Search This Blog

Sunday, May 3, 2020

အခန်း(၉) ကမ္မဋ္ဌာန်းပိုင်း -၂

 အခန်း(၉) ကမ္မဋ္ဌာန်းပိုင်း -၂

ဝိပဿနာကမ္မဋ္ဌာန်း

ဤအခန်းဝယ် သိမှတ်ဖွယ်ရာ အကြောင်းအရာများမှာ ဝိသုဒ္ဓိ ၇-ပါး၊ လက္ခဏာ ၃-ပါး၊ အနုပဿနာ ၃-ပါး၊ ဝိပဿနာဉာဏ် ၁၀-ပါး၊ ဝိမောက္ခ ၃-ပါး၊ ဝိမောက္ခမုခ ၃-ပါးတို့တည်း။

က။ ဝိသုဒ္ဓိ ၇-ပါး။ ။အထူးစင်ကြယ်သောတရား ၇-ပါး။

၁။ သီလဝိသုဒ္ဓိ = သီလ၏စင်ကြယ်ခြင်း။
၂။ စိတ္တဝိသုဒ္ဓိ = နီဝရဏအညစ်အကြေးတို့မှ စိတ်၏စင်ကြယ်ခြင်း။
၃။ ဒိဋ္ဌိဝိသုဒ္ဓိ = နာမ်ရုပ်တို့ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အားဖြင့် ဆင်ခြင်သဖြင့် အတ္တဟု စွဲလမ်းသော မိစ္ဆာအယူမှ စင်ကြယ်ခြင်း။
၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ = နာမ်ရုပ်တို့နှင့် ပတ်သက်သည့် ၁၆-ပါးသော ယုံမှားသံသယကို လွန်မြောက်ကြောင်း ဖြစ်သည့်ဉာဏ်။
၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ = လမ်းမှန်နှင့် လမ်းမှားတို့ကို ပိုင်းခြား၍ ထင်ရှားစွာ သိမြင်တတ်သောဉာဏ်။
၆။ ပဋိပဒါဉာဏ်ဒဿနဝိသုဒ္ဓိ = မဂ်ဖိုလ်သို့ ရောက်ကြောင်းဖြစ်သော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း။
၇။ ဉာဏဒဿနဝိသုဒ္ဓိ = နိဗ္ဗာန်ကို သိမြင်တတ်သော မဂ်ဉာဏ် ၄-ပါး။

ခ။ လက္ခဏာ ၃-ပါး။ ။သင်္ခါရတရားတို့၏ အမှတ်အသား ၃-ပါး။
၁။ အနိစ္စလက္ခဏာ = ရုပ်နာမ်တရားတို့၏ မတည်မြဲခြင်း၊ ပျက်စီးတတ်ခြင်း အမှတ်အသား။
၂။ ဒုက္ခလက္ခဏာ = ရုပ်နာမ်တရားတို့၏ အဆက်မပြတ် ဖြစ်ပျက် ပြောင်းလဲခြင်း ပျက်စီးကုန်ဆုံးခြင်းတို့ဖြင့် နှိပ်စက်ညှဉ်းပန်းအပ်သော ဆင်းရဲပင်ပန်းခြင်း အမှတ်အသား။
၃။ အနတ္တလက္ခဏာ = ရုပ်နာမ်တရားတို့သည် ဖြစ်မြဲဓမ္မတာအတိုင်း ဖြစ်ပျက်သွားခြင်း၊ ပုဂ္ဂိုလ်တစ်ဦးစီ၏ အလိုသို့ မလိုက်ပါခြင်း၊ အနှစ်သာရမရှိခြင်း၊ ငါဟုမှတ်အပ်သည့် အတ္တမရှိခြင်းတည်းဟူသော အခြင်းအရာ အမှတ်အသား။

ဂ။ အနုပဿနာ ၃-ပါး။ ။သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု အဖန်ဖန် ရူတတ်သော ဉာဏ် ၃-ပါး။
၁။ အနိစ္စာနုပဿနာ = ရုပ်နာမ်တို့ကို အနိစ္စတည်းဟု အဖန်ဖန်ရူမှတ်တတ်သောဉာဏ်။
၂။ ဒုက္ခာနုပဿနာ = ရုပ်နာမ်တို့ကို ဒုက္ခတည်းဟု အဖန်ဖန်ရူတတ်သောဉာဏ်။
၃။ အနတ္တာနုပဿနာ = ရုပ်နာမ်တို့ကို အနတ္တတည်းဟု အဖန်ဖန်ရူတတ်သော ဉာဏ်။

ဃ။ ဝိပဿနာဉာဏ် ၁၀-ပါး။ ။အနုပဿနာဉာဏ်တို့ကို ဝိပဿနာဉာဏ်အဖြစ်ဖြင့် ဆင်ခြင် သုံးသပ်တတ်သောဉာဏ်။
၁။ သမ္မသနဉာဏ် = ရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတို့ဖြင့် ဆင်ခြင် သုံးသပ်တတ်သောဉာဏ်။
၂။ ဥဒယဗ္ဗယဉာဏ် = ရုပ်နာမ်တို့၏ ဖြစ်ပျက်ခြင်းကို ရူသိသောဉာဏ်။
၃။ ဘင်္ဂဉာဏ် = ရုပ်နာမ်တို့၏ ပျက်ခြင်းသဘောကို ရူသိသောဉာဏ်။
၄။ ဘယဉာဏ် = ရုပ်နာမ်သင်္ခါရတို့သည် ကြောက်လန့်ဖွယ်ရာ ဘေးဆိုးကြီးပါတကားဟု မြင်သိသောဉာဏ်။
၅။ အာဒီနဝဉာဏ် = ရုပ်နာမ်တရားတို့၏အပြစ်ကို မြင်သိသောဉာဏ်။
၆။ နိဗ္ဗိဒါဉာဏ် = ရုပ်နာမ်သင်္ခါရတို့ကို ငြီးငွေ့ဖွယ်အဖြစ် ရူမြင်သည့်ဉာဏ်။
၇။ မုစ္စိတုကမျတာဉာဏ် = ခန္ဓာငါးပါးရုပ်နာမ်တရားတို့၏ အနှောင်အဖွဲ့မှ လွတ်မြောက်ရန် အလိုရှိသောဉာဏ်။
၈။ ပဋနိသင်္ခါဉာဏ် = ရုပ်နာမ်အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်းအကြောင်း၏ ပြည့်စုံခြင်းအကျိုးငှာ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို တစ်ဖန် သိမ်းဆည်းသောဉာဏ်။
၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်လန့်ခြင်း နှစ်သက်ခြင်း မဖြစ်ဘဲ လျစ်လျူရူတတ်သောဉာဏ်။
၁၀။ အနုလောမဉာဏ် = အောက်ဝိပဿနာဉာဏ်တို့အား လည်းကောင်း၊ အထက်ဖြစ်သော ဗောဓိပက္ခိယတရား ၃၇-ပါးတို့အား လည်းကောင်း လျော်စွာ ဖြစ်သော ဉာဏ်(ဝါ)မဂ်ဖြစ်ခြင်းငှာလျော်သော ဉာဏ်။

