Search This Blog

Sunday, May 3, 2020

အခန်း (၂) စေတသိက်ပိုင်း

အခန်း (၂) စေတသိက်ပိုင်း

စေတသိက် ၅၂-ပါး
၁။ သညသမာန်း ၁၃ - (က)သဗ္ဗစိတ္တသာ ဓာရဏ ၇၊ (ခ)ပဏိဏ်း ၆
၂။ အကုသိုလ် စေတသိက် ၁၄ - (က)မောစတုက် ၄၊ (ခ)လောတြိ ၃၊ (ဂ)ဒေါစတုက် ၄၊ (ဃ)အဆုံးတြိ ၃
၃။ သောဘဏ စေတသိက် ၂၅ - (က) သောဘဏ သာဓာရဏ ၁၉၊ (ခ)ဝိရတိစေတသိက်၃၊ (ဂ)အပ္ပမညာစေတသိက် ၂၊ (ဃ)ပညိနြေ္ဒစေတသိက် ၁

အညသမာန်း စေတသိက် ၁၃
`ကောင်းဆိုး နှစ်တန်၊ ခပ်တိုင်းငန်၊ သမာန်အည တေရသ´

သောဘဏစိတ်တို့နှင့် လည်းကောင်း၊ အသောဘဏစိတ်တို့နှင့် လည်းကောင်း၊ ယှဉ်တွဲနိုင်ကြသော စေတသိက်များကို သညသမာန်း စေတသိက်များဟု ခေါ်၏။ ဤစေတသိက်စုတွင် သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါးနှင့် ပဏိဏ်းစေတသိက် ၆-ပါးတို့ ပါဝင်ကြ၏။

(က) သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါး
အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံသော စေတသိက်များတည်း။
၁။ ဖဿ = အာရုံကို တွေ့ထိခြင်းသဘော၊
၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်းသဘော၊
၃။ သညာ = အာရုံကို မှတ်သားခြင်းသဘော၊
၄။ စေတနာ = ယှဉ်ဖက် စိတ်စေတသိက်တို့ကို ဆိုင်ရာကိစ္စတို့၌ ဆောင်ရွက်ကြဖို့ရာ စေ့ဆော်တိုက်တွန်းခြင်းသဘော၊
၅။ ဧကဂ္ဂတာ = တစ်ခုတည်းသော အာရုံ၌ တည်တံ့ခြင်း တည်ကြည်ခြင်းသဘော၊
၆။ ဇိဝိတိနြေ္ဒ = ယှဉ်ဖက်တရားတို့ကို သက်တမ်းပြည့် တည်တံ့အောင် စောင့်ထိန်းခြင်းသဘော၊ (နာမ်အသက်)
၇။ မနသိကာရ = အာရုံကို နှလုံးသွင်းခြင်းသဘော၊
`ဖသ်, ဝေ, သဉ်, စေ၊ ဧ, ဇီ, မန၊ ဤသတ္တ၊ သဗ္ဗစိတ်တိုင်းဖြစ်´

ရှင်းလင်းချက်
စိတ်တစ်လုံးတွင် အနည်းဆုံး အထက်ပါစေတသိက် ၇-လုံးယှဉ်စပ်မှ အာရုံယူခြင်းကိစ္စ ပြီးမြောက်၏။

မနသိကာရသည် စိတ်နှင့် စေတသိက်အပေါင်းတို့က အာရုံသို့ ဦးတည်သွားရန် ပဲ့ထိန်းသဖွယ် တည့်မတ်ပေး၏။ စေတနာက စိတ်စေတသိက်တို့ကို အာရုံနှင့် ယှဉ်စပ်ပေး၏။ ဖဿက စိတ်စေတသိက်တို့ကို အာရုံနှင့် ထိတွေ့ပေး၏။ ဝေဒနာက အာရုံ၏ အရသာကိုခံစား၏။ သညာက အာရုံကို မှတ်သား၏။ ဧကဂ္ဂတာက အာရုံ၏ စိတ်စေတသိက်တို့ တည်ငြိမ်နေအောင် ထိန်းပေးထား၏။ ဇီဝိတိနြေ္ဒက စိတ်နှင့် စေတသိက်တို့ သက်တမ်းပြည့် ရှင်သန်တည်တံ့ကြစေရန် စောင့်ထိန်းပေး၏။

