Search This Blog

Thursday, March 18, 2010

သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာရှုမှတ်ပွားများပုံ

သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာရှုမှတ်ပွားများပုံ

( ၁ ) သွား၊ ရပ်၊ ထိုင်၊ လျောင်း၊ ကွေး၊ ဆန့်၊ စသော မိမိ၏ကိုယ်အမူအရာများ ဖြစ်တိုင်း ဖြစ်တိုင်းကို သိအောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် ကာယာနုပဿနာ သတိပဋ္ဌာန် ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။

( ဆောင်ပုဒ် ) ကိုယ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာ သိရမည်။


( ၂ ) နာ၊ ကျင်၊ ကိုက်ခဲခြင်း စသော ဆိုးသည့်ဒုက္ခဝေဒနာ။

စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ခြင်းဟူသော သုခဝေဒနာ။

ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်၊ အလယ်အလတ်ဖြစ်သည့် ဥပေက္ခာဝေဒနာများ

မိမိခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာသောအခါ ဒုက္ခဝေဒနာကို နာတယ်၊ ကျင်တယ်၊ ဆင်းရဲတယ်၊

သုခဝေဒနာကို ချမ်းသာတယ်-စသည်ဖြင့် ဝေဒနာများကိုသိအောင် သတိကပ်၍ ရှုမှတ်ပေးနေခြင်းသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။

( ဆောင်ပုဒ် ) ကောင်း-ဆိုး-လတ်ပါ၊ ဝေဒနာ၊ ပေါ်တာ သိရမည်။


( ၃ ) လိုချင်တပ်မက်ခြင်း လောဘနှင့်တကွဖြစ်သော စိတ်။

စိတ်ဆိုး အမျက်ထွက်ခြင်း ဒေါသနှင့်တကွဖြစ်သော စိတ်-စသည်ဖြင့်

မိမိ၏ စိတ်အမူအရာများကို သိအောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် စိတ္တာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။

( ဆောင်ပုဒ် ) စိတ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာ သိရမည်။


( ၄ ) မြင်ရသည့်သဘော၊ ကြားရသည့်သဘော၊ နံရသည့်သဘော စသည်များကို

မြင်ကာမျှမတ္တမှာတည်အောင်၊ ကြားကာမျှမတ္တမှာတည်အောင်၊ နံကာမျှမတ္တမှာတည်အောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။

( ဆောင်ပုဒ် ) သဘောတရား၊ ထင်ပေါ်ငြား၊ ပိုင်းခြား သိရမည်။

ဤကဲ့သို့ သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများ အားထုတ်နေသောပုဂ္ဂိုလ်တို့သည်  ၀ိပဿနာသမာဓိဉာဏ်များ ရင့်ကျက်ပြည့်စုံလာသောအခါ ကိုယ်ဆင်းရဲခြင်း ဘ၀ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဘ၀ဒုက္ခတို့မှ အပြီးတိုင် လွတ်မြောက်သွားကြမည် ဖြစ်ပေသည်။ ယင်းဘ၀ဒုက္ခတို့မှ အပြီးတိုင်လွတ်မြောက်ရာ နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားကြမည် ဖြစ်ပေသည်။

ပိဋကတ်ကျမ်း

ပိဋကတ်ကျမ်း

ပိဋကတ်ကျမ်းစာများ၏ မူရင်းဘာသာသည် ပါဠိဘာသာ ဖြစ်သည်။ ဗုဒ္ဓ၏စကားတော်များကို ဗုဒ္ဓ၀စန၊ ပါဠိ၊ ပါဠိတော်၊ ပါဝစန၊ ပရိယတ္တိ၊ အာဂမ၊ သုတ္တ-စသော အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပေသည်။ ဗုဒ္ဓစကားတော်များ၏ ပရိယာယ်ဖြစ်သော ယင်းဝေါဟာရများတွင် မည်သည့်ဝေါဟာရကို သုံးသည်ဖြစ်စေ ကြားရသော စာပေတတ်မြန်မာတို့က ဗုဒ္ဓ၏စကားတော်များကို ဆိုလိုကြောင်း ရုတ်ခြည်းသိကြသည်သာ ဖြစ်သည်။ ဤသို့လျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နှုတ်ဖျား၌ အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သော ဗုဒ္ဓ၏စကားတော်များကို ပထမသံဂါယနာတင်စဉ် အခါက ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာအရှင်မြတ်တို့သည် သဘောနီးစပ်ရာတရားတို့ကို စုစည်း၍နည်းအမျိုးမျိုးဖြင့် အမျိုးအစား ခွဲခြားခဲ့ကြပေသည်။

သံဂါယနာတင် အရှင်မြတ်တို့သည် ဗုဒ္ဓ၏စကားတော်များကို ၀ိမုတ္တိဟူသော ရသအားဖြင့် တပါး။

ဓမ္မနှင့်ဝိနယ အားဖြင့် နှစ်ပါး။

ပထမ, မဇ္ဈိမ, ပစ္ဆိမ ဟူသော ဗုဒ္ဓ၀စနအားဖြင့် သုံးပါး။

သုတ္တန်, ၀ိနည်း, အဘိဓမ္မာ ဟူသော ပိဋကတ်အားဖြင့် သုံးပါး။

ဒီဃ, မဇ္ဈိမ, သံယုတ္တ, အင်္ဂုတ္တရ, ခုဒ္ဒက ဟူသော နိကာယ်အားဖြင့် ငါးပါး။

သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန, ဣတိဝုတ္တက, ဇာတက, အဗ္ဘုတဓမ္မ, ဝေဒလ္လ ဟူသော အင်္ဂါအားဖြင့် ကိုးပါး။

ဓမ္မက္ခန္ဓာအားဖြင့် ( ၈၄,၀၀၀ ) ဟူ၍ အမျိုးအစား ခွဲခြားထားခဲ့ကြကုန်၏။

ဤသို့လျှင် သံဂါယနာတင် အရှင်မြတ်တို့က ဗုဒ္ဓ၏စကားတော်များကို အမျိုးအစား ခွဲခြားခဲ့ကြသော်လည်း ယခုအခါ အရှေ့တိုင်း အနောက်တိုင်းနှင့် ဗုဒ္ဓစာပေကို အလေ့အလာပြုကြသော ကမ္ဘာဒေသအားလုံးမှာပင် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးသွယ်ဖြင့်သာလျှင် ဗုဒ္ဓစာပေကို အမျိုးအစားခွဲခြား စုစည်းခဲ့ကြပေသည်။ ဗုဒ္ဓစာပေနှင့် မကင်းသူ ဗုဒ္ဓစာပေနှင့် ရင်းနှီးဆက်ဆံနေကြရသူများသည် ယင်းသို့တွင်ကျယ်နေသော နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ် ကျမ်းဖွဲ့စည်းပုံကို သိရှိထားသင့်လှပေသည်။

ရှေးဦးစွာ နိကာယ်ငါးရပ်ဖြင့် ကျမ်းခွဲခြားဖွဲ့စည်းပုံကို ရှင်းလင်းစွာ သိရှိနိုင်ရန် အောက်ပါဇယားဖြင့် ဖော်ပြလိုက်ပါသည်။

( နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကျမ်း စီစဉ်ပုံဇယား )

ဒီဃနိကာယ် ၃-ကျမ်း

၁။ သီလက္ခန္ဓ၀ဂ္ဂ

၂။ မဟာဝဂ္ဂ ( သုတ္တန္တ )

