြ၏။
၆။ မနောဒွါရ၌ ဖြစ်ကြသောစိတ် (မနောဒွါရိကစိတ်) ၆၇-ပါးတို့သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ ကာလဝိမုတ်ဖြစ်သော အာရုံ ၆-ပါးလုံးကို အာရုံပြုကြ၏။

အာရုံအသီးသီးကို ယူနိုင်သည့်စိတ်များ
၁။ ကာမအာရုံကိုသာယူနိုင်သောစိတ် ၂၅-ပါး
ဒွေပဉ္စဝိညာဏ် ၁၀၊ မနောဓာတ် ၃၊ တဒါရုံ ၁၁၊ ဟသိတုပ္ပါဒ် ၁။
၂။ မဟဂ္ဂုတ်အာရုံကိုသာယူဆောင်နိုင်သောစိတ် ၆-ပါး
ဝိညာဏဉ္စာယတနစိတ် ၃-ပါး၊ နေဝသညာနာသညာယတနစိတ် ၃-ပါး။
၃။ ပညတ်ကိုသာအာရုံပြုကြသောစိတ် ၂၁-ပါး
အဘိညာဏ်ဒွေကြဉ်သော ရူပါဝစရစိတ် ၁၅-ပါး၊ အာကာသာနဉ္စာယတနစိတ် ၃-ပါး၊ အာကိဉ္စညာယတနစိတ် ၃-ပါး။
၄။ နိဗ္ဗာန်ကိုသာအာရုံပြုသောစိတ် ၈-ပါး
မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး။
၅။ လောကုတ္တရာ အာရုံမှတစ်ပါး အခြားအလုံးစုံသော အာရုံတို့ကို ယူနိုင်ကြသောစိတ် ၂၀-ပါး
အကုသိုလ်စိတ် ၁၂-ပါး၊ မဟာကုသိုလ်ဉာဏဝိပ္ပယုတ် ၄-ပါး၊ မဟာကြိယာဉာဏဝိပ္ပယုတ် ၄-ပါး။
၆။ အရဟတ္တမဂ်ဖိုလ်တို့မှတစ်ပါး အခြားအလုံစုံသော အာရုံတို့ကို ယူနိုင်ကြသောစိတ် ၅-ပါး
မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ် ၄-ပါး၊ ပဉ္စမဈာန်ကုသိုလ် အဘိညာဏ်စိတ် ၁-ပါး။
၇။ အကြွင်းမရှိအလုံးစုံသော အာရုံကို ယူနိုင်ကြသောစိတ် ၆-ပါး
မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄-ပါး၊ ပဉ္စမဈာန် ကြိယာအဘိညာဏ်စိတ် ၁-ပါး၊ မနောဒွရာဝဇ္ဇန်း ၁-ပါး။

ဝတ္ထုသင်္ဂဟ
စိတ်စေတသိက်တို့၏ မှီရာရုပ်ကို `ဝတ္ထု´ဟု ခေါ်၏။ စိတ်စေတသိက်တို့သည် ဝတ္ထုရုပ်ကို မှီ၍သာ ဖြစ်ကြရ၏။ ဝတ္ထု ၆-ပါးနှင့် ၎င်းတို့၏ တရားကိုယ်များမှာ -
၁။ စက္ခုဝတ္ထု = စက္ခုပသာဒ၊
၂။ သောတဝတ္ထု = သောတပသာဒ၊
၃။ ဃာနဝတ္ထု = ဃာနပသာဒ၊

၄။ ဇိဝှာဝိတ္ထု = ဇိဝှာပသာဒ၊
၅။ ကာယဝတ္ထု = ကာယပသာဒ၊
၆။ ဟဒယဝတ္ထု = နှလုံးအိမ်အတွင်းရှိ နှလုံးသွေး၌ တည်သော ဝတ္ထုရုပ်၊

ဘုံနှင့် ဝတ္ထု
၁။ ကာမ ၁၁-ဘုံ၌ ဝတ္ထု ၆-ပါးလုံးကို ရနိုင်၏။
၂။ ရူပဘုံ၌ စက္ခုဝတ္ထု၊ သောတဝတ္ထုနှင့် ဟာဒယဝတ္ထုတို့ကိုသာ ရနိုင်၏။ ရူပဗြဟ္မာတို့တွင် ကာမဂုဏ်ကို တပ်မက်ခြင်းကင်းသော ဘာဝနာ၏ အစွမ်းကြောင့် ဃာနဝတ္ထု၊ ဇိဝှာဝတ္ထု၊ ကာယဝတ္ထုတို့ မရှိကြကုန်။ ဘုရားဖူးမြင်ရန်နှင့် တရားနာကြားရန်အတွက်မူ စက္ခုဝတ္ထုနှင့် သောတဝတ္ထုတို့ ရှိကြ၏။ ဟာဒယဝတ္ထုမှာ မနောဒွါရိကစိတ်များ မှီရန်လိုအပ်၏။
၃။ အရူပဘုံ၌ ဝတ္ထုတစ်ခုမျှ မရှိချေ။ အရူပဗြဟ္မာတို့တွင် ရုပ်၌ တပ်မက်ခြင်းကင်းသော ဘာဝနာ၏ အစွမ်းကြောင့် ရုပ်မရှိဘဲ နာမ်သာ ရှိကြ၏။ ထိုနာမ်တို့သည် ဝတ္ထုရုပ်ကို မမှီဘဲ ဖြစ်နိုင်ကြ၏။