(ခ) ပကိဏ်းစေတသိက် ၆-ပါး
၁။ ဝိတက် = ယှဉ်ဖက်စိတ်စေတသိက်တို့ကို အာရုံသို့ တင်ပေးခြင်းသဘော၊
၂။ ဝိစာရ = အာရုံကို သုံးသပ်ခြင်း (ထပ်၍ ထပ်၍ ယူခြင်း)သဘော၊
၃။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ခြင်းသဘော၊
၄။ ဝီရိယ = ယှဉ်ဖက်တရားတို့ မဆုတ်နစ်အောင် အားထုတ်ခြင်းသဘော၊
၅။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊
၆။ ဆန္ဒ = အာရုံကိုလိုချင်တောင့်တခြင်းသဘော။
`တက်, စာ, ဝီ, ပိ၊ ဆန်, အဓိ၊ ပြွမ်းဘိပဏိဏ်းခြောက်´

ရှင်းလင်းချက်
ပဏိဏ်းစေတသိက်တို့သည် စိတ်အားလုံးနှင့် မယှဉ်ကြပါ။ သို့သော် သောဘဏ၊ အသောဘဏစိတ် ၂-မျိုးလုံးနှင့် ယှဉ်သင့်သလို ပြိုးပြွမ်း၍ ယှဉ်ကြ၏။

အာရုံတို့သည် မနောဒွါရနှင့် တိုက်ရိုက် မထိတွေ့နိုင်ကြသဖြင့် ထိတွေ့ရန် ဝိတက်၏ အကူအညီလို၏။ ဝိတက်သည် စိတ်စေတသိက်တို့ကို အာရုံအမျိုးမျိုးသို့ တင်ပေးခြင်းဖြင့် စိတ်ကူးအကြံအစည်များစေ၏။

ဝိစာရသည် ဝိတက်တင်ပို့ပေးလိုက်သည့် အာရုံပေါ်မှ စိတ်စေတသိက်တို့ ချက်ချင်း မလျှောကျရန် အာရုံကို သုံးသပ်စေ၏။ အဓိမောက္ခသည် စိတ်စေတသိက်တို့ကို အာရုံ၌ ခိုင်မြဲနေအောင် ဆောင်ရွက်ပေးပြီး အာရုံကို ဆုံးဖြတ်ပေး၏။

ဝီရိယသည် စိတ်စေတသိက်တို့ မဆုတ်နစ်အောင် ထောက်ပံ့ခြင်း အားထုတ်ခြင်းသဘောဖြစ်၏။ အခက်အခဲကြုံတွေ့လျှင့် နောက်မတွန့်၊ မကြောက်ရွံ့တတ်သော ရဲရင့်သူ၊ လုံ့လရှိသူ၊ သည်းခံနိုင်သူ၏ အရည်အသွေးဖြစ်၏။

ပီတိသည် အာရုံကို နှစ်သက်ခြင်းဖြင့် အာရုံ၌ စိတ်စေတသိက်တို့ ခိုင်မြဲနေရန် ကူညီပေး၏။ စိတ်စေတသိက်တို့ကို ပဒုမ္မာကြာပန်းကဲ့သို့ ပွင့်လန်းတိုးပွားစေ၏။ ရေပြတ်၍ နွမ်းလျနေသော ခရီးသွား ယောက်ျားသည် ရေကန်ကို လှမ်းမြင်ရသည့်အခါ ရွှင်လန်းအားရပြီး ခွန်အားလန်းသစ်လာ၏။ ဤသို့ လန်းသစ်လာခြင်းသည် ပီတိ၏ စွမ်းအားကြောင့် ဖြစ်၏။

အကုသိုလ်စေတသိက် ၁၄-ပါး
(က) မောဟစတုက္က ခေါ် မောဟအသင်းဝင် စေတသိက် ၄-ပါးမှာ -
၁။ မောဟ = အာရုံ၏သဘောအမှန်ကိုမသိခြင်း၊ ဖုံးကွယ်ခြင်းသဘော၊
၂။ အဟိရိက = ဒုစရိုက်မကောင်းမူကိုပြုရန် မရှက်ခြင်းသဘော၊
၃။ အနောတ္တပ္ပ = ဒုစရိုက်မကောင်းမူကိုပြုရန် မကြောက်လန့်ခြင်းသဘော၊

၄။ ဥဒ္ဓစ္စ = အာရုံတစ်ခု၌ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်းသဘော၊
`မော, ဟိ, နောတ်, ဥဒ်၊ မောစတုက်´

(ခ) လောတြိခေါ် လောဘအသင်းဝင် စေတသိက် ၃-ပါးမှာ -
၅။ လောဘ = ကာမဂုဏ်အာရုံကို ငြိကပ်တပ်မက်ခြင်းသဘော၊
၆။ ဒိဋ္ဌိ = လွဲမှားစွာ ထင်မြင်ယူဆခြင်းသဘော၊
၇။ မာန = ထောင်လွှားဝင့်ကြွားခြင်းသဘော၊
`လော, မာန်, ဒိဋ္ဌိ၊ လောတြိ´