င။ ဝိမောက္ခ ၃-ပါး။ ။ကိလေသာတို့မှ လွတ်သော မဂ်ဖိုလ်တရားကို ဝိမောက္ခဟု ခေါ်၏။
၁။ သုညတဝိမောက္ခ = ခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့၌ `အတ္တ´မရှိဟု အနတ္တာနုပဿနာဉာဏ်ဖြင့် မြင်သိ၍ ကိလေသာမှ လွတ်မြောက်သော မဂ်ဖိုလ်။
၂။ အနိမိတ္တဝိမောက္ခ = ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ `နိမိတ္တ´ခေါ် ပုံသဏ္ဌာန် မရှိကြောင်းကို အနိစ္စာနုပဿနာဉာဏ်ဖြင့် မြင်သိ၍ ကိလေသာမှ လွတ်မြောက်သော မဂ်ဖိုလ်။
၃။ အပ္ပဏိဟိတဝိမောက္ခ = ခန္ဓာငါးပါးရုပ်နာမ်တရားတို့၌ `တဏှာပဏိဓိ´ခေါ် တောင့်တတတ်သော တဏှာဖြင့် တောင့်တအပ်သည့် `သုခ´မရှိကြောင်းကို ဒုက္ခာနုပဿနာဉာဏ်ဖြင့် မြင်သိ၍ ကိလေသာမှ လွတ်မြောက်သော မဂ်ဖိုလ်။

စ။ ဝိမောက္ခမုခ ၃-ပါး။ ။မဂ်ဖိုလ်တည်းဟူသော ဝိမောက္ခသို့ ဝင်ရောက်ဖို့ရာ တံခါးပေါက်နှင့် တူသည့် ဝိပဿနာတရားကို ဝိမောက္ခမုခဟု ခေါ်၏။

၁။ အနတ္တာနုပဿနာ = သုညတာနုပဿနာ မည်သော ဝိမောက္ခမုခ။
ခန္ဓာကိုယ် ရုပ်နာမ်သင်္ခါရ၌ အတ္တမရှိဘဲ သုညချည်းဖြစ်သည်ကို ရူမြင်တတ်သော အနတ္တာနုပဿနာသည် သုညတာနုပဿနာမည်သော ဝိမောက္ခမုခ ဖြစ်၏။
၂။ အနိစ္စနုပဿနာ = အနိမိတ္တာနုပဿနာ မည်သော ဝိမောက္ခမုခ။
ခန္ဓာကိုယ်ရုပ်နာမ် သင်္ခါရ၌ ပုံသဏ္ဌာန်နိမိတ် မရှိကြောင်းကို ရူမြင်တတ်သော အနိစ္စာနုပဿနာသည် အနိမိတ္တာနုပဿနာမည်သော ဝိမောက္ခမုခ ဖြစ်၏။
၃။ ဒုက္ခာနုပဿနာ = အပ္ပဏိဟိတာနုပဿနာ မည်သော ဝိမောက္ခမုခ။
ခန္ဓာကိုယ် ရုပ်နာမ်သင်္ခါရ၌ ချမ်းသာ `သုခ´မရှိကြောင်းကို ရူမြင်တတ်သော ဒုက္ခာနုပဿနာသည် အပ္ပဏိဟိတာနုပဿနာ မည်သော ဝိမောက္ခမုခ ဖြစ်၏။

ဝိသုဒ္ဓိနှင့် ဉာဏ်အဆင့်ဆင့်ဖြစ်ပေါ်ပုံ
ပဇ္ဈိပဋိပဒါလမ်းစဉ်ဟု အမည်ရသော အင်္ဂါရှစ်ပါးရှိသည့် မဂ်လမ်းကြောင်း(ဝါ) သတိပဋ္ဌာန်း ၄-ပါးနှင့်အညီ ပွားများအားထုတ်သည့် ဝိပဿနာလမ်းကြောင်းသည် ဝိသုဒ္ဓိ ၇-ပါး၊ ဝိပဿနာဉာဏ်စဉ် ၁၀-ပါးနှင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ဖြစ်ပေါ်စေနိုင်သည့် တစ်ကြောင်းတည်းသော လမ်းကြောင်းဖြစ်၏။

ဤလမ်းစဉ်တွင် သီလသိက္ခာ၊ သမာဓိသိက္ခာနှင့် ပညာသိက္ခာတို့ ပါဝင်ကြပြီးလျှင် ဤလမ်းစဉ်အတိုင်း ကျင့်ကြံပွားများမူ၌ ဉာဏ်စဉ်အဆင့်ဆင့် ဝိသုဒ္ဓိအဆင့်ဆင့် ဖြစ်ပေါ်ပုံကို တင်ပြပါအံ့။
၁။ သီလဝိသုဒ္ဓိ။ ။သီလ၏ စင်ကြယ်ခြင်း။
လူပုဂ္ဂိုလ်တို့၌ ငါးပါးသီလမကျိုးမပေါက် မပြောက်မကျားအောင် လုံခြုံစွာ ထိန်းထားနိုင်လျှင် သီလဝိသုဒ္ဓိ ဖြစ်၏။ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလ တစ်မျိုးမျိုးကို လုံးခြုံစွာ စောင့်ထိန်းနိုင်လျှင် ပိုကောင်း၏။

ရဟန်းသံဃာများ၌ စတုပါရိသုဒ္ဓိသီလဟုခေါ်သော အောက်ပါ သီလ ၄-မျိုးစလုံး ထက်ဝန်းကျင် စင်ကြယ်မှသာလျှင် သီလဝိသုဒ္ဓ ဖြစ်၏။

က။ ပါတိမောက္ခသံဝရသီလ = `ဒွေမာတိကာ´ဟုခေါ်သော ပါတိမောက်နှင့် ဝိနည်းပါဠိတော်လာ သိက္ခာပုဒ်များကို ကောင်းစွာစောင့်ထိန်းခြင်း။
ခ။ ဣန္ဒြိယသံဝရသီလ = စက္ခုနြေ္ဒ၊ သောတိနြေ္ဒ စသည့် ဣနြေ္ဒ ၆-ပါး၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းခြင်း၊ ရူပါရုံ၊ သဒ္ဒါရုံ စသည့် အာရုံ ၆-ပါးနှင့် ဒွါရ ၆-ပါးတို့ အသီးသီး တွေ့ဆုံကြသည့်အခါ လောဘ၊ ဒေါသစသော ကိလေသာမဖြစ်ပေါ်အောင် စောင့်စည်းခြင်း ဖြစ်၏။
ဂ။ အာဇီဝပါရိသုဒ္ဓိသီလ = အသက်မွေးမူ သန့်ရှင်းစင်ကြယ်အောင် စောင့်စည်းခြင်း၊ ဒကာများထံမှ ချော့မော့ဖြားယောင်း သွေးဆောင် ဟန်ဆောင်မူစသည့် မိမိပယောဂမပါဘဲ စင်ကြယ်စွာရအပ်သည့် ပစ္စည်းလေးပါးကို ခံယူသုံးစွဲခြင်းဖြစ်၏။
ဃ။ ပစ္စယသန္နိဿိတသီလ = ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတည်းဟူသော ပစ္စည်း ၄-ပါးတို့ကို သုံးစွဲရသဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို ဆင်ခြင်သုံးစွဲလျှင် ဤသီလလုံခြုံ၏။

၂။ စိတ္တဝိသုဒ္ဓ။ ။စိတ်၏စင်ကြယ်ခြင်း။
သမထဘာဝနာကို ပွားများသဖြင့် `ဥပစာရသမာဓိ´သို့ ရောက်လျှင် နီဝရဏ အညစ်အကြေးများကို ဖယ်ရှားထားနိုင်လေပြီ။ သို့အတွက် ဥပစာရသမာဓိကို ရလျှင်ပင် စိတ္တဝိသုဒ္ဓိဖြစ်၏။

အပ္ပနာသမာဓိကို ရလျှင်မူ ဆိုဖွယ်ရာ မရှိပြီ။ ဝိပဿနာဘာဝနာပွားများမူ၌ ရရှိသော ခဏိကသမာဓိသည် ဥပစာရသမာဓိနှင့် ဆင်တူ၏။

သမာဓိတရားသည် ငြိမ်မဝပ်နေရာမှ နိုးကြားထကြွလာသော ပရိယုဋ္ဌာနကိလေသာတို့ကို နှိပ်ကွပ်ထားနိုင်၏။

