Search This Blog

Sunday, May 3, 2020

အနတ္တလက္ခဏသုတ် မြန်မာပြန်

                                                    အနတ္တလက္ခဏသုတ် မြန်မာပြန်  

အနတ္တလက္ခဏသုတ် နိဒါန်း -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို ရဟန်းတို့ဟု မိန့်တော်မူ၏။ အသျှင်ဘုရားဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြ ကုန်၏။

- ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ -
ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ် စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရ။

- ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ -

ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်းမရ။

- သညာက္ခန္ဓာ အနတ္တဖြစ်ပုံ -

သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။

- သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ -

သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသင်္ခါရတို့သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရလည်းမရ။

- ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ -

ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဝိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝိညာဏ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ဝိညာဏ်သည် ဤသို့မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရလည်း မရ။

- ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး -

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

- နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး -

ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည် ငါဖြစ်၏၊ ဤသညာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည် လော။ မသင့်လျော်ပါ အသျှင်ဘုရား။

သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

- ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

- ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို ဤ ဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ ဝေဒနာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

- သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသောသညာကို ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာသည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

- သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်အတ္တမဟုတ်ကုန်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

- ဝိညာဏ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

- နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ -

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။

- ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ -

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်ပြီ။

ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီ ရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။

အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။

No comments:

Post a Comment