၃။ ပါထိက၀ဂ္ဂ

မဇ္ဈိမနိကာယ် ၃-ကျမ်း

၎-၁။ မူလပဏ္ဏာသ

၅-၂။ မဇ္ဈိမပဏ္ဏာသ

၆-၃။ ဥပရိပဏ္ဏာသ

သံယုတ္တနိကာယ် ၅-ကျမ်း

၇-၁။ သဂါထာဝဂ္ဂသံယတ်

၈-၂။ နိဒါန၀ဂ္ဂသံယုတ်

၉-၃။ ခန္ဓ၀ဂ္ဂသံယုတ်

၁၀-၄။ သဠာယတန၀ဂ္ဂသံယုတ်

၁၁-၅။ မဟာဝဂ္ဂသံယုတ်

အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း

၁၂-၁။ ဧကင်္ဂုတ္တရ

၁၃-၂။ ဒုကင်္ဂုတ္တရ

၁၄-၃။ တိကင်္ဂုတ္တရ

၁၅-၄။ စတုကင်္ဂုတ္တရ

၁၆-၅။ ပဉ္စင်္ဂုတ္တရ

၁၇-၆။ ဆဠင်္ဂုတ္တရ

၁၈-၇။ သတ္တင်္ဂုတ္တရ

၁၉-၈။ အ႒ဂုၤတၱရ

၂၀-၉။ န၀ဂၤုတၱရ

၂၁-၁၀။ ဒသဂၤုတၱရ

၂၂-၁၁။ ဧကာဒသဂၤုတၱရ

ခုဒ္ဒကနိကာယ် တစိတ် ၁၅-ကျမ်း

၂၃-၁။ ခုဒ္ဒကပါဌ

၂၄-၂။ ဓမ္မပဒ

၂၅-၃။ ဥဒါန

၂၆-၄။ ဣတိဝုတ္တက

၂၇-၅။ သုတ္တနိပါတ

၂၈-၆။ ၀ိမာန၀တ္ထု

၂၉-၇။ ပေတ၀တ္ထု

၃၀-၈။ ထေရဂါထာ

၃၁-၉။ ထေရီဂါထာ

၃၂-၁၀။ ဇာတက

၃၃-၁၁။ နိဒ္ဒေသ

၃၄-၁၂။ ပဋိသမ္ဘိဒါမဂ္ဂ

၃၅-၁၃။ အပဒါန

၃၆-၁၄။ ဗုဒ္ဓ၀ံသ

၃၇-၁၅။ စရိယာပိဋက

ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း

၃၈-၁။ ပါရာဇိက

၃၉-၂။ ပါစိတ္တိယ

၄၀-၃။ မဟာဝဂ္ဂ ( ၀ိနယ )

၄၁-၄။ စူဠ၀ဂ္ဂ

၄၂-၅။ ပရိဝါရ

ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း

၄၃-၁။ ဓမ္မသင်္ဂဏီ

၄၄-၂။ ၀ိဘင်္ဂ

၄၅-၃။ ဓာတုကထာ

၄၆-၄။ ပုဂ္ဂပညတ္တိ

၄၇-၅။ ကထာဝတ္ထု

၄၈-၆။ ယမက

၄၉-၇။ ပဋ္ဌာန

ဤသို့လျှင် နိကာယ်ငါးရပ်၌ ကျမ်းပေါင်း ( ၄၉ )ကျမ်းရှိသည်။ အထက်ပါ ( ၄၉ )ကျမ်းမှာ စတုတ္ထသံဂါယနာ တင်သည်အထိ အတည်ပြုထားသော ပိဋကတ်သုံးပုံ ကျမ်းစာရင်းဖြစ်သည်။ အောက်ပါ လေးကျမ်းမှာ ပဉ္စမသံဂါယနာ ကျောက်ထက်အက္ခရာ တင်သောအခါကျမှ ပါဠိတော်စာရင်းဝင် ဖြစ်လာသောကျမ်းများဖြစ်သည်။

၅၀။ သုတ္တသင်္ဂဟ

၅၁။ နေတ္တိ

၅၂။ ပေဋကောပဒေသ

၅၃။ မိလိန္ဒပဥှာ

ထို့ကြောင့် ယခုအခါ ပိဋကတ်သုံးပုံ ပါဠိတော် ( ၅၃ ) ကျမ်းဟု သတ်မှတ်ကြပါသည်။

ဤနိကာယ်အားဖြင့် ကျမ်းရေတွက်နည်းတွင် ပိဋကတ်အားဖြင့် ခွဲခြားလိုလျှင်

ဒီဃနိကာယ် ၃-ကျမ်း

မဇ္ဈိမနိကာယ် ၃-ကျမ်း

သံယုတ္တနိကာယ် ၃-ကျမ်း

အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း

ဟူသော ရှေးနိကာယ်လေးရပ်နှင့် ခုဒ္ဒကနိကာယ် တစိတ် ( ၁၅ ) ကျမ်းသည် သုတ္တန် ပိဋကတ်မည်၏။

ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်းသည် ၀ိနည်းပိဋကတ်မည်၏။

ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်းသည် အဘိဓမ္မာပိဋကတ်မည်၏။ ဤသို့ခွဲခြားနိုင်သည်။

ဤသို့လျှင် နိကာယ်ငါးရပ်နှင့် ပိဋကတ်သုံးသွယ်တို့သည် အားလုံးစုပေါင်းလိုက်သော် တရားကိုယ်အားဖြင့် အထူးမရှိ။ ( ၄၉ ) ကျမ်း သို့မဟုတ်-( ၅၃ ) ကျမ်း အတူတူပင် ဖြစ်ကြောင်း အလွယ်ဖြင့် သိရှိနိုင်ပေသည်။

ဤ ( ၄၉ )ကျမ်း တရားစုကိုပင် ပိဋကတ်တည်းဟူသော ခြင်းတောင်းထဲထည့်လျှင် သုံးတောင်းရသည်။ နိကာယ်တည်းဟူသော ဇလားထဲထည့်လျှင် ငါးဇလားရသည် ဟူသော သဘောကဲ့သို့ မှတ်ရာသည်။

ဤ ( ၄၉ )ကျမ်း သို့မဟုတ် (၅၃)ကျမ်းသော ပိဋကတ်စာပေနှင့် ပတ်သက်၍ အောက်ဖော်ပြပါ ကျမ်းအမျိုးအစား ငါးမျိုးကိုလည်း သိရှိထားသင့်ပေသည်။ ၄င်းတို့မှာ-

၁။ ပါဠိတော်

၂။ အဋ္ဌကထာ

၃။ ဋီကာ

၎။ ယောဇနာ

၅။ ဂဏ္ဌိ ကျမ်းတို့ ဖြစ်ကြသည်။

ထိုငါးမျိုးတွင် ပါဠိတော်-ဆိုသည်မှာ ဘုရားဟောနှင့် ဘုရားရှင် အသိအမှတ်ပြုသော သာဝကဟော မူရင်းကျမ်းများကို ဆိုလိုသည်။


အဋ္ဌကထာ-ဆိုသည်မှာ မူရင်းပါဠိတော်၏ အနက်အဓိပ္ပါယ်ကို အစအဆုံး သိမ်းကျုံး၍ အကျယ်တ၀င့် ဖွင့်ဆိုသော ရှင်ဗုဒ္ဓဃောသ အစရှိသော ဆရာတို့ ပြုသော ကျမ်းမျိုးဖြစ်သည်။