၃။ ဒိဋ္ဌိဝိသုဒ္ဓိ။ ။အသိအမြင် ကြည်လင်သန့်ရှင်းခြင်း။
စိတ်စေတသိက်ဟူသော နာမ်တရား၊ နိပ္ဖန္နရုပ် ၁၈-ပါးတည်းဟူသော ရုပ်တရား၊ ဤနာမ်ရုပ်တို့အပေါ်၌ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တင်၍ အထပ်တပ်ဆင်ခြင်သောအခါ သိမူသည် စိတ်၊ ခံစားမူသည် ဝေဒနာ၊ မှတ်သားမူသည် သညာ၊ ပြုလုပ်အားထုတ်မူသည် သင်္ခါရ၊ ဖောက်ပြန်တတ်သော ခန္ဓာကိုယ်သည် ရုပ်တည်း။ ဤရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့မှတစ်ပါး အတ္တဟူသည့် အသက်ကောင် (ဝါ) လိပ်ပြာကောင် ဟူ၍ မရှိပြီဟု သိမြင်လာ၏။

ဤသို့ သိမြင်ခြင်းသည် အတ္တစွဲလမ်းမူဟူသော အညစ်အကြေးမှ ကင်းဝေးစင်ကြယ်သည့် ဉာဏ်ဖြစ်သဖြင့် ဒိဋ္ဌိဝိသုဒ္ဓိဟု မှတ်ယူရ၏။

တစ်ဖန် အာရုံကို သိမူသည် သိညာဏက္ခန္ဓာ ဖြစ်၏။ ကိုယ်နူတ်စိတ်တို့ဖြင့် ပြုလုပ်မူ၊ ပြောဆိုမူ၊ ကြံစည်မူတို့သည် သင်္ခါရက္ခန္ဓာဖြစ်၏။ ထိုအာရုံကို မှတ်သားမူကား သညာက္ခန္ဓာဖြစ်၏။ ကောင်းကောင်းဆိုးဆိုး ဝေဒနာအမျိုးမျိုးကို ခံစာားမူကား ဝေဒနာက္ခန္ဓာ ဖြစ်၏။ ဤကိုယ်ခန္ဓာသည် ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိသော ရုပ်တည်း။ ဝင်ရိုး၊ လှမ်းဘီး၊ လှည်းအိမ်စသည်တို့ကို ပေါင်းစုထားသော အဆောက်အအုံကို ယာဉ်ရထားဟု ခေါ်ဆိုရသကဲ့သို့ ထို့အတူ ခန္ဓာငါးပါးတို့၏ အပေါင်းအစုကို သတ္တဝါဟု ခေါ်ဆိုရ၏။ စင်စစ်သော်ကား `ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ´စသည်တို့ မရှိကြကုန်။ ရုပ်နာမ် ၂-ပါးသာ ရှိကြကုန်၏။

ဤသို့ နာမ်ရုပ် ၂-ပါးကို ကွဲကွဲပြားပြား ပိုင်းခြားသိတတ်သော ဉာဏ်သည် `နာမရူပ ပရိစ္ဆေဒဉာဏ်´ဖြစ်၏။ ဤဉာဏ်သည် အတ္တဒိဋ္ဌိအညစ်အကြေးမှ ကင်းစင်သဖြင့် `ဒိဋ္ဌိဝိသုဒ္ဓိ´ဟု မှတ်ယူရ၏။
၄။ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ။ ။ယုံမှား သံသယမှ လွန်မြောက်ကြောင်းဖြစ်သောဉာဏ်။
ရုပ်တရားတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းတရား ၄-ပါးကြောင့် ဖြစ်ပေါ်ကြ၏။ နာမ်တရာတးို့သည် ယောနိသောမနသိကာရစသည့် အကြောင်းများကြောင့် ဖြစ်ပေါ်လာ၏။

အရာရာဝယ် သင့်တင့်အောင် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရကြောင့် ကုသိုလ်ကံ ဖြစ်၏။ မသင့်မတင့်နှလုံးသွင်းလေ့ရှိသည့် အယောနိသောမနသိကာရကြောင့် အကုသိုလ်ကံ ဖြစ်၏။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကြောင့် ဝိပါက်စိတ်များ ဖြစ်ပေါ်ကြ၏။ ဝိပါက်စိတ်များ၌ တစ်ဖန် စက္ခုဝိဉာဏ်ဖြစ်ဖို့ရာ စက္ခုပသာဒ၊ ရူပါရုံ၊ အာလောကခေါ် အလင်းနှင့် မနသိကာရဟူသည့် နှလုံးသွင်းမူတို့ စုဆုံကြရ၏။ ဤအကြောင်း ၄-ပါးမပြည့်စုံလျှင် ထာဝရဘုရားပေါင်း ထောင်သောင်းမက ဝိုင်း၍ ဖန်ဆင်းကြသော်လည်း စက္ခုဝိဉာဏ် မဖြစ်ပေါ်နိုင်ချေ။

ထို့ကြောင့် ရုပ်နာမ်တရားတို့သည် အဟေတုကဒိဋ္ဌိအဆိုအရ အကြောင်းမရှိဘဲ ဖြစ်ပေါ်လာကြသည် မဟုတ်။ ဝိသမဟေတုကဒိဋ္ဌိ၌ ယူဆသကဲ့သို့ ဖန်ဆင်းရှင်ဖန်တီး၍ ဖြစ်ပေါ်လာကြသည်လည်း မဟုတ်။ ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် ပဋ္ဌာန်းဒေသနာတော်တို့၌ ဖော်ပြထားသည့်အတိုင်း အကြောင်းတရားများစွာတို့ ပေါင်းဆုံမိရာမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်၏။

ဤသို့ ရုပ်နာမ်တရားတို့၏ အကြောင်းမှန်များကို ဆင်ခြင်သိမြင်သော ဉာဏ်သည် ယထာဘူတဉာဏ် (ဝါ) ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်၏။ ဤဉာဏ်သည်ပင် ယုံမှားခြင်းကင်္ခါ ၁၆-ပါးတို့မှ ကင်းစင်သော `ကင်္ခါဝိတရဏဝိသုဒ္ဓိ´ဖြစ်ပေတော့၏။

စူဠသောတာပန်။ ။ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ကို မိမိသန္တာန်၌ အကြွင်းအကျန် မရှိအောင် ပယ်ထားနိုင်သောသူသည် သောတာပန်အစစ် ဖြစ်၏။ ကင်္ခါဝိတရဏဝိသုဒ္ဓိသို့ ရောက်ပြီးသော ယောဂီသည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ကို အကြွင်းမဲ့မပယ်သတ်နိုင် သေးစေကာမူ အတော်ကြာအောင် ပယ်ခွာ ထားနိုင်၏။ ထို့ကြောင့် ထိုယောဂီသည် သောတာပန်နှင့် အလားတူသည့် စူဠသောတာပန်ဖြစ်၏။

စူဠသောတာပန်သည် သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိတို့နှင့် ပြည့်စုံပြီးဖြစ်၍ ကမ္မပထမြောက်သည့် ဒုစရိုက်မူများကို ပြုကျင့်တော့မည် မဟုတ်ချေ။ ထို့ကြောင့် အရိယာစခန်းသို့ မတက်လှမ်းမီ ကွယ်လွန်သွားလျှင်လည်း သုဂတိဘဝသို့ ဧကန်မုချရောက်ပေလိမ့်မည်။

၅။ မဂ္ဂါမဂ္ဂဉာဏ်ဒဿနဝိသုဒ္ဓိ။ ။လမ်းမှန်နှင့် လမ်းမှားကို ခွဲခြား၍ သိမြင်နိုင်သော ဉာဏ်၏စင်ကြယ်ခြင်း။
ဤဝိသုဒ္ဓိစခန်း၌ သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗဉာဏ်ရှေ့ပိုင်းတို့ ပါဝင်ကြ၏။ သမ္မသနဉာဏ်သည် ရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သုံးသပ်တတ်သော ဉာဏ်ဖြစ်၏။

