Search This Blog

Wednesday, March 17, 2010

ကြည်ညိုလေးစားရသောသူ

ကြည်ညိုလေးစားရသောသူ

သူ့အကြောင်းကို သိလေလေ၊ သူ့ကို ကြည်ညိုလေလေ။
သူ့ကို ကြည်ညိုလေလေ၊ သူ့အကြောင်းကို သိရလေလေ။

စာရေးသူပြောလိုသော သူ-ဆိုသူမှာ တချိန်က မုံရွာ ပြည်သူ့ဆေးရုံကြီးတွင် အရိုးနှင့်အကြော အထူးကု ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့သော ဒေါက်တာကျော်ကျော်မြင့်-ပင် ဖြစ်သည်။

စာရေးသူတို့ရွာမှ ဘုန်းတော်ကြီးတပါး ဆေးကုသခဲ့စဉ်က သူ့ရဲ့ဆေးခန်းသို့ စာရေးသူရောက်ခဲ့ရသည်။ သူသည် အသားဖြူဖြူနှင့် ရုပ်ရည်တင့်တယ်သူ တယောက်ဖြစ်သည်။ သူသည် လူနာများနှင့် ပြောဆိုဆက်ဆံရာ တွင်လည်း ပြေပြစ်မှုရှိလှသည်။ ဘာသာရေး ကိုင်းရှိုင်းသူ တယောက်လည်းဖြစ်သည်။

ဘုန်းတော်ကြီး သူ့ဆေးခန်းသို့ သွားစဉ်က စာရေးသူ လိုက်ပါခဲ့သည်။ သူ့ရဲ့ဆေးခန်းထဲသို့ ရောက်ရောက်ချင်းပင် သူက-အရှင်ဘုရား၊ ဒီဘက်ကိုကြွပါဘုရား၊ ဘယ်ဒေသကလဲဘုရား၊ ဘာဖြစ်လို့လဲဘုရား-ဟူ၍ လက်အုပ်ချီကာ ပြောဆိုမေးမြန်းသည်။ ထို့နောက် စမ်းသပ်စစ်ဆေးကာ ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ပါတော့သည်။
ဆေးကုသမှု ပြီးစီးသောအခါ စာရေးသူက ကျသင့်သော ဆေးဖိုးဝါးခများကို ပေးချေရန်အတွက် ဆရာ-ဘယ်လောက်ကျပါသလဲ ခင်ဗျား-ဟူ၍ မေးမြန်းသည်။

ထိုအခါ သူက
ဟာ-နေပါစေဗျာ၊ ပေးစရာမလိုပါဘူး။ ကျွန်တော် ဆရာဝန်ဖြစ်စကတည်းက ရဟန်းသံဃာတော်တွေနဲ့ သီလရှင်တွေကို အခကြေးငွေမယူဘဲနဲ့ ကုသပေးခဲ့ပါတယ်။ နောက်ကိုလဲ ခင်ဗျားတို့နယ်က ရဟန်းသံဃာတွေ မကျန်းမမာဖြစ်ခဲ့ရင် ကျွန်တော့်ဆေးခန်းကို ပင့်ခဲ့ပါ။ ကျွန်တော် အခကြေးငွေ မယူဘဲနဲ့ ကုသိုလ်ဖြစ် ကုသပါမယ်-ဟူ၍ လှိုက်လှိုက်လှဲလှဲ ပြောဆိုသည်။
စာရေးသူသည် သူ့ကို အလွန်လေးစားမိပါသည်။ သူတတ်သောပညာဖြင့် သာသနာတော်ကို တဖက်တလမ်းက ကူညီစောင့်ရှောက်နေသူပါတကား။ စာရေးသူတို့ မြန်မာနိုင်ငံတွင် သူ့လို ဆရာဝန်မျိုး များများရှိလျှင် ကောင်းမှာပဲဟူ၍လည်း ဆန္ဒဖြစ်မိသည်။