ဋီကာ-ဆိုသည်မှာ အထက်ပါ အဋ္ဌကထာကျမ်းများ၏ အနက်အဓိပ္ပါယ်ကို ထပ်မံဖွင့်ဆိုသည့် ကျမ်းမျိုးဖြစ်သည်။

ယောဇနာ-ဆိုသည်မှာ အနက်အယူ အသိခက်သော အဋ္ဌကထာနှင့် ဋီကာကျမ်းများကို အဓိပ္ပါယတ္ထထက်

အနက်-သဒ္ဒတ္ထကိုသာ အဓိကထား၍ ဖွင့်ဆိုသောကျမ်းမျိုးဖြစ်သည်။

ဂဏ္ဌိ-ဆိုသည်မှာ ပါဠိ အဋ္ဌကထာ ဋီကာ ကျမ်းများမှ လွန်စွာအသိခက်သော အပိုင်းလောက်ကိုသာ အဆုံးအဖြတ်နှင့်တကွ ဖွင့်ပြသော ခက်ဆစ်အဖြေဆန်သည့် ကျမ်းမျိုးဖြစ်သည်။

ဤကျမ်းအားလုံးသည် သီဟိုဠ်ခေတ်က ပါဠိဘာသာဖြင့်သာ ရှိကြသည်။

အထက်၌ပြခဲ့သော ပိဋကတ် ၄၉-ကျမ်း ( ၅၃ )ကျမ်းတို့တွင် ကျမ်းတိုင်း၌ မရှိသော်လည်း ကျမ်းအများစုတွင် ယခုဖော်ပြခဲ့သော ကျမ်းအမျိုးအစား ငါးမျိုး ဖြာထွက်လာနိုင်ပေသည်။
ဥပမာ-

အမှတ်တစ် သီလက္ခန္ဓ၀ဂ္ဂ တကျမ်းတည်းတွင်

၁။ သီလက္ခန္ဓ၀ဂ္ဂ ပါဠိတော်

၂။ သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ

၃။ သီလက္ခန္ဓ၀ဂ္ဂ ဋီကာ

၎။ သီလက္ခန္ဓ၀ဂ္ဂ ယောဇနာ

၅။ သီလက္ခန္ဓ၀ဂ္ဂ ဂဏ္ဌိ-ဟူ၍ ကျမ်းငါးမျိုး ဖြာထွက်လာနိုင်ပေသည်။

တဖန် ပါဠိတော်၊ အဋ္ဌကထာ စသော ဖော်ပြပါ ကျမ်းငါးမျိုးတွင်လည်း တမျိုးစီ၌ အောက်ပါအတိုင်း ကျမ်းလေးမျိုးခန့် ခွဲထွက်လာနိုင်ပြန်သေးသည်။ ၄င်းတို့မှာ-

၁။ ပါဌ်

၂။ နိသ်

၃။ မြန်မာပြန်

၎။ ကဗျာလင်္ကာ ကျမ်းစာတို့ဖြစ်ကြသည်။

ထိုလေးမျိုးတွင် ပါဌ်ကျမ်း-ဆိုသည်မှာ မြန်မာဘာသာ မဖက် မူရင်းပါဠိသက်သက်ဖြင့် ရေးဖွဲ့ထားသော ကျမ်းမျိုးကို ဆိုလိုသည်။

နိသျကျမ်း-ဆိုသည်မှာ ပါဌ်တချက် အနက်တချက် နည်းဖြင့် မြန်မာဘာသာ ပြန်ဆိုသော ကျမ်းမျိုးကိုဆိုလိုသည်။

ယင်းကို နိသျပြန်ဟု ခေါ်ကြသည်။

မြန်မာပြန်-ဆိုသည်မှာ ပိဋကတ်ပါဠိတကျမ်းကို ပါဠိမဖက် မြန်မာဘာသာသက်သက်ဖြင့် ပြန်ဆိုထားသော ကျမ်းမျိုးကို ဆိုလိုသည်။ ယင်းပြန်နည်းကို ပါဌ်လျှောက်ပြန်ဟု ခေါ်ကြသည်။

ကဗျာလင်္ကာ-ဆိုသည်မှာ ယင်းပါဠိကျမ်းများလာ အဓိပ္ပါယ်ကိုယူ၍ ကဗျာလင်္ကာဖြင့် ဖွဲ့ဆိုထားသော ကျမ်းမျိုးကို ဆိုလိုသည်။

ဥပမာ-မင်္ဂလသုတ်လာ အဓိပ္ပါယ်ကို ယူ၍ သံပေါက်ကဗျာဖြင့် ဖွဲ့ဆိုသော မင်္ဂလာသံပေါက်၊ ပျို့လင်္ကာဖြင့် ဖွဲ့ဆိုသော မင်္ဂလသုတ်ပျို့ စသည်တို့ဖြစ်သည်။

တနည်းအားဖြင့်-ဘူရိဒတ် ဇာတ်အဋ္ဌကထာ တကျမ်းတည်းက

၁။ ဘူရိဒတ္တဇာတက အဋ္ဌကထာပါဌ်၊

၂။ ဘူရိဒတၱဇာတက အ႒ကထာနိသ်၊

၃။ ဘူရိဒတ္တ ဇာတက အဋ္ဌကထာ မြန်မာပြန်နှင့်

၎။ ဘူရိဒတ္တ ဇာတက ပျို့-ဟူ၍ ကျမ်းလေးမျိုး ပွားထွက်လာနိုင်သည်ကို ဆိုလိုသည်။

အဋ္ဌကထာ ဋီကာကျမ်းများနှင့် ပတ်သက်၍ လက်သန်းအဋ္ဌကထာနှင့် လက်သန်းဋီကာများအကြောင်းကိုလည်း သိရှိထားသင့်သည်။ လက်သန်းအဋ္ဌကထာ ဆိုသည်မှာ အဋ္ဌကထာကြီးများကဲ့သို့ မူရင်းပါဠိတော် တကျမ်းလုံးကို အစအဆုံး သိမ်းကျုံးဖွင့်ဆိုသော အဋ္ဌကထာမျိုးမဟုတ်။ မူရင်းပါဠိတော်လာ ခေါင်းစဉ်အကြောင်းအရာ တရပ်ရပ်ကို မူရင်းပါဠိတော်စကားမှ တည်ပုဒ်ကို မထည့်သွင်းတော့ပဲ မိမိနားလည်သလို မိမိစကားဖြင့် အလွတ်ရှင်းပြသော အဋ္ဌကထာအသေးစားကို ခေါ်ခြင်းဖြစ်သည်။

ဥပမာ-သစ္စသင်္ခေပ အဋ္ဌကထာ ကဲ့သို့သော ကျမ်းမျိုးဖြစ်သည်။ ယင်းလက်သန်းအဋ္ဌကထာမျိုးကို ထပ်ဆင့်ဖွင့်ပြသော ကျမ်းမျိုးကို လက်သန်းအဋ္ဌကထာဋီကာ-ဟု ခေါ်ကြသည်။

ဤကား ပိဋကတ်ကျမ်းစာများနှင့် ပတ်သက်၍ မြန်မာမှုနယ်ပယ်တွင် သိမထားလျှင် မဖြစ်ဟု ဆိုနိုင်လောက်အောင် အရေးကြီးသော အခြေခံအကျဆုံးကျမ်း အမျိုးအစားများ ဖြစ်ပေသည်။ ပါဠိနှင့် ပိဋကတ်စာပေကို လေ့လာလိုက်စားသူများသည် အထက်ပါကျမ်းအမျိုးအစားကို သိရှိထားမှသာလျှင် ရှင်းလင်းလွယ်ကူစွာ နားလည်သဘောပေါက်ကြမည်ဖြစ်သည်။