ရုပ်နာမ်တရားတို့ကို လက္ခဏာယာဉ်သုံးပါးသို့ တင်၍ သုံးသပ်တတ်သော သမ္မသနနည်း ၄-မျိုး ရှိ၏။ တစ်မျိုးထက် တစ်မျိုးပို၍ အနုစိတ်သွား၏။

၁။ ကာလာပသမ္မသနည်း = ရူပက္ခန္ဓာအားလုံး၊ ဝေဒနာက္ခန္ဓာအားလုံး စသည်ဖြင့် ခန္ဓာတစ်ပါးစီကို အလုံးစုံသိမ်းကျုံးယူပြီး `ရုပ်ခန္ဓာသည် ကုန်ခန်းခြင်းသဘော ရှိသဖြင့် အနိစ္စဖြစ်၏၊ ကြောက်မက်ဖွယ်ဖြစ်သောကြောင့် ဒုက္ခဖြစ်၏၊ အနှစ်သာရကင်းမဲ့ သောကြောင့် အနတ္တဖြစ်၏´ဟု ဆင်ခြင်သုံးသပ်၏၊ ကျန်နာမ်ခန္ဓာ ၄-ပါးကိုလည်း ဤနည်းအတိုင်း ဆက်လက်၍ သုံးသပ်ရ၏။
၂။ အဒ္ဓါနသမ္မသနနည်း = ဤနည်းသည် ရုပ်နာမ်တရားများကို အတိတ်ဘဝ၊ ပစ္စုပ္ပန်ဘဝ၊ အနာဂတ်ဘဝဖြင့် ပိုင်းခြား၍ သုံးသပ်ပွားများသည့်နည်းဖြစ်၏။ ပွားများပုံမှာ -
`အတိတ်ဘဝ၌ ဖြစ်သော ရုပ်ခန္ဓာသည် ထိုအတိတ်ဘဝ၌ပင် ချုပ်ခဲ့လေပြီ၊ ဤပစ္စုပ္ပန်ဘဝသို့ မရောက်နိုင်။ ဤသို့ ကုန်ခြင်းသဘောကြောင့် အနိစ္စ၊ ကြောက်မက်ဖွယ်ရာ ဖြစ်သောကြောင့် ဒုက္ခ၊ အနှစ်သာရ မရှိသောကြောင့် အနတ္တတရားချည်းပါတကား´။
၃။ သန္တတိသမ္မသနနည်း = ဤနည်းသည် `အအေးရုပ်အစဉ်၊ အပူရုပ်အစဉ်´ စသည်ဖြင့် တစ်ဘဝတည်း၌ပင် အစဉ်အမျိုးမျိုး ခွဲခြား၍ သုံးသပ်သော နည်းဖြစ်၏။ ပွားများပုံမှာ -
`အပူရုပ်အစဉ်သည် အအေးရုပ်အစဉ်သို့ မရောက်၊ ချုပ်ပျောက်ခဲ့လေပြီ။ ဤသို့ ကုန်ခန်းခြင်းသဘောကြောင့် အနိစ္စ၊ ကြောက်မက်ဖွယ်ဖြစ်သောကြောင့် ဒုက္ခ၊ အနှစ်သာရ မရှိသောကြောင့် အနတ္တတရားချည်းပါတကား´
ထို့အတူ ရူပါရုံကို အာရုံပြုသော စိတ်ဝီထိအစဉ်သည် သဒ္ဒါရုံကို အာရုံပြုသည့် စိတ်ဝီထိအစဉ်သို့ မရောက်။ အနိဋ္ဌာရုံကိုအာရုံပြုသော ဒုက္ခဝေဒနာသည် ဣဋ္ဌာရုံကို အာရုံပြုသည့် သုခဝေဒနာသို့ မရောက်။ ရူပါရုံကိုမှတ်သားသော သညာက္ခန္ဓာအစဉ်သည် သဒ္ဒါရုံကို မှတ်သားသည့် သညာက္ခန္ဓအစဉ်သို့ မရောက်စသည်ဖြင့် ကျယ်ဝန်းစွာ ချဲ့ထွင်း၍ သုံးသပ်ရာ၏။
၄။ ခဏသမ္မသနနည်း = ရုပ်နာမ်တို့၏ ခဏအားဖြင့် သုံးသပ်ပွားများမူကို ခဏသမ္မသနနည်းဟု ခေါ်သည်။
`အတိတ်ခဏ၌ဖြစ်သော ရုပ်သည် ပစ္စုပ္ပန်သို့ မရောက်၊ ချုပ်ပျောက်ခဲ့လေပြီ။ ကုန်ခန်းခြင်းသဘောကြောင့် အနိစ္စ၊ ကြောက်မက်ဖွယ်သဘောကြောင့် ဒုက္ခ၊ အနှစ်သာရမရှိသောကြောင့် အနတ္တရားချည်းပါတကား´။
`အတီတဘဝင်၌ ဖြစ်သော စိတ်စေတသိက်တို့သည် အတီတဘဝင်ခဏ၌ ချုပ်ငြိမ်းခဲ့ကြလေပြီ၊ ဘဝင်္ဂစလနသို့ မရောက်ချေ၊ ကုန်ခန်းခြင်းသဘောကြောင့် အနိစ္စ…´

ဥဒယဗ္ဗယဉာဏ်။ ။ရုပ်နာမ်တို့၏ဖြစ်ခြင်း `ဥပါဒ်´နှင့် ပျက်ခြင်း `ဘင်´တို့ကို ထင်မြင်အောင် ရူတတ်သော ဉာဏ်ကို ဥဒယဗ္ဗယဉာဏ်ဟု ခေါ်၏။

သမ္မသနဉာဏ်ရင့်သန်ပြီးသော ယောဂီသည် ရုပ်နာမ်တရားတို့ကို အကြောင်းနှင့် တွဲဖက်၍ ဆက်လက်ရူမှတ်ရာ၏။

ရုပ်ကိုဖြစ်စေသောအကြောင်းတရားတို့သည် အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ အာဟာရတို့တည်း။ စေတသိက်နာမ်တို့ကို ဖြစ်စေသောအကြောင်းတို့ကား အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿတို့တည်း။ စိတ်နာမ်တရားကိုဖြစ်စေသော အကြောင်းတို့ကား အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ နာမရူပတို့တည်း။

ဤသို့ ရူမှတ်ဖန်များလျှင် ဥပါဒ်ခဏ၊ ဘင်ခဏအားဖြင့် အဖြစ်အပျက်တို့ အလိုလိုထင်ပေါ်လာကြ၏။ ထိုအခါ အကြောင်းကို မစဉ်းစားတော့ဘဲ ဥပါဒ်ခဏ၊ ဘင်ခဏကိုသာ သတိထား၍ ခဏသမနုပဿနာနည်းဖြင့် ဆက်လက်ပွားများသော် အဖြစ်အပျက်များ အလွန်ထင်ရှားလာပြီး ဥဒယဗ္ဗဉာဏ် ဖြစ်ပေါ်လာ၏။ ထိုအခါ သြဘာသစသည့် ဥပက္ကိလေသတို့လည်း ဖြစ်ပေါ်လာကြ၏။

ဥပက္ကိလေသ ၁၀-ပါး = ဝိပဿနာကို ညစ်နွမ်းစေတတ်သော တရားကို ဥပက္ကိလေသဟုခေါ်သည်။ ဝိပဿနုပက္ကိလေသဟုလည်း ခေါ်၏။