ဝိညာဏဓာတ် ၇-ပါး
ဝတ္ထုသင်္ဂဟ၌လာသော ဝိညာဏဓာတ် ၇-ပါး၊ ၎င်းတို့၏တရားကိုယ်များနှင့် မှီရာဝတ္ထုတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
၁။ စက္ခုဝိညာဏဓာတ် = စက္ခုဝိညာဏ်ဒွေ၊ စက္ခုဝတ္ထုကိုမှီ၏။
၂။ သောတဝိညာဏဓာတ် = သောတဝိညာဏ်ဒွေ၊ သောတဝတ္ထုကို မှီ၏။
၃။ ဃာနဝိညာဏဓာတ်= ဃာနဝိညာဏ်ဒွေ၊ ဃာနဝတ္ထုကို မှီ၏။
၄။ ဇိဝှာဝိညာဏဓာတ် = ဇိဝှာဝိညာဏ်ဒွေ၊ ဇိဝှာဝတ္ထုကို မှီ၏။
၅။ ကာယဝိညာဏဓာတ် = ကာယဝိညာဏ်ဒွေ၊ ကာယဝတ္ထုကို မှီ၏။
၆။ မနောဓာတ် = ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းဒွေ၊ ဟဒယဝတ္ထုကို မှီ၏။
၇။ အနောဝိညာဏဓာတ် = ဒွေပဉ္စဝိညာဏ် ၁၀နှင့် မနောဓာတ် ၃-ပါးတို့မှ ကြွင်းသည့် စိတ် ၇၆-ပါး၊ ဟာဒယဝတ္ထုကို မှီကြ၏။

ဝတ္ထုအလိုက် စိတ်များကိုခွဲခြားပုံ

၁။ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှာဝတ္ထု၊ ကာယဝတ္ထုတည်းဟူသော ပသာဒရုပ်ဝတ္ထု ၅-ပါးကို မှီ၍ဖြစ်ကြသောစိတ် ၁၀-ပါးရှိ၏။ ဒွေပဉ္စဝိညာဏ် ၁၀-ပါးတည်း။
၂။ ဟဒယဝတ္ထုကိုမှီ၍ ဖြစ်ကြသောစိတ် ၃၃-ပါးရှိ၏။ ဒေါသမူ ၂၊ မနောဓာတ် ၃၊ သန္တီရဏ ၃၊ ဟသိတုပ္ပါဒ် ၁၊ မဟာဝိပါက် ၈၊ ရူပါဝစရစိတ် ၁၅၊ သောတာပတ္တိမဂ် ၁ တို့တည်း။
အထက်ပါ (၁) နှင့် (၂) နှစ်ရပ်ပေါင်း စိတ် ၄၃-ပါးတို့သည် ဝတ္ထုရုပ်ကိုမှီ၍သာ ဖြစ်ကြ၏။
၃။ ဝတ္ထုရုပ်ကို မှီ၍လည်းကောင်း၊ မမှီ၍လည်းကောင်း ဖြစ်ကြသော စိတ် ၄၂-ပါးရှိ၏။ ဒေါသမူကြဉ်သော အကုသိုလ်စိတ် ၁၀၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ အရူပကုသိုလ် ၄၊ အရူပကြိယာ ၄၊ သောတာပတ္တိမဂ်ကြဉ်သော လောကုတ္တရာစိတ်အကျဉ်း ၇၊ မနောဒွါရာဝဇ္ဇန်း ၁ တို့တည်း။
ဤစိတ် ၄၂-ပါးတို့သည် ပဉ္စဝေါကာရဘုံ (ခန္ဓာငါးပါးရှိသော ကာမဘုံနှင့် ရူပဘုံ)၌ ဖြစ်ခိုက်ဝယ် ဝတ္ထုရုပ်ကို မှီ၍ဖြစ်ကြ၏။ စတုဝေါကာရဘုံ (ရုပ်မရှိ၊ နာမ်ခန္ဓာ ၄-ပါးသာရှိသော အရူပဘုံ)၌ ဖြစ်သည့်အခါ ဝတ္ထုရုပ်ကို မမှီဘဲ ဖြစ်ကြ၏။
၄။ အခါခပ်သိမ်း ဝတ္ထုကိုမမှီဘဲ ဖြစ်ကြသော စိတ် ၄-ပါးရှိ၏။ အရူပဝိပါက် ၄-ပါးတို့တည်း။ ဤစိတ်တို့သည် အရူပဗြဟ္မာတို့၏ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်များ ဖြစ်ကြ၏။

No comments:

Post a Comment