အဘိဓမ္မာ နှင့် ၀ိပဿနာ

အဘိဓမ္မာ နှင့် ၀ိပဿနာ
အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့ နူးညံ့သော ဓမ္မ၊ အလွန်နက်နဲ ခက်ခဲသော ဓမ္မ၊ အလွန်ကျယ်ပြန့်သော ဓမ္မ၊ အလွန်ထူးကဲသော ဓမ္မ ဖြစ်သည်။ ဓမ္မ-ဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက် တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ ဖြစ်သည်။

အလွန့်အလွန် သိမ်မွေ့နူးညံ့သော ခက်ခဲနက်နဲသော ထူးကဲကျယ်ပြန့်သော သတ္တအတ္တ မဟုတ်သော ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော သိအပ်သော ထိုအဘိဓမ္မာ-ကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ လွန်ကဲခက်ခဲသော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိနားလည်နိုင်မည် ဖြစ်သည်။
လူတို့ဌာနေမှာ စားရေး အိပ်ရေး ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောက်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက် ဟန့်တားလေ့ရှိသည်။ အလုပ်တခု၌ စိတ်ကူး စူးစိုက်နေခိုက် ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက်နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်း ပြတ်တာင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။

နတ်တို့ဌာနေမှာကား အချိန်ကွာခြားချက်ကလည်း ဝေးလွန်းလှသည်။ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တရက် ဖြစ်သည်။ ထို့ကြောင့် စားချိန် အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာ ရှိမည့် ထိုအဘိဓမ္မာတရားပွဲကို တဆက်တည်း၊ တထိုင်တည်း၊ တစိတ်တည်း၊ တ၀ီထိတည်း နားကြားကြရလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက် ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာအားသာလျှင် ရက်ပေါင်း ကိုးဆယ်၊ အကြိမ်ကိုးဆယ်၊ ပြန်လည် ဟောတော်မူခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာဖြစ်၍သာ ထိုအဘိဓမ္မာ-ကို ရက်ခြား၍ နာကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်းဖြစ်လေသည်။

အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နားကြားခဲ့ရသော အဘိဓမ္မာကို သူ၏တပည့်ရဟန်းငါးရာတို့အား မကျဉ်းအကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓ တာဝိံသာသို့ တက်ကြွသွားသောနေ့ကမှ အရှင်သာရိပုတ္တရာထံ၌ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသောအမျိုးကောင်းသား ၅၀၀-တို့သည် ထိုနေ့ (၀ါဆိုလပြည့်နေ့) မှာပင် ရဟန်းပြုကြ၊ ထို့နောင် တနေ့မှာပင် အဘိဓမ္မာ-ကို နာကြားကြရလေသည်။ ထိုအဘိဓမ္မာ တရားသည်ပင် ထိုရဟန်းတို့အတွက် ၀ိပဿနာ-ဖြစ်ရပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း ၅၀၀-တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓ ခုနစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ ၇-ကျမ်း ဆောင်တို့ (အာဘိဓမ္မိက၊ သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ-အားလုံးတို့ကို ရှေးဦးစွာ စုပေါင်း သိမ်းကျုံး၍ ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ ပြသည်။ တဖန်ဓာတ်ခွဲ၍ ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်းဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့် ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။
ထို့နောင် အစုံစုံပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ ၇-ကျမ်း၌ စိတ် စေတသိက် ရုပ်တို့ စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုး ဆက်ခြင်းဟူသော ခုနစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာ နည်းစနစ်များ ဖြစ်ကြကုန်၏။ ထို့ကြောင့် အဘိဓမ္မာဝိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသောနေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသောနေ့မှာပင် သူတို့ ၀ိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေသည်။
ဝိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊၊ အနတ္တ၊ ပရမတ္ထတို့ကိုရှု၍ စူးစမ်း၍ ထွင်းဖောက်၍ သစ္စာနှင့်သန္တိကို ရှာဖွေသောစနစ် နည်းပညာတခုပင် ဖြစ်သည်။ ရုပ်၏သဘာဝ ရုပ်နှင့်ရုပ်ချင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံ၊ နာမ်၏သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာဏ်ဖြစ်စဉ်ဆယ်မျိုးမှာ ပြထားသည့်အတိုင်း သန့်စင်ပုံ ခုနစ်မျိုး တိုးတက်ပုံများကို ပြထားသည့်အတိုင်း အတွင်းကိုယ်နှိုက် စူးစိုက်၍ အရှိကိုရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာ တသားတည်း ဖြစ်လေသည်။
ဝိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည် ဖြစ်သောကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲ၍မရ ဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာ ရှုရမည်ဟုဆိုလိုသည် မဟုတ်သော်လည်း ၀ိပ္ပနာရှုနေခြင်းသည် အဘိဓမ္မာ သင်ကြားနေခြင်းတမျိုးလည်း ဖြစ်သည်။ စိတ် စေတသိက် ရုပ် တို့သည် တလံမျှသော ကိုယ်၌ အစဉ်အမြဲရှိ၍ နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထိုစိတ် စေတသိက် ရုပ်တို့၏ သဘာဝကို စူးစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍ မရနိုင်သော လုပ်ငန်းများ ဖြစ်ကြသည်။
အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာ မဖြစ်သောကြောင့် အဘိဓမ္မာနှင့် ၀ိပဿနာ ခွဲ၍မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ တဏှာ ကံသာ အကြောင်းရင်း ရှိကြောင်း ကံ စိတ် ဥတု အာဟာရသာ အထောက်အပံ့ရှိကြောင်း ကောင်းစွာ ဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်ကြောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့က ကောင်းစွာထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာ ယောဂီတို့ လူ့ဘ၀ကို လေ့လာသည့် နည်းပညာဖြစ်သည့် အဘိဓမ္မာ-ကို လက်မလွှတ်သင့်ကြောင်း ကောင်းစွာတင်ပြအပ်ပါသတည်း။

( သီတဂူ ဆရာတော် )

ဆင်းရဲ သုံးမျိုး

ဆင်းရဲ သုံးမျိုး

(၁) ဒုက္ခ ဒုက္ခ

(၂) ၀ိပရိနာမ ဒုက္ခ

(၃) သင်္ခါရ ဒုက္ခ

ဒီဆင်းရဲသုံးမျိုးအနက် ဒုက္ခဒုက္ခ-ဆိုတာ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဟာ အမှန်ဆင်းရဲတာဖြစ်လို့ ဒုက္ခဒုက္ခလို့ ခေါ်တယ်။ ဒီ ဒုက္ခဒုက္ခဆင်းရဲမျိုးကိုတော့ ရှာဖွေနေဖို့ မလိုဘူး။ မရှာဘဲနဲ့တောင် တွေ့ရလွန်းလို့ ခက်နေတယ်။