ဆရာဝန်အလုပ်သည် စိတ်ထားကောင်းမွန်ပါက ကုသိုလ် ၅-မျိုး ရရှိနိုင်ပုံကို ၁၉၉၈-ခုနှစ် အောက်တိုဘာလထုတ် မြတ်မင်္ဂလာ စာစောင်၌ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားက အောက်ပါအတိုင်း ရေးသားထားပါသည်။

(၁) မေတ္တာဘာဝနာ ကုသိုလ်ရရှိပုံ

အထူးသဖြင့် စိတ်ထားမြင့်မြတ်သော ဆရာဝန်များမှာ ကုသိုလ် ၅-မျိုး ရရှိတာ ထင်ရှားကြပေသည်။ စိတ်ထားမြင့်မြတ်သော ဆရာဝန်တို့သည် မိမိထံသို့ရောက်ရှိလာသော မကျန်းမာသူ လူမမာများကို မြင်ရသည်မှစ၍ ကျန်းမာ ချမ်းသာအောင် ဆေးကုသပေးမည်၊ ဆေးကုသပေးမည်-ဟု စိတ်တွင် မကြာခဏ ဖြစ်နေတတ်ကြပေသည်။

ဤကဲ့သို့ဖြစ်နေခြင်းသည် မေတ္တာဘာဝနာ ပွားများနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မေတ္တာဘာဝနာ ကုသိုလ်ကို ရရှိနေကြပေသည်။

(၂) ကရုဏာဘာဝနာ ကုသိုလ်ရရှိပုံ

စိတ်ထားမြင့်မြတ်ကြသော ဆရာဝန်တို့သည် ဆင်းရဲဒုက္ခ ဝေဒနာများကို ခံစားနေကြရသော မကျန်းမာသူ လူမမာများကို မြင်ရသည်မှစ၍ ထိုဆင်းရဲဒုက္ခ ဝေဒနာများကို ကင်းပျောက်သွားစေလိုသော သနားခြင်း ကရုဏာများ စိတ်တွင် မကြာခဏ ဖြစ်နေတတ်ကြပေသည်။

ဤကဲ့သို့ ဖြစ်နေခြင်းသည် ကရုဏာဘာဝနာ ပွါးများနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ကရုဏာဘာဝနာ ကုသိုလ်ကိုလည်း ရရှိနေကြပေသည်။

(၃) မုဒိတာဘာဝနာ ကုသိုလ်ရရှိပုံ

စိတ်ထားမြင့်မြတ်ကြသော ဆရာဝန်တို့သည် ရောဂါဝေဒနာ ခံစားရသူ လူမမာမှာ မိမိဆေးကုသပေးလိုက်၍ ရောဂါဝေဒနာ ပျောက်ကင်းကာ ချမ်းသာခြင်းနှင့် ပြည့်စုံလာသည်ကို မြင်ရသောအခါ အလွန်ပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရပေသည်။

ဤကဲ့သို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းသည် မုဒိတာဘာဝနာကို ပွားများနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မုဒိတာဘာဝနာ ကုသိုလ်ကိုလည်း ရရှိနေကြပေသည်။

(၄) ဥပေက္ခာဘာဝနာ ကုသိုလ်ရရှိပုံ

အချို့အချို့သော မကျန်းမာသူ လူမမာတို့သည် ဆရာဝန်များက ညွှန်ကြားသည့်အတိုင်း မလိုက်နာကြပေ။ ဆေးမှန်မှန် မစားခြင်း၊ ရှောင်ကြဉ်ရမည့် အရာများကို မရှောင်ကြဉ်ခြင်း၊ ချိန်းချက်ထားသော အချိန်များတွင် မလာရောက်ခြင်းတို့ကြောင့် ရောဂါဝေဒနာများ မပျောက်ကင်းကြပေ။ ထိုအခါ ဝေဒနာရှင်များကို ဆရာဝန်များ တွေ့မြင်ရသောအခါ ဒေါသ၊ ဒေါမနဿများ မဖြစ်စေမူ၍ မိမိဖြစ်စေချင်သလို မဖြစ်သည်မှာ ဝေဒနာရှင်၏ ကံ-ပဲဟု လျစ်လျူရှုလိုက်ရလေသည်။