၁။ သြဘာသ = ကိုယ်ရောင်ကိုယ်ဝါ။ စိတ်ဓာတ်၏ လွန်စွာကြည်လင်မူကြောင့် ကိုယ်မှ ထွက်သော အရောင်အဝါ။
၂။ ပီတိ = ဝိပဿနာဉာဏ်နှင့် ယှဉ်သော ပီတိစေတသိက်။
၃။ ပဿဒ္ဓိ = ဝိပဿနာဉာဏ်နှင့် ယှဉ်သော ကာယပဿဒ္ဓိနှင့် စိတ္တပဿဒ္ဓိ စေတသိက် ၂-ပါး။
၄။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ စူးစိုက်စွာ သက်ဝင်ယုံကြည်သော သဒ္ဓါ စေတသိက်။
၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်အောင် အားပေးချီးမြှောက်တတ်သည့် ဝီရိယ။
၆။ သုခ = တစ်ကိုယ်လုံးကို မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် ထုံမွှမ်၍ ချမ်းမြစေသည့် သုခဝေဒနာ။
၇။ ဉာဏ = ဝဇိရစိန်လက်နက် မိုးကြိုးစက်ကဲ့သို့ သွက်လက် လျင်မြန်အမြင်သန်သည့် ဝိပဿနာဉာဏ်။
၈။ ဥပဋ္ဌာန = ကမ္မဋ္ဌာန်းအာရုံ၌ စွဲမြဲစွာတည်သော သတိစေတသိက်။
၉။ ဥပေက္ခာ = တတြမဇ္ဈတ္တုပေက္ခာနှင့် အာဝဇ္ဇနုပေက္ခာ။ ဗျာပါရမများဘဲ အသင့်အားဖြင့် ရူစားတတ်သော တတြမဇ္ဈတ္တတာ စေတသိက်သည် တတြမဇ္ဈတ္တုပေက္ခာဖြစ်၏။ ဖြစ်မူပျက်မူကို အလွန်လျင်မြန်စွာ ဆင်ခြင်နိုင်သော အာဝဇ္ဇန်းနှင့် ယှဉ်သည့် စေတနာကို `အာဝဇ္ဇနုပေက္ခာ´ဟုခေါ်၏။
၁၀။ နိကန္တိ = သိမ်မွေ့သော တဏှာ။ ဤတဏှာကား သြဘာသ၊ ပီတိ၊ ပဿဒ္ဓိ စသည်တို့ဖြင့် တန်ဆာဆင်အပ်သော ဝိပဿနာဉာဏ်ကို သာယာနှစ်သက်သည့် တဏှာဖြစ်၏။ သြဘာသမှစ၍ ဥပေက္ခာတိုင်အောင် ရှေ့ဥပက္ကိလေသ ၉-ပါးတို့သည် အကုသိုလ်တရားများ မဟုတ်ကြပါ။ ပီတိမှ ဥပေက္ခာအထိ ဖြစ်သော ဥပက္ကိလေသ ၆-ပါးတို့သည် ဝိပဿနာဉာဏ်နှင့် ယှဉ်သော စေတသိက်များ ဖြစ်ကြ၏။

သို့ရာတွင် သြဘာသ စသည်တို့ ဖြစ်ပေါ်လာသောအခါ `ငါ့မှာဖြစ်၏´ဟု စွဲလမ်းသော ဒိဋ္ဌိ၊ `အလွန်နှစ်သက်ဖွယ်ကောင်း၏´ဟု ထင်မှတ်တတ်သည့် မာနနှင့်´ ငါ၏ သြဘာသတည်း `ဟု စွဲလမ်းတပ်မက်သော တဏှာတို့ ဖြစ်ပေါ်လာကြ၏။ ဤတဏှာ၊ မာန၊ ဒိဋ္ဌိတို့သည် ဝိပဿနာ စိတ်ကို ညစ်နွမ်းစေတတ်သော ဥပက္ကိလေသာတို့တည်း။

နောက်ဆုံး ဥပက္ကိလေသဖြစ်သော နိကန္တိတဏှာသည်ကား မုချအားဖြင့် ဥပက္ကိလေသဖြစ်၏။ ၎င်းကို အာရုံပြု၍ နောက်ထပ် တဏှာ၊ မာန၊ ဒိဋ္ဌိ တို့လည်း ဖြစ်ပေါ်လာကြ၏။

ဥပက္ကိလေသ ၁၀-ပါးကို ၎င်းတို့အား အာရုံပြုကြသည့် တဏှာ၊ မာန၊ ဒိဋ္ဌိတို့နှင့် မြှောက်ပွားသော် `ဝိပဿနုပက္ကိလေသ ၃၀´ ဖြစ်၏။

မဂ္ဂါမဂ္ဂဉာဏ်ဏဒဿနဝိသုဒ္ဓိ = သြဘာသ၊ ပီတိ၊ ပဿဒ္ဓိစသည်တို့ ဖြစ်ပေါ်လာကြသည့်အခါ ပရိယတ်၌ မကျွမ်းကျင်ကြသော အချို့ယောဂီတို့သည် ထိုကိုယ်ရောင်ကိုယ်ဝါ၊ ပီတိ၊ မဿဒ္ဓိ စသည်တို့ကို မဂ်စိတ်၊ ဖိုလ်စိတ်က ဖြစ်ပေါ်စေသည်ဟု အထင်မှား၍ `ငါမဂ်ဖိုလ်ရပြီ´ဟု တစ်လွဲယူဆမိကြ၏။ ထိုအခါ ဝိပဿနာလမ်းလွဲ၍ သာယာမူ တဏှာ၊ အထင်ကြီးမူမာနနှင့် စွဲလမ်းမူ ဒိဋ္ဌိတို့ ဖြစ်ပေါ်ကြ၏။ ထို့ကြောင့် ဝိပဿနာ ညစ်နွမ်းသွား၏။

ပရိယတ်၌ ကျွမ်းကျင်ကြသည့် ယောဂီတို့ကား ထိုသြဘာသ၊ ပီတိ၊ ပဿဒ္ဓိစသည်တို့သည် တဏှာ၊ မာန၊ ဒိဋ္ဌိ တို့၏ တည်ရာဖြစ်၍ ဝိပဿနာကို ညစ်နွမ်းစေတတ်သော ဘေးရန်များတည်း။ ထိုသြဘာသစသည်ကို နှစ်သက် စွဲလမ်းနေမူသည် မဂ်ဖိုလ်ရကြောင်း လမ်းကောင်းလမ်းမှန်မဟုတ်၊ လမ်းမှားဖြစ်သည့် `အမဂ္ဂ´တည်း၊ ထိုသြဘာသ စသည်တို့ကို ဂရုမစိုက်ဘဲ အားထုတ်မြဲဖြစ်သည့် ဝိပဿနာကို ဆက်လက်အားထုတ်ခြင်းသည်သာ မဂ်ဖိုလ်ရကြောင်း လမ်းကောင်း `မဂ္ဂ´ဖြစ်၏။ ဤသို့ လမ်းမှန်-မမှန်ကို ထင်ရှားစွာ ခွဲခြားသိမြင်တတ်သည့် ဉာဏ်ကို `မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒိ္ဓ´ဟု ခေါ်သည်။

၆။ ပဋိပဒါဉာဏ်ဒဿနဝိသုဒ္ဓိ = မဂ်ဖိုလ်ရောက်ကြောင်း စင်ကြယ်သည့် ဉာဏ်အမြင်။ ဥဒယဗ္ဗယဉာဏ်နောက်ပိုင်းမှစ၍ အနုလောမဉာဏ်တိုင်အောင် ၉-ပါးသော ဉာဏ်စုကို ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်သည်။

ဥဒယဗ္ဗယဉာဏ် = လမ်းမှန်နှင့်လမ်းမှားကို ပြတ်သားစွာ ပိုင်းခြားသိမြင်ပြီးသောအခါ ဥဒယဗ္ဗယဉာဏ်ထက်သန်လာအောင် တစ်ဖန်အားထုတ်ရ၏။ ထိုအခါ ရုပ် နာမ်၏ အဖြစ်အပျက် ၂-မျိုးလုံးကို ထင်ရှားစွာ မြင်ရ၏။