ဝိပရိနာမဒုက္ခ-ဆိုတာ ဖောက်ပြန်သော ဆင်းရဲခြင်းလို့ ဆိုလိုတယ်။ ဘယ်လိုဖောက်ပြန်သော ဆင်းရဲခြင်းလဲဆိုတော့ ဥပမာ-ည ပွဲကြည့်တာပေါ့။ ကိုယ့်စိတ်ကတော့ နှစ်သက်သာယာပြီး ချမ်းသာသလိုလို ထင်နေတယ်။ အမှန်ကတော့ ဆင်းရဲခြင်းတရားပဲ။ အဲဒီလို ဆင်းရဲတာကို ချမ်းသာလို့ထင်နေတဲ့ ဆင်းရဲက ၀ိပရိနာမ ဒုက္ခတဲ့။ သူ့ကိုလည်း ရှာဖွေဖို့မလိုပါဘူး။ အနည်းငယ် စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ရှာဖွေရမည့် ဒုက္ခက သင်္ခါရဒုက္ခ-တဲ့။

သင်္ခါရဆိုတာ အနက်လေးမျိုး ရှိတယ်။ အဘိဓာန်ဂါထာ နံပါတ် ၈၃၂-မှာ-

သင်္ခါရော သင်္ခတေ ပုညာ-ဘိသင်္ခါရာဒိကေ ပိစ ။

ပယောဂေ ကာလေ သင်္ခါရာ၊ ဒျဘိ သံခရဏေသု စ ။ တဲ့

၁။ သင်္ခါရဆိုတဲ့ပုဒ်က ရုပ်နာမ် သင်္ခတအနက်ကိုလည်း ဟောတယ်။

၂။ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနဉ္ဇာဘိသင်္ခါရ ဆိုတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ ကိုလည်းဟောတယ်။

၃။ အားထုတ်ခြင်း လုံ့လအနက်ကိုလည်း ဟောတယ်။

၎။ ကာယသင်္ခါရ၊ ၀စီသင်္ခါရ၊ မနောသင်္ခါရ ဆိုတဲ့ ကိုယ် နှုတ် စိတ်တို့ဖြင့် ပြုလုပ်ခြင်း အနက်ကိုလည်း ဟောတယ်။

အဲဒီ သင်္ခါရအနက်တွေထဲက သင်္ခါရ ဒုက္ခ-ဆိုတာဟာ ရုပ်နာမ်ဆင်းရဲခြင်းကို ဆိုလိုတယ်။ ဆင်းရဲခြင်းဒုက္ခက ကင်းလွတ်လိုလျှင် ရုပ်နာမ်တရားရဲ့ ဆင်းရဲခြင်းဒုက္ခအစစ်ကို မြင်အောင် ရှာပါတဲ့။
ဒုက္ခ-လို့ ဒီနေရာမှာသုံးတာက ဆိုင်းထမ်းဥပမာနှင့် သုံးတာပါ။ ဆိုင်းထမ်းတဲ့သူဟာ အလယ်ကထမ်းတော့ ဘေးကနှစ်ခုဟာ အလိုအလျောက် ပါသွားတဲ့ ဥပမာလို ရုပ်နာမ်ရဲ့ လက္ခဏာဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ သုံးမျိုးရှိရာမှာ ဒုက္ခကိုမြင်လျှင် ကျန်တဲ့ အနိစ္စ၊ အနတ္တတရားများကို မြင်လာတာပေါ့။ အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုမြင်လျှင် ရုပ်နာမ်အပေါ် တပ်မက်တဲ့တဏှာ မရှိတော့ဘူး။ ဒုက္ခသစ္စာခေါ်ရတဲ့ ရုပ်နာမ်အသစ်လည်း မဖြစ်တော့ဘူး။ စစ်မှန်သောဆင်းရဲခြင်း ချုပ်ငြိမ်းသွားပြီ။

ဒါကြောင့် ဆင်းရဲဒုက္ခက ကင်းလွတ်ချင်လျှင် ဆင်းရဲဒုက္ခအစစ်ကို တွေ့အောင်ရှာလို့ ပြောခဲ့တာပေါ့။

( တည်တောဆရာတော် )

ကိလေသာမွှေနောက် မိုးအောက်ကလူတွေ-စာအုပ် နှာ ၁၇-မှ

ကိလေသာ ပယ်သတ် နည်း

တထောင့်ငါးရာ ကိလေသာတွေဟာ ဘယ်မှာကိန်းအောင်းပါသလဲ ဆိုရင် ခန္ဓာအစဉ်မှာ ကိန်းအောင်နေပါတယ်။

ခန္ဒာအစဉ်ဆိုတာကို အနည်းငယ်ချဲ့ပြီး ပြောပြပါဦးမယ်။

လောကမှာ ပညတ်တရား, ပရမတ်တရားလို့ တရားနှစ်မျိုးရှိတယ်။ ပညတ်တရားဆိုတာ လူတယောက်နဲ့တယောက် စကားပြောကြတဲ့အခါ နားလည်လွယ်အောင် စကားပြောလို့ဖြစ်အောင် ရှေးပညာရှင်ကြီးများ တင်စားခေါ်ဝေါ်ထားတဲ့ ယောက်ျား, မိန်းမ, လူ, နတ် ဆိုတဲ့ အမည်နာမတွေဟာ ပညတ်တွေပဲ။ ပုထုဇဉ်မှန်သမျှ ပညတ်ကိုသာ သိတယ်။ ပညတ်ကို ဖောက်ခွဲပြီး ပရမတ်ကို မသိကြဘူး။ ပရမတ်ကို မသိကြလို့ လူကို လူလို့ထင်တယ်။ ခွေး, နွား, ကြက်, ၀က်-ကို ခွေး, နွား, ကြက်, ၀က်-လို့ပဲထင်တယ်။ မိန်းမကို မိန်းမလို့ ထင်ပြီး ယောက်ျားကို ယောက်ျားလို့ ထင်ကြတယ်။

ပညတ်ဆိုတာ တင်စားထားတာ။ တကယ်စစ်မှန်တဲ့ ပရမတ်မဟုတ်ဘူး။ ဒါကြောင့် ငါ, သူတပါး, ယောက်ျား, မိန်းမ, လူ, နတ် စတဲ့ ပညတ်တို့ရဲ့ အမှန်ရှိတဲ့တရားကို ကြည့်လိုက်တော့ ရုပ်တရားနှင့် နာမ်တရားသာ ရှိတယ်။ ငါ, သူတပါး, ယောက်ျား, မိန်းမ, လူ, နတ် ဆိုတာက တင်စားထားတဲ့ ပညတ်။ အမှန်တရား မဟုတ်ဘူး။ အမှန်တရားက ရုပ်တရားနှင့် နာမ်တရားပဲ။ အဲဒီ ရုပ်တရားနှင့် နာမ်တရားကတော့ မြဲမြံခိုင်ခံ့တည်တံ့တဲ့ တရားတွေလားဆိုတော့ အဖြစ်နှင့်အပျက် (ဖြစ်ပြီးလျှင် ပျက်၊ ပျက်ပြီးလျှင် ဖြစ်) တဲ့ ခန္ဓာအစဉ်မျှသာဖြစ်တယ်။

မြဲမြံခိုင်ခံ့တည်တံ့တဲ့တရား တခုမျှမဟုတ်ဘူး။ မိမိတို့သန္တာန်မှာ ဖြစ်ပွားနေကြတဲ့ တထောင့်ငါးရာ ကိလေသာတွေဟာ အဲဓီခန္ဓာအစဉ်မှာ ကိန်းအောင်ကြတယ်။ ကိလေသာကိန်းအောင်းတာက သုံးမျိုးရှိတယ်။