(ဂ) ဒေါသစတုက္ကခေါ် ဒေါသအသင်းဝင်စေတသိက် ၄-ပါးမှာ -
၈။ ဒေါသ = ခက်ထန်ကြမ်းတမ်းခြင်းသဘော၊
၉။ ဣဿာ = သူတစ်ပါး၏ စည်းစိမ်ချမ်းသာကို ငြူစူခြင်း မနာလိုခြင်းသဘော၊
၁၀။ မစ္ဆရိယ = မိမိ၏ စည်းစိမ်ချမ်းသာကို လျှို့ဝှက်ခြင်း၊ ဝန်တိုခြင်း၊ နှမြောခြင်းသဘော၊
၁၁။ ကုက္ကုစ္စ = ပြုခဲ့မိသော ဒုစရိုက်၊ မပြုခဲ့မိသော သုစရိုက်တို့ကို နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊
`ဒေါ၊ ဣသ်၊ မစ်၊ ကုက်၊ ဒေါစတုက်´

(ဃ) အဆုံးတြိခေါ် နောက်ဆုံးအကုသိုလ်စေတသိက် ၃-ပါးမှာ -
၁၂။ ထိန = စိတ်၏အမူ၌ လေးလံထိုင်းမိူင်းခြင်း၊ စိတ်မခံခြင်းသဘော၊
၁၃။ မိဒ္ဓ = စေတသိက်တို့၏ အမူ၌ လေးလံထိုင်းမိူင်းခြင်း၊
၁၄။ ဝိစိကိစ္ဆာ = ရတနာ ၃-ပါး၊ သစ္စာ ၄-ပါး၊ ကံတရား စသည့် ကုသိုလ်ရေး၌ ယုံမှားသံသယဖြစ်ခြင်းသဘော၊
`ထိ, မိဒ်, ဝိစိ၊ ဆုံတြိ´

ရှင်းလင်းချက်
အကုသိုလ်စေတသိက် ၁၄-လုံးတို့ကား ကျွနု်ပ်တို့၏ ကြောက်စရာအကောင်းဆုံး ရန်သူများတည်း။ သတိမရှိသော စိတ်တွင်းသို့ ဝင်ချင်သလိုဝင်နိုင်ကြသည်။ စိတ်ကို ပူလောင်ဆင်းရဲစေပြီး အပါယ်သို့ တွန်းချနိုင်ကြသည်။

မောဟ၊ လောဘ၊ ဒေါသတို့ကား အကုသိုလ်ဟိတ်များ ဖြစ်ကြသည်နှင့်အညီ အကုသိုလ်၏ အရင်းအမြစ်မူလများ ဖြစ်ကြ၏။

မောစတုက် ၄-ပါးတို့သည် အကုသိုလ်စိတ်ဖြစ်တိုင်း ပါဝင်ကြသဖြင့် အကုသလသာဓာရဏဟု အမည်ရကြ၏။ မောဟသည် ရုပ်နာမ်သဘော၊ ကံသဘော၊ သစ္စာသဘော စသည်တို့ကို ဖုံးကွယ်ထားပြီး သတ္တဝါတို့အား အမှောင်တိုက်၌ ကျင်လည်စေ၏။ ထိုအမှောင်တိုက်၏ အထောက်အပံ့ဖြင့် မကောင်းမူ ဒုစရိုက်ကို ပြုလုပ်ဖို့ အဟိရိကက မရှက် မုန်းရန်၊ အနောတ္တပ္ပက မကြောက်ရွံ့ရန် အားပေးအားမြှောက် ပြုကြ၏။ ဥဒ္ဓစ္စက အမှန်သဘောကို မတွေးေတောမိအောင် စိတ်ကို ပျံ့လွင့်စေ၏။

လောတြိဟုခေါ်သော လောဘ၊ ဒိဋ္ဌိနှင့် မာနတို့သည် သံသရာကို ချဲ့ကားတတ်သော ပပဉ္စတရားများ ဖြစ်ကြ၏။ လောဘသည် ကာမဂုဏ်အာရုံကို တမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊ တပ်မက်တွယ်တာလိုချင်သည့်သဘော ဖြစ်၏။ သတ္တဝါတို့အား မည်သည့်အခါမျှ မရောင့်ရဲ မတင်းတိမ်စေဘဲ အာရုံသစ်များကို အမြဲရှာဖွေနေစေ၏။ ဒိဋ္ဌိသည် မိမိကို ချစ်ခင် တပ်မက်သည့် လောဘအပေါ် အခြေပြုလျက် ရုပ်နာမ် ၂-ပါးသာဖြစ်သည့် လောကီခန္ဓာငါးပါးကို `ငါ၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ´စသည်ဖြင့် လွဲမှားစွာ ထင်မြင်စွဲလမ်းစေ၏။ မာနသည် လောကီခန္ဓာငါးပါးကိုပင် `ငါ တကား၊ ငါလိုလူ ဇမ္ဗူမှာ ရှိသေးလား´ဟု ထောင်လွှားဝင့်ကြွားစေ၏။