ဘင်္ဂဉာဏ် = ရုပ်နာမ်အဖြစ်အပျက်တို့ အလွန်ထင်ပေါ်လာသောအခါ ထိုအဖြစ်အပျက်တို့သည် အလွန်လျင်မြန်လှသဖြင့် အဖြစ်ကို အာရုံမပြုမိတော့ဘဲ အပျက်ကိုသာ ရူမိလေ၏။ ရုပ်နာမ်တို့၏ အပျက်ကိုသာ မြင်သိသောဉာဏ်ကို ဘင်္ဂဉာဏ်ဟု ခေါ်၏။ သင်္ခါရတရား ၁ခုက ဆက်၍ အာရုံပြုနိုင်သည့်အခါ ဘင်္ဂဉာဏ်အထွတ်အထိပ်သို့ ရောက်၏။

ဘယဉာဏ် = ရုပ်နာမ် သင်္ခါရတို့၌ အပျက်သဘောချည်းကိုသာ ဆက်တိုက်မြင်နေရသည့် အခါ ရုပ်နာမ်တို့ကို ကြောက်စရာ ဘေးအဖြစ် ထင်မြင်လာသော ဘယဉာဏ်ဖြစ်ပေါ်၏။

အာဒီနဝ၊ နိဗ္ဗိဒါ၊ မုစ္စိတုကမျတာ = ရုပ်နာမ် သင်္ခါရတို့ကို ကြောက်စရာဘေးအဖြစ် မြင်သိလာသည်အခါ ထိုသင်္ခါရတို့၌ အပြစ်မြင်သော အာဒီနဝဉာဏ်လည်း ဖြစ်ပေါ်လာ၏။ အပြစ်မြင်လျှင် ထိုသင်္ခါရတို့၌ မပျော်ပိုက်နိုင်တော့ဘဲ ငြီးငွေ့သည့် နိဗ္ဗိဒါဉာဏ် ဖြစ်ပေါ်လာ၏။

ရုပ်၊ နာမ်၊ သင်္ခါရတို့၌ ငြီးငွေ့လာသည့်အခါ ပိုက်ကွန်တွင်းမှ ငါးသည်ပိုက်ကွန်တွင်းမှ လွတ်မြောက်လိုသကဲ့သို့၊ မြွေ၏ခံတွင်း၌ အဖမ်းခံနေရသော ဖားငယ်သည် ထိုမြွေခံတွင်းမှ လွတ်မြောက်လိုသကဲ့သို့ ယောဂီ၏ သန္တာန်၌ ထိုသင်္ခါရမှ လွတ်မြောက်လိုသော မုစ္စိတုကမျတဉာဏ်လည်း ဖြစ်ပေါ်လာ၏။

ပဋိသင်္ခါဉာဏ်= ရုပ်၊ နာမ် သင်္ခါရမှ လွတ်မြောက်လိုသော ယောဂီသည် လွတ်မြောက်နိုင်ရေးအတွက် ရုပ်၊ နာမ်၊ သင်္ခါရတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာတင်၍ တစ်ဖန်ရူမှတ်ပြန်၏။

ဥပမာဆိုသော် ရေမြွေဟောက်တစ်ကောင်းကို ငါးအထင်ဖြင့် အုပ်ဖမ်းမိသော ယောက်ျားသည် မြွေဆိုး၏ အမှတ်လက္ခဏာဖြစ်သည့် လည်ရေးသုံးရစ်ကို မြင်လေလျှင် ကြောက်ရွံ့ ရွံမုန်းသည်ဖြစ်လျက် မြွေကို အလျင်အမြန် လွှင့်ပစ်လို၏။ သို့သော် မွေအကိုက်မခံရရန် မြွေပင်ပန်းသွားအောင် မြွေကို မိမိဦးခေါင်းအထက်သို့ ကိုင်မြှောက်၍ သုံးလေးပတ်မျှ မွှေယမ်းပြီးနောက်မှ အဝေးသို့ လွှင့်ပစ်လိုက်သကဲ့သို့တည်း။

သင်္ခါရုပေက္ခာဉာဏ် = ပဋိသင်္ခါဉာဏ်ဖြင့် သင်္ခါရတို့ကို စွန့်လွှတ်နိုင်ပြီးသည့်နောက် သင်္ခါရတို့ကို ကြောက်စရာ ရွံမုန်းစရာအဖြစ် မရူတော့ဘဲ လျစ်လျူရူသည့် အနေဖြင့် ရူမှတ်နိုင်လာ၏။ ပမာဆိုသော် ဖောက်ပြန်တတ်သော ဇနီးသည်အား ကွားရှင်းလိုက်သည့် ယောက်ျားသည် ထိုဇနီးသည်ဟောင်းက တစ်ဖန် ဖောက်ပြန်သည်ကို မြင်ရလျှင်လည်း မိမိနှင့် မသက်ဆိုင်တော့သဖြင့် လျစ်လျူရူနေနိုင်သကဲ့သို့တည်း။

ရုပ်၊ နာမ်တို့ကို သာယာနှစ်သက်ခြင်းလည်း မရှိ၊ ကြောက်ရွံ့ခြင်းလည်း မရှိဘဲ လျစ်လျူရူသည့်အနေဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဆင်ခြင်တတ်သော ဉာဏ်ကို သင်္ခါရုပေက္ခာဉာဏ်ဟု ခေါ်၏။

အနုလောမဉာဏ် = သင်္ခါရုပေက္ခာဉာဏ်ဖြင့် သင်္ခါရတို့၌ လျစ်လျူရူသော် သင်္ခါရတို့ကို အာရုံမပြုလိုတော့ဘဲ သင်္ခါရမှ လွတ်ကင်းရာ နိဗ္ဗာန်သို့ စိတ်ညွှတ်နေ၏။ ယောဂီ၏စိတ်သည် နိဗ္ဗာန်ကို မမြင်သေးသမျှ သင်္ခါရကိုပင် အာရုံပြု၍ နိဗ္ဗာန်ကို ဆက်လက်ရှာဖွေနေ၏။ နိဗ္ဗာန်ကို မြင်လောက်သည့် အကြိမ်၌ကား ပရိကမ်၊ ဥပစာ၊ အနုလုံဟု အမည်ရကြသော အနုလောမဉာဏ် ဖြစ်ပေါ်လာပြီးနောက် ဂေါတြဘုဖြင့် နိဗ္ဗာန်ကို အာရုံပြုလျက် မဂ်ဖိုလ်ရောက်အောင် တိုးတက်သွားလေသည်။

ရှေးအခါက ပင်လယ်ခရီးသွားသည့် ရွက်လှေကြီးမှ ဒိသာကာက ခေါ် ကျီးငှက်ကို လွှတ်လိုက်သောအခါ ကျီးငှက်သည် ကမ်းခြေကို မမြင်လျှင် ရွက်တိုင်ထိပ်သို့ ပြန်လာ၏။ ကမ်းခြေကိုတွေ့သည့်အခါ ပြန်မလာတော့ဘဲ ကမ်းအရောက် ပျံသွားလေ၏။ ဤဥပမာအားဖြင့် အနုလောမဉာဏ်ဖြစ်ပုံကို နိူင်းယှဉ်အပ်၏။

ထို့ကြောင့် အနုလောမဉာဏ်သည် မဂ္ဂဝီထိ၌ ပါသော ပရိကမ်၊ ဥပစာ၊ အနုလုံတို့ ပင်တည်း။ ဂေါတြဘုကား သင်္ခါရကို အာရုံမပြုနိုင်ဘဲ နိဗ္ဗာန်ကို အာရုံပြုသောကြောင့် ဝိပဿနာဉာဏ်၌ မပါဝင်ချေ။ သို့သော် ဝိပဿနာဉာဏ်များ၏ အထွတ်အထိပ်နှင့်တူသောကြောင့် `ဝိပဿနာတွင် သွင်းယူရမည်´ဟုဆို၏။