အဲဒီကိလေသာသုံးမျိုးကို-

၁။ အနုသယ ကိလေသာ

၂။ ပရိယုဋ္ဌာန ကိလေသာ

၃။ ၀ီတိက္ကမ ကိလေသာ-လို့ခေါ်တယ်။

၁။ အနုသယ ကိလေသာ-ဆိုတာ ဥပါဒ်, ဌီ, ဘင် အားဖြင့် ထင်ရှားမဖြစ်ပေါ်ဘဲ အိပ်ပျော်နေတဲ့ ကိလေသာမျိုးကိုခေါ်တယ်။

၂။ ပရိယုဋ္ဌာန ကိလေသာ-ဆိုတာဟာ ဒွါရနှင့်အာရုံ တိုက်ကြုံမိပြီး အတွင်းသန္တာန်မှာ ထကြွသောင်းကျန်းလာတဲ့ ကိလေသာမျိုးကို ခေါ်တယ်။ အိပ်ပျော်ရာက နိုးလာတဲ့ ကိလေသာပေါ့။

အဲဒီ ပရိယုဋ္ဌာန ကိလေသာက မိမိစိတ်အတွင်းမှာသာ သောင်းကျန်းထကြွလာတာဖြစ်လို့ အပြင်လူ အနေနဲ့ သိပ်မသိသာဘူး။ အကဲခတ်ကြည့်မှ သိသာတဲ့ ကိလေသာမျိုးပေါ့။

၃။ ၀ီတိက္ကမ ကိလေသာ-ဆိုတာက စိတ်အတွင်း သောင်းကျန်းရုံမကဘူး။ စိတ်မှာ မှီခိုတဲ့ ကိလေသာက စိတ်ကိုပါမက ခန္ဓာကိုယ်ကိုပါ နိုင်ပြီး လွန်ကျူးမိတဲ့ ကိလေသာမျိုးဖြစ်တယ်။

ဒီကိလေသာသုံးမျိုးဟာ ရုပ်အစဉ် နာမ်အစဉ်မှာ ကိန်းအောင်းတယ်။

ဒီကိလေသာတွေကုန်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတော့ အတိုချုပ်အားဖြင့်                                    ၀ိပဿနာရှုရမှာပါ။                 ၀ိပဿနာရှုတယ်ဆိုတာ ပညတ်အပေါ် ရှုလို့မရဘူး။ ပရမတ်အပေါ်မှာ ရှုရတယ်။ ပညတ်က မျက်စိနှင့်မြင်ကောင်းတယ်။ ရုပ်နာမ်ဆိုတဲ့ ပရမတ်ကတော့ မျက်စိနှင့် မမြင်ရဘူး။ ဉာဏ်နှင့်မြင်မှ ရတယ်။ ဉာဏ်နှင့်မြင်တဲ့ရုပ်နာမ်က အမှန်တကယ်ရှိတယ်။ မျက်စိနှင့်မြင်တဲ့ ငါ, သူတပါး, ယောက်ျား, မိန်းမ စတဲ့ ပညတ်က အမှန်တကယ်မရှိဘူး။

ဒါပေမယ့် မျက်စိနဲ့မြင်တွေ့နေရတဲ့ ငါ, သူတပါး, ယောက်ျား, မိန်းမ ဆိုတဲ့ ပညတ်ကို ပုထုဇဉ်တွေက အမှန်တကယ်ရှိတယ်ထင်လို့ ပညတ်အပေါ် လိုချင်မှု (လောဘ)၊ ပြစ်မှားမှု (ဒေါသ) စတဲ့ ကိလေသာတွေ ဖြစ်နေကြတာ။ မျက်စိနှင့် မြင်ရတာဟာ ပညတ်ပဲ။ ပညတ်ဆိုတာ တကယ်ရှိတာ မဟုတ်ဘူး။ တကယ်ရှိတဲ့တရားက ရုပ်နာမ်ပါလား။ တကယ်ရှိတယ်ဆိုတဲ့ ရုပ်နာမ်ဟာလည်း ဖြစ်ပျက်မျှသာပါကလားလို့ သိခဲ့လျှင် ကိလေသာဆိုတာ မဖြစ်တော့ဘူးပေါ့။ ဒါကြောင့် ဒီကိလေသာတွေကုန်အောင် ၀ိပဿနာ လုပ်ရမယ်လို့ ပြောခဲ့တာပါ။

ဒီကိလေသာတွေကို ဘယ်စိတ်နဲ့ ပယ်သလဲဆိုတော့ ကုသိုလ်စိတ်နဲ့ ပယ်တယ်။

အဲဒီကုသိုလ်က-

၁။ ကာမကုသိုလ်

၂။ မဟဂ္ဂုတ်ကုသိုလ်

၃။ လောကုတ္တရာကုသိုလ်-လို့ သုံးမျိုးရှိပါတယ်။ အဲဒီ သုံးမျိုးအနက်

ကာမသတ္တ၀ါတွေရဲ့ သန္တာန်မှာဖြစ်တဲ့ ကုသိုလ်ကို ကာမကုသိုလ်လို့ ခေါ်တယ်။ ကာမသတ္တ၀ါဆိုတာ သတ္တ၀ါများ ကျင်လည်ရာ ၃၁-ဘုံအတွင်းက အပါယ်လေးဘုံရယ်, လူ့ဘုံရယ်,နတ်ပြည်ခြောက်ဘုံရယ်။ ဒီ ၁၁-ဘုံကို ကာမတရား ကျက်စားကျင်လည်ရာဖြစ်လို့ ကာမဘုံလို့ ခေါ်တယ်။ ဒီကာမ ၁၁-ဘုံမှာဖြစ်တဲ့ သတ္တ၀ါကိုတော့ ကာမသတ္တ၀ါလို့ခေါ်တယ်။

အဲဒီကာမသတ္တ၀ါရဲ့ သန္တာန်မှာဖြစ်တဲ့ ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာကုသိုလ်ကို (ကာမကုသိုလ်) လို့ခေါ်တယ်။ ကာမကုသိုလ်စိတ်က ကိလေသာကာမတရားများကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတဲ့။ တဒင်္ဂပဟာန်ဆိုတာ ခေတ္တမျှသာ ပယ်နိုင်တယ်လို့ ဆိုလိုတယ်။
မဟဂ္ဂုတ်ကုသိုလ်က ကိလေသာတရားကို ၀ိက္ခမ္ဘနပဟာန်အားဖြင့် ပယ်သတဲ့။ ဘယ်လိုပယ်ခွါတာလဲဆိုတော့ မဟဂ္ဂုတ်ကုသိုလ်က ကိလေသာကို ဈာန်ရသမျှ ပယ်ခွါတယ်လို့ ဆိုလိုတယ်။ မဟဂ္ဂုတ်ကုသိုလ်ဆိုတာ ရုပကုသိုလ် ငါးခုနှင့် အရူပကုသိုလ်လေးခု ပေါင်း ၉-ခုသော ကုသိုလ်ကို ဆိုလိုရင်းဖြစ်တယ်။ မိမိတို့သန္တာန်မှာ မဟဂ္ဂုတ်ကုသိုလ် ၉-ခု ဖြစ်ပွားခဲ့လျှင် ကိလေသာတရားတွေကို ဈာန်ရနေသမျှ ကာလပတ်လုံး ပယ်ခွါနိုင်သတဲ့။ ဈာန်ရနေသမျှ ကာလပတ်လုံး ကိလေသာကို ပ်ာခွါနိုင်သည်ကို ထောက်လို့ ဈာန်ပျက်သည်နှင့်တပြိုင်နက် ကိလေသာတွေ ပြန်ပေါ်လာနိုင်သေးတယ်လို့ မှတ်ရမယ်။