ဤကဲ့သို့ လျစ်လျူရှုလိုက်ခြင်းသည် ဥပေက္ခာဘာဝနာကို ပွားများခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဥပေက္ခာ ဘာဝနာ ကုသိုလ်ကိုလည်း ရရှိနေကြပေသည်။

အချို့အချို့သော မကျန်းမာသူ လူမမာတို့သည် ဆရာဝန်များက ညွှန်ကြားသည့်အတိုင်း လိုက်နာကြသည်။ ဆေးမှန်မှန် စားကြလေသည်။ ရှောင်ကြဉ်ဖွယ်များကို ရှောင်ကြဉ်လျက် ရှိကြပေသည်။ ချိန်းချက်ထားသော အချိန်များ၌ ရောက်အောင် လာကြပေသည်။ သို့သော် ထိုမကျန်းမာသူ လူမမာ၏ ရောဂါဝေဒနာတို့သည် သက်သာပျောက်ကင်းခြင်း မရှိကြပေ။ ပြင်းထန်စွာ ခံစားနေရလျက် ရှိသည်ကို မြင်ရသောအခါ ထိုရောဂါဝေဒနာရှင်အတွက် စိတ်နှလုံး ပူပန်မှုသောက မဖြစ်စေမူ၍ အတိတ်ကံကြောင့်ပဲဟု လျစ်လျူရှုကြရပေသည်။ ထို့ကြောင့် ဥပေက္ခာဘာဝနာကို ပွားများခြင်း ဖြစ်သည်။ ထို့ကြောင့် ဥပေက္ခာဘာဝနာ ကိုလည်း ရရှိနေကြပေသည်။

(၅) ဒါနကုသိုလ် ရရှိပုံ

အချို့အချို့သော မကျန်းမာသူ ရောဂါရှိသူတို့သည် အလွန်ပင် ဆင်းရဲနွမ်းပါးကြပေသည်။ ဆရာဝန်များက ညွှန်ကြားသည့်ဆေးများကိုပင် ၀ယ်ယူဖို့ရန် ငွေကြေးမတတ်နိုင်ကြပေ။ စားဖွယ်၊ သောက်ဖွယ်များကလည်း မပြည့်စုံကြပေ။ ဤကဲ့သို့ ချို့တဲ့နွမ်းပါးသော ရောဂါဝေဒနာရှင်များကို စိတ်ထားမြင့်မြတ်သော ဆရာဝန်များက တွေ့သိကြသောအခါ ဆေးဝယ်ယူဖို့ရန် ငွေကြေးများ ထောက်ပံ့ကြလေသည်။ သင့်လျော်သော ဆေးပစ္စည်းများကို ကိုယ်တိုင်လည်း ၀ယ်ပေးကာ လှူဒါန်းကြလေသည်။ မိမိစားသုံးဖို့ရာ စားဖွယ် သောက်ဖွယ်များကို နွမ်းပါးသူ လူမမာများကို ပေးကမ်းလှူဒါန်းလေ့ရှိကြသည်။ ဤကဲ့သို့ လှူဒါန်းခြင်းဖြင့် ဒါနကုသိုလ်ကိုလည်း ရရှိနေကြပေသည်။
ဤကား သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရား ရေးသားညွှန်ပြချက် ဖြစ်ပါသည်။ အလွန်တန်ဖိုးရှိလှသဖြင့် ထပ်ဆင့်တင်ပြအပ်ပါသည်။

(ဌေးရီဦး-မြန်မာစာ)

( မြတ်မင်္ဂလာ ၂၀၀၄-ခု သြဂုတ်လ)