ဂေါတြဘုစိတ် = ပုထုဇဉ်အနွယ်ကို လွှမ်းမိုးကျော်လွန်နိုင်သောစိတ်။
မဂ္ဂဝီထိ၌ ပါဝင်ကြသော ပရိကမ်၊ ဥပစာ၊ အနုလုံစိတ်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာ တစ်ပါးပါးကို အာရုံပြု၏။ ဂေါတြဘုစိတ်သည်ကား ရုပ်နာမ်သင်္ခါရကို အာရုံမပြုဘဲ နိဗ္ဗာန်ကို အာရုံပြု၏။ ဂေါတြဘုသည် `မဂ်ရှေ့မှ နိဗ္ဗာန်ကို ညွှန်ပြတတ်သောကြောင့် မဂ်ဇောဖိုလ်ဇောတို့၏ ရှေှ့သွားဖြစ်သည့်အာဝဇ္ဇန်းနှင့်တူ၏´ဟု မှတ်ချက်ချကြ၏။

၇။ ဉာဏ်ဒဿနဝိသုဒ္ဓိ = မဂ်ဉာဏ်လေးပါး။ ဂေါတြဘုစိတ်ချုပ်ငြိမ်းပြီးသည်နှင့် တစ်ပြိုင်နက် နိဗ္ဗာန်ကို အာရုံပြုလျက် မဂ်စိတ်ဖြစ်ပေါ်လာ၏။

ဆီမီးသည် မီးစာကိုလောင်၊ အမှောင်ပယ်ခွင်း၊ အလင်းရောင်လွှမ်း၊ ဆီကုန်ခန်းစေမူ၊ ဤကိစ္စ၄-ခုကို တစ်ပြိုင်တည်း ပြုနိုင်သကဲ့သို့ ထို့အတူ မဂ်တရားသည်လည်း ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း၊ သမုဒယသစ္စာကို ပယ်ခြင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း၊ မဂ္ဂသစ္စာကို ဖြစ်ပေါ်လာစေခြင်းဟူသော ကိစ္စ ၄-ချက်ကို တစ်ပြိုင်နက်တည်း ပြီးစေနိုင်၏။

မဂ်စိတ်တစ်ကြိမ် ဖြစ်ပြီးနောက် မန္ဒပညာပုဂ္ဂိုလ်ဖြစ်လျှင် ဖိုလ်စိတ် ၂-ကြိမ်ဖြစ်၏။ တိက္ခပညာပုဂ္ဂိုလ်ဖြစ်လျှင် ဖိုလ်စိတ် ၃-ကြိမ်ဖြစ်၏။ ထို့နောက် ဘဝင်ကျ၏။

မန္ဒပုဂ္ဂိုလ်၏ မဂ္ဂဝီထိပုံ
`န-ဒ-မ-ပ-ဥ-နု-ဂေါ-မဂ်-ဖိုလ်-ဖိုလ်-´ဘဝင်-ဘဝင်

တိက္ခပုဂ္ဂိုလ်၏ မဂ္ဂဝီထိပုံ
`န-ဒ-မ-ဥ-နု-ဂေါ-မဂ်-ဖိုလ်-ဖိုလ်-ဖိုလ်-´ဘဝင်-ဘဝင်…

ပစ္စဝေက္ခဏာဝီထိ = မဂ္ဂဝီထိနောက် ဘဝင်ကျ၍ ဘဝင်အစဉ် ပြတ်သည့်အခါ (၁)မဂ်ကိုဆင်ခြင်သော ဝီထိ၊ (၂)ဖိုလ်ကိုဆင်ခြင်သော ဝီထိ၊ (၃)နိဗ္ဗာန်ကိုဆင်ခြင်သော ဝီထိ၊ (၄)ပယ်ပြီးသည့် ကိလေသာကိုဆင်ခြင်သော ဝီထိ၊ (၅)ကြွင်းကျန်သည့် ကိလေသာကို ဆင်ခြင်သော ဝီထိဟူ၍ ပစ္စဝေက္ခဏာဝီထိ ၅-မျိုးဖြစ်၏။

ဉာဏဒဿနဝိသုဒ္ဓိ = သီလဝိသုဒ္ဓိမှစ၍ အားထုတ်ခဲ့ရာတွင် မဂ်၏ရှေ့နားရှိ အနုလုံသို့ ရောက်လျှင် အောက်ဝိသုဒ္ဓိ ၆-ပါ ပြည့်စုံလေပြီ။ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်နှင့် အရဟတ္တမဂ်ဟူသော မဂ် ၄-ပါးသည် ကိလေသာမှ စင်ကြယ်၍ သစ္စာ ၄-ပါးကို တိုက်ရိုက် သိတတ်သောကြောင့် `ဉာဏဒဿနဝိသုဒ္ဓိ´ဟု ခေါ်၏။

အရိယာပုဂ္ဂိုလ်များ
ပထမအကြိမ် မဂ်ဆိုက်ပြီးသော ပုဂ္ဂိုလ်ကို သောတာပန်၊ ဒုတိယအကြိမ် မဂ်ဆိုက်ပြီးသော ပုဂ္ဂိုလ်ကို သကဒါဂါမ်၊ တတိယအကြိမ် မဂ်ဆိုက်ပြီးသော ပုဂ္ဂိုလ်ကို အနာဂါမ်၊ စတုတ္ထအကြိမ် မဂ်ဆိုက်ပြီးသော ပုဂ္ဂိုလ်ကို ရဟန္တာဟုခေါ်၏။

၁။ သောတာပန် = အရိယာမဂ်တည်းဟူသော ရေအလျင်သို့ ရောက်သူဟု အဓိပ္ပါယ်ရှိ၏။ အရိယာမဂ္ဂင် ရေအလျဉ်သို့ ရောက်ပြီဖြစ်၍ ရှေးတိုးလျှင် နိဗ္ဗာန်တည်းဟူသော သမုဒ္ဒရာသို့ ဝင်ဖို့ရာသာ ရှိတော့၏။
သောတာပတ္တိမဂ်သည် ကိလေသာ ၁၀-ပါးတွင် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ကို အကြွင်းအကျန်မရှိ ပယ်၏။ ဥဒ္ဓစ္စနှင့် တစ်ပါး ကျန်ကိလေသာများကို အပါယဂါမနိယသတ္တိ (အပါယ် ကျရောက်ဖို့ရန် ရုန့်ရင်းကြမ်းတမ်းသောသတ္တိ) လောက်ကိုသာ ပယ်သေး၏။

အကုသိုလ်စိတ် ၁၂-ပါးတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ် ၁-ပါး၊ ပေါင်း ၅-ပါးကို အကြွင်းမရှိပယ်၏။ ဥဒ္ဓစ္စသည် အပါယ်မချနိုင်သဖြင့် ဥဒ္ဓစ္စသဟဂုတ်စိတ်ကို တို့ရုံမျှမတို့သေး။ ကြွင်းသော အကုသိုလ်စိတ် ၆-ပါးတို့၏ အပါယ်ချနိုင်သော အစွမ်းသတ္တိကိုကား ဖယ်ရှားလိုက်လေပြီ။