ကာမကုသိုလ်တို့ မဟဂ္ဂုတ်ကုသိုလ်တို့ဟာ ကိလေသာကို အကြွင်းမဲ့ မပယ်နိုင်ကြဘူး။ ခေတ္တခဏမျှသာ ပယ်ခွါနိုင်တယ်။ ကိလေသာတွေ နောင်ပြန်မပေါ်အောင် ပယ်ခွါနိုင်တဲ့ကုသိုလ်က လောကုတ္တရာ ကုသိုလ်ဖြစ်တယ်။ လောကုတ္တရာကုသိုလ်က ကိလေသာတွေကို နောက်တဖန် မပေါ်လာအောင် သမုစ္ဆေဒပဟာန်နှင့် ပယ်ခွါနိုင်တယ်။ (သမုစ္ဆေဒ ဆိုတာ ကောင်းစွာ အကြွင်းအကျန်မရှိ ပယ်ဖြတ်တယ်လို့ ဆိုလိုပါတယ်။)

ကိလေသာကို တထောင့်ငါးရာ ကိလေသာ-လို့ သုံးနှုန်းကြတယ်။ အမှန် ကိလေသာကတော့ တရားကိုယ်အားဖြင့် ၁၀-ပါးတည်းရှိတယ်။ ကိလေသာဆယ်ပါးက-( လောဘ,ဒေါသ, မောဟ, မာန, ဒိဋ္ဌိ,  ၀ိစိကိစ္ဆာ, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ) တို့ ဖြစ်ကြတယ်။

ကိလေသာ ၁၀-ပါးအနက် ဒိဋ္ဌိ နှင့် ၀ိစိကိစ္ဆာကို သောတာပတ္တိမဂ်ကုသိုလ်က ပယ်တယ်။

ဒေါသကို အနာဂါမိမဂ်ကုသိုလ်က ပယ်တယ်။

ကျန်တဲ့ကိလေသာတွေကိုတော့ အရဟတ္တမဂ်ကုသိုလ်က ပယ်တယ်။

သကဒါဂါမိမဂ်ကုသိုလ်ကတော့ ဘယ်ကိလေသာကိုမှ မပယ်နိုင်ဘူး။ သို့သော်လည်း ကိလေသာတွေ ခေါင်းပါးသွားအောင် အားနည်းသွားအောင်တော့ ပြုလုပ်နိုင်သတဲ့။

လောကုတ္တရာကုသိုလ်က ကာမကုသိုလ်,မဟဂ္ဂုတ်ကုသိုလ်တို့လို ကိလေသာကို ပယ်တာခြင်းတူသော်လည်း တော်တော်ကြာ ပြန်ပေါ်လာတဲ့ ပယ်နည်းမျိုး မဟုတ်ဘူး။ ပယ်ပြီးတဲ့နောက် လုံးဝပြန်မပေါ်လာတော့တဲ့ ပယ်နည်းမျိုးဖြစ်တယ်။ ဒါကြောင့် လောကုတ္တရာကုသိုလ်ရဲ့ ပယ်နည်းကို သမုစ္ဆေဒပဟာန်ပယ်နည်းလို့ ကျမ်းများမှာ ပြထားတယ်။

( တည်တော ဆရာတော် )

ကိလေသာမွှေနောက် မိုးအောက်ကလူတွေ-မှ

သင်္ဂဟတရားလေးပါး

သင်္ဂဟတရား လေးပါး

သင်္ဂဟသည် ပါဠိစကားဖြစ်သည်။ ချီးမြှောက်ခြင်းဟူ၍ အနက်အဓိပ္ပါယ်ရသည်။ ချီးမြှောက်ခြင်းဟူရာ၌ တပါးသူတို့အား ချီးမြှောက်ခြင်းကို ဆိုလိုသညိ။ ဤသင်္ဂဟတရား ထွန်းကားမှ လောကကြီး သာယာငြိမ်းချမ်းသည်။ အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြသည်။ တဦးနှင့်တဦး ဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသော တရားများဖြစ်ကြ၏။

မြတ်စွာဘုရားရှင်၏ ဟောကြားတော်မူချက် အရ သင်္ဂဟတရားလေးပါးရှိသည်။

ယင်းတို့မှာ-

၁။ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှောက်ခြင်း (ဒါန)

၂။ ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း (ပေယျဝစ္စ)

၃။ သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီူးမြှောက်ခြင်း (အတ္ထစရိယာ)

၎။ ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း (သမာနတ္ထတာ) တို့ဖြစ်သည်။

ဤနေရာ၌ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီူမြှောက်ခြင်း ဆိုသည်မှာ-ပစ္စည်းလက်ဆောင်ပေး၍ ချီးမြှောက်ခြင်းဖြစ်သည်။

ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-လူအများနှင့် ဆက်ဆံပြောဆိုရာတွင် နားဝင်ချိုသာသည့် အခေါ်အဝေါ်မျိုး၊ အပြောမျိုးဖြင့် ဆက်ဆံခြင်းဖြစ်သည်။

အဖေ အမေ အကိုအမ အဒေါ် ဦးကြီးဦးလေး ညီမလေး ညီလေး မောင်လေး စသည်ဖြင့်ခေါ်၍ ခင်မင်စွာ ပြောဆိုဆက်ဆံခြင်းဖြစ်သည်။

သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-တပါးသူတို့၌ သာမှု နာမှု ပြစ်မှု စသော ကိစ္စရပ်များ ကြုံလာလျှင် လက်ဆောင်ပေးပို့ရုံဖြင့် မပြီးသေး၊ ချစ်ဖွယ်စကား ပြောနေ၍လည်း မပြီးသေး၊ ထိုကိစ္စများ ပြီးစီးအောင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ရခြင်း ဖြစ်သည်။

ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-အမျိုး ဥစ္စာ ရာထူး ဂုဏ်သိန်အားဖြင့် မိမိနှင့်မညီမျှသော်လည်း တန်းတူထား၍ ပေါင်းသင်း ဆက်ဆံရခြင်း ဖြစ်သည်။

ဘုရားရှင်က-ဤသင်္ဂဟတရား လေးမျိုးတို့သည် သွားနေသော ရထား (လှည်း) ကို ဘီးထွက်မသွားအောင် ၀င်ရိုးအစွန်း၌ တပ်ထားသော နားစောင့်က ချီးမြှောက်ထောက်ပံ့ထားသကဲ့သို့ လူ့လောကကို ချီးမြှောက်ထားသော တရားတို့မည်ကုန်၏။ မိခင်အရင်းပင်ဖြစ်စေကာမူ သားသမီးတို့အပေါ်၌ သင်္ဂဟတရားလေးပါး ပျက်ကွက်လျှင် သားသမီးတို့၏ မြတ်နိုးခြင်း၊ ပူဇော်ခြင်းကို မခံရပေ။ ဖခင်လည်း ထို့အတူပင် သင်္ဂတရားလေးပါး ပျက်ကွက်လျှင် သားသမီး၏ မြတ်နိုးခြင်း၊ ပူဇော်ခြင်းကို မခံရပေ။ ပညာရှိတို့သည် ထိုသင်္ဂဟတရားတို့ကို ကောင်းစွာ ဆင်ခြင်ကုန်သောကြောင့် မြင့်မြတ်ခြင်းသို့ ရောက်ကြကုန်၏။ ထိုပညာရှိတို့ကား ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်များ ဖြစ်၏-ဟူ၍ ဆိုဆုံးမထားပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့အားလုံး လူငယ် လူရွယ် လူကြီးမရွေး၊ အမျိုး ဘာသာမရွေး၊ သင်္ဂဟတရားလေးပါးကို လိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့ဘ၀နှင့် လောကကြီး ငြိမ်းချမ်းသာယာအောင် ပြုလုပ်ဆောင်ရွက်သင့်ကြပေသည်။

တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီး

တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးကို မြန်မာနိုင်ငံတွင် ၁၉၄၉-ခုနှစ်မှစ၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့သည်။ ယခုအခါ ၅၄-ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးကိုပင် ကျင်းပပြီးစီးခဲ့ပေပြီ။

တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးမှာ ပိဋကတ်သုံးပုံကို အာဂုံပြန်နှင့် သဘောရေးဖြေ နှစ်မျိုးလုံး ပြန်ဆိုဖြေကြရသော စာမေးပွဲကြီးဖြစ်သည်။ အဆင့်အတန်း အမြင့်ဆုံးနှင့် အခက်ခဲဆုံးစာမေးပွဲကြီးလည်း ဖြစ်သည်။ ရက်ပေါင်း ၃၃-ရက်တိုင်တိုင် ဖြေဆိုရသဖြင့် စာမေးပွဲဖြေဆိုရက် အကြာမြင့်ဆုံးသော စာမေးပွဲကြီးလည်း ဖြစ်သည်။

တိပိဋကဓရ သာသနာ့အာဇာနည်ဘွဲ့ထူးကို ခံယူနိုင်ရန်-

(က) စာမျက်နှာ ၂၂၆၀-ရှိသော ၀ိနယပိဋကတ်ကို၎င်း။

(ခ) စာမျက်နှာ ၇၇၉-ရှိသော သုတ္တန္တပိဋကတ်ကို၎င်း။

(ဂ) စာမျက်နှာ ၄၉၈၇-ရှိသော အဘိဓမ္မပိဋကတ်ကို၎င်း။

စုစုပေါင်း စာမျက်နှာ ၈၀၂၆-ရှိသော ပိဋကတ်သုံးပုံကို ကောင်းမွန်စွာ အာဂုံပြန်ဆိုနိုင်ကြရသည်။

ထို့ပြင် ထိုပိဋကတ်သုံးပုံ ပါဠိတော်များ၏ သဘောသဘာဝ အနက်အဓိပ္ပါယ် အ၀၀တို့ကိုလည်း အဋ္ဌကထာ, ဋီကာ, အနု, မဓု, ယောဇနာ, ဂဏ္ဍိ-ဖွင့်ဆိုချက်များနှင့်အညီ အောင်မြင်စွာ ဖြေဆိုနိုင်ကြရသည်။ တိပိဋကဓရ ဘွဲ့ထူးကို ဆွတ်ခူးနိုင်ရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။

ဤမျှခက်ခဲသော်လည်း ယနေ့အထိ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့ထူးကို ဆွတ်ခူးရရှိတော်မူသော ရဟန်းမြတ် အားဇာနည်များမှာ ၉-ပါးအထိ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ သာသနာတော်အတွက် ၀မ်းမြောက်ဖွယ် အားတက်ဖွယ် ကောင်းလှပေသည်။ လှိုက်လှဲစွာလည်း ဦးခိုက်ပူဇော်မိပါသည်။

ဤသို့ သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးများ ပေါ်ထွက်လာအောင် စာရင်းသွင်းဖြေဆိုကြသည့် သာသနာ့အာဇာနည် လောင်းလျာများကိုလည်း အထူးကျေးဇူးတင်မိပါသည်။ ချီးကျူးဂုဏ်ယူမိပါသည်။ ထို့ပြင် စီစဉ်အားပေးချီးမြှောက်လျက်ရှိတော်မူကြသော သာသနာ့ဦးသျှောင် မထေရ်မြတ်ကြီးများကိုလည်း ဦးခိုက်မိပါသည်။ ပြည်သူတို့၏ သဒ္ဓါစေတနာ ထက်သန်စွာ အားပေးပူဇော်မှုတို့ကိုလည်း သာဓုခေါ်မိပါသည်။

မြန်မာနိုင်ငံ ထေရ၀ါဒ ရဟန်းတော်များ

မြန်မာနိုင်ငံတွင် ထေရ၀ါဒ ရဟန်းတော်များမှာ ၂၀၀၁-ခုနှစ် စာရင်းအရ မြန်မာနိုင်ငံတွင် လက်ရှိသာသနာပြုလျက်ရှိသော ရဟန်းတော်ပေါင်းမှာ-၁၇၀၁၆၅-ပါး ရှိပေသည်။

ထိုရဟန်းတော်များ သီးတင်းသုံးလျက်ရှိသော ဘုန်းတော်ကြီးကျောင်းပေါင်းမှာ-၅၁၈၁၄-ကျောင်း ရှိသည်။
သာသနာ့နွယ်ဝင် သီလရှင်ပေါင်းမှာ-၂၆၂၃၂-ပါးဖြစ်ပြီး
သီလရှင်ကျောင်းပေါင်းမှာ ၂၆၉၉-ကျောင်းရှိသည်။

မြန်မာနိုင်ငံ သာသနာတော်တွင် ဂိုဏ်းအားဖြင့် သံဃာ့ဂိုဏ်းကြီး ၉-ဂိုဏ်းရှိသည်။ ၄င်းတို့မှာ-

(၁) သုဓမ္မာဂုဏ်း

(၂) ရွှေကျင်ဂိုဏ်း

(၃) ဓမ္မာနုဓမ္မ (မဟာဒွါရ) နိကာယဂိုဏ်း

(၄) ဓမ္မ၀ိနယာနုလောမ (မူလဒွါရ) နိကာယဂိုဏ်း

(၅) အနောက်ချောင်း ဒွါရဂိုဏ်း

(၆) ဝေဠုဝန်နိကာယဂိုဏ်း

(၇) စတုဘုမ္မိက မဟာသတိပဋ္ဌာန် (ငှက်တွင်း) ဂိုဏ်း

(၈) ဂဏ၀ိမုတ် (ကူးတို့) ဂိုဏ်း

(၉) ဓမ္မယုတ္တိနိကာယ (မဟာရင်) ဂိုဏ်းတို့ ဖြစ်သည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို အဖွဲ့ဝင် ဆရာတော်ကြီး ၄၇-ပါးဖြင့် ဖွဲ့စည်းထားသည်။

ထိုအဖွဲ့ဝင် ဆရာတော်များကို အဖွဲ့ခွဲ သုံးခု ခွဲထားသည်။

နွေ အဖွဲ့ခွဲ၊ မိုး အဖွဲ့ခွဲ၊ ဆောင်း အဖွဲ့ခွဲ တို့ဖြစ်သည်။

အဖွဲ့ခွဲတခုသည် ၄-လစီ သာသနာ့တာဝန်ကို ထမ်းဆောင်ရပေသည်။



မေတ္တာဖြင့်

မော်လူး မှ  ထပ်ဆင့် တင်ပြ လိုက်ပါသည်
 
အောင်ပြည့်စုံအေး