ထို့ကြောင့် သောတာပန်သည် အပါယ်ရောက်စေနိုင်သည့် အမူများကို မပြုလုပ်တော့။ ကာမဘုံ၌ ၇-ကြိမ်ထက် လွန်၍လည်း ပဋိသန္ဓေမနေတော့။ ဗြဟ္မာဘုံ၌ကား ၇-ကြိမ်ထက်ပို၍ ပဋိသန္ဓေနေနိုင်၏။
၂။ သကဒါဂါမ် = ကာမဘုံ၌ ၁-ကြိမ်သာ ပဋိသန္ဓေနေရပြီး ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်။ သကဒါဂါမိမဂ်သည် သောတာပတ္တိမဂ် မပယ်နိုင်သော ကိလေသာများကို နည်းပါးအောင်သာ ပြုနိုင်၏။
၃။ အနာဂါမ် = ကာမဘုံ၌ ပဋိသန္ဓေထပ်မံနေခြင်းမရှိသော ပုဂ္ဂိုလ်။ အနာဂါမိမဂ်သည် ကာမရာဂခေါ် ကာမဂုဏ်ငါးပါး၌ တပ်မက်သော တဏှာနှင့်ဗျာပါဒခေါ် ဒေါသကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်၏။ ထို့ကြောင့် အနာဂါမ်သည် ကာမဂုဏ်ခံစားခြင်း မရှိ၊ ဒေါသလည်း မထွက်တော့ပြီ။
၄။ ရဟန္တာ = ကိလေသာအားလုံးမှ ဝေးကွာသော ပုဂ္ဂိုလ်။ အရဟတ္တသဖြင့် ကြွင်းကျန်ရစ်သည့် ကိလေသာ ၇-ပါးစလုံးကို ပယ်သတ်၏။ စိတ်အားဖြင့် ရေတွက်သော ရူပရာဂနှင့် အရူပရာဂတို့ကို ပြုတတ်သည့် ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ် ၄-ပါးကို လည်းကောင်း၊ ဥဒ္ဓစ္စသဟဂုတ်စိတ်ကို လည်းကောင်း အကြွင်းမဲ့ပယ်သတ်၏။

သန့်ရှင်း၍ မြေသြဇာကြွယ်ဝသော လယ်မြေ၌ စိုက်ပျိုးကြဲချလိုက်သည့့်မျိုးစေ့ဟူသမျှသည် သန်မာထွားကျိုင်းစွာ ပေါက်ပွားရှင်သန်လာကြပြီးလျှင် အသီးအပွင့်များကို ဆောင်သကဲ့သို့ ထို့အတူ ကိလေသာအညစ်အကြေး ကင်းစင်သဖြင့် သန့်ရှင်းမြင့်မြတ်သော အဖြစ်သို့ ရောက်ပြီးသည့် ရဟန္တာအရှင်မြတ်သည် လှူဒါန်းပူဇော်သူတို့အား ကြီးကျယ်သည့် အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေ၏။ ထို့ကြောင့် ရဟန္တာသည် အလှူခံပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးအလှူခံ ဖြစ်တော်မူ၏။

ဖလသာမပတ္တိဝီထိ
အရိယာပုဂ္ဂိုလ်တို့သည် မိမိတို့ ရရှိပြီးသော မဂ်၏ အကျိုးဖြစ်သည့် ဖိုလ်ကို အလိုရှိသမျှ ခံစားနိုင်ကြ၏။ သောတာပန်သည် သောတာပတ္တိဖိုလ်ကို အလိုရှိသမျှ ခံစားနိုင်ကြ၏။ သောတာပန်သည် သောတာပတ္တိဖိုလ်ကို ဝင်စားနိုင်၏။ သကဒါဂါမ်သည် သကဒါဂါမိဖိုလ်ကို ဝင်စားနိုင်၏။ အနာဂါမ်သည် အနာဂါမိဖိုလ်ကို ဝင်စားနိုင်၏။ ရဟန္တာသည် အရဟတ္တဖိုလ်ကို ဝင်စားနိုင်၏။ ဖိုလ်စိတ်တစ်မျိုးတည်းက ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်နေခြင်းကို ဖလသမာ ပတ်ဝင်စားသည်ဟု ခေါ်၏။

မန္ဒပုဂ္ဂိုလ်၏ ဖလသမာပတ္တိဝီထိ
`တီ-န-ဒ-မ-ပ-ဥ-နု-ဝေါ-ဖိုလ်-ဖိုလ်(များစွာ)-´ဘွင်-ဘွင်

တိက္ခပုဂ္ဂိုလ်၏ ဖလသမာပတ္တိဝီထိ
`တီ-န-ဒ-မ-ဥ-နု-ဝေါ-ဖိုလ်-ဖိုလ်(များစွာ)-´ဘွင်-ဘွင်

သမာပတ် ၈-ပါး ဝင်စားနိုင်သော အနာဂါမ်များနှင့် ရဟန္တာများသာ နိရောဓသမာပတ်ကို ဝင်စားနိုင်ကြ၏။ နိရောဓသမာပတ်ကို ဝင်စားလိုသော် ရှေးဦးစွာ လောကီပထမဈာန်ကို ဝင်စားပြီးနောက် ထိုဈာန်မှထကာ ထိုဈာန်၌ ပါဝင်သော သင်္ခါရ(စိတ်စေတသိက်)တို့ကို အနိစ္စ-ဒုက္ခ-အနတ္တတင်၍ ဝိပဿနာရူရ၏။ ထိုနည်းအတူ ဒုတိယဈာန်၊ တတိယဈာန်စသည်ဖြင့် အာကိဉ္စညာယတန ဈာန်အထိ အစဉ်အတိုင်း ဈာန်တစ်ခုစီကို ဝင်စားပြီးလျှင် ထိုဈာန်မှထကာ ထိုဈာန်၌ပါသော သင်္ခါရတရားတို့ကို ဝိပဿနာရူရ၏။
ထို့နောက် နေဝသညာနာသညာယတနဈာန်ကို မဝင်စားသေးဘဲ ပုဗ္ဗကိစ္စ ၄-ပါးကိုပြု၏။ ၎င်းနောက်နေဝသညာနာသညာယတနဈာန်ကိုဝင်စားရာ အပ္ပနာဇော ၂-ကြိမ်သာ ဖြစ်ပြီးနောက် စိတ်အစဉ်ပြတ်စဲလေ၏။ ထိုအခါ စေတသိက်များနှင့် စိတ္တဇရုပ်များလည်း ဖြစ်ခွင့်မရှိတော့ဘဲ ချုပ်ငြိမ်းနေကြ၏။ ကမ္မဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်များကား ဆက်လက်ဖြစ်ပျက်နေကြ၏။
ထိုသို့ စိတ်စေတသိက်၊ စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေခြင်းကိုပင် `နိရောဓသမာပတ်ဝင်စားသည်´ဟု ဆို၏။
`ထမင်းအသက် ခုနှစ်ရက်´ဟူသော စကားနှင့်အညီ လူ့ဘုံ၌ ၇-ရက်အထိသာ နိရောဓသမာပတ်ကို ဝင်စားနိုင်၏။ အစာမသုံးဆောင်ကြရသော ရူပဗြဟ္မာများမှာ ကြာရှည်စွာ ဝင်စားနိုင်ကြ၏။ အရူပဗြဟ္မာများကား ရူပဈာန်ကို မဝင်စားနိုင်ကြသဖြင့် နိရောဓသမာပတ်ကို မဝင်စားနိုင်ကြချေ။
အဓိဋ္ဌာန်ခဲ့သည့် အချိန်စေ့ရောက်၍ စိတ်စေတသိက်တို့ ပြန်လည်ဖြစ်ပေါ်ခြင်းကို `နိရောဓသမာပတ်´မှ ထသည်ဟုဆို၏။ ထိုအခါ အနာဂါမ်ပုဂ္ဂိုလ်၌ အနာဂါမိဖိုလ်စိတ် ၁-ကြိမ်၊ ရဟန္တာပုဂ္ဂိုလ်၌ အရဟတ္တဖိုလ်စိတ် ၁-ကြိမ်ဖြစ်ပြီးနောက် ဘဝင်ကျပြီးလျှင် မိမိဖိုလ်ကို ပြန်၍ ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိဖြစ်၏

No comments:

Post a Comment