`ဒေါသနှင့်တူသော အပြစ်သည်မရှိ´ဟု ဘုရားဟောထားသည်နှင့်အညီ ဒေါသသည် အဖျက်ဆီးတတ်ဆုံးသော တရားဖြစ်၏။ မြွေပွေး မြွေဟောက်နှင့် တူ၏။ တက်ကြွသော ဒေါသကသာ ဖျက်ဆီးတတ်သည် မဟုတ်၊ ဆုတ်နစ်သော ဒေါသကြောင့် ဖြစ်သည့် စိတ်ပျက်ခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ စိတ်နှလုံးမသာယာခြင်း၊ လွန်ကဲစွာ ပူဆွေးခြင်းတို့ကလည်း ကိုယ်စိတ်နှစ်ပါး ပျက်စီးစေကြ၏။

ဣဿာနှင့် မစ္ဆရိယတို့သည် အလိုလိုနေရင်း စိတ်ကို ဆင်းရဲစေပြီး အကုသိုလ်တိုးပွားစေကြ၏။ ၎င်းတို့ကို နှိမ်နင်းလိုက်သည်နှင့် တစ်ပြိုင်နက် စိတ်ချမ်းသာသွားမည့် အကြောင်းကို `မနာလိုကင်း၊ ဝန်တိုရှင်း၊ လက်ငင်းချမ်းသာသည်´ဟု မဟာစည်ဆရာတော် စပ်ဆိုခဲ့ပေ၏။

ကုက္ကုစဖြင့် နောင်တတစ်ဖန် ပူပန်နေခြင်းသည် ပြုခဲ့မိပြီးသော ဒုစရိုက်ကို မပြုရာရောက်အောင် မပြုခဲ့မိသေးသည့် သုစရိုက်ကိုလည်း ပြုရာရောက်အောင် မစွမ်းဆောင်ပေးနိုင်သည့်အပြင် အကုသိုလ်ကိုပင် တိုးပွားစေသဖြင့် အမြင်ကပ်စရာ အကျိုးယုတ်စရာ အမူအရာသာဖြစ်၏။

ထိနနှင့် မိဒ္ဓတို့သည် စိတ်နှင့် စေတသိက်တို့ကို ထိုင်းမိူင်းလေးလံစေခြင်းဖြင့် ပျင်းရိငိုက်မျဉ်းခြင်းကို ဖြစ်ပေါ်စေကြ၏။ ကုသိုလ်အလုပ်ကို ဆုတ်ယုတ်စေကြ၏။ ဘုရား၊ တရား၊ သံဃာနှင့် ကုသိုလ်ရေးကိစ္စများ၌ ယုံမှားသံသယဖြစ်စေသော ဝိစိကိစ္ဆာသည်လည်း ကုသိုလ်အလုပ်ကို ဆုတ်နစ်စေ၏။ သို့အတွက် ထိန၊ မိဒ္ဓ၊ ဝိစိကိစ္ဆာတို့ကို အကုသိုလ် စေတသိက်များအတွင်း ထည့်သွင်းထားခြင်းဖြစ်၏။

စိတ်ကိုညစ်ညူး ပူလောင်စေတတ်သော ကိလေသာတရား ၁၀-ပါးတို့ကား လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိကနှင့် အနောတ္တပ္ပတို့ ဖြစ်ကြ၏။

သောဘဏစေတသိက် ၂၅-ပါး
သောဘဏသာဓာရဏ စေတသိက် ၁၉-ပါး
သောဘဏစိတ်အားလုံးနှင့် ဆက်ဆံသော (ဝါ) သောဘဏစိတ်ဖြစ်တိုင်း ပါဝင်ကြသော စေတသိက်တို့တည်း။
၁။ သဒ္ဓါ = ဘုရား၊ တရား၊ သံဃာ စသည့် ကုသိုလ်အာရုံ၌ ယှဉ်ဖက်တရားတို့ကို ကြည်လင်စေခြင်း၊ ယုံကြည်စေခြင်းသဘော၊
၂။ သတိ = ဘုရား၊ တရား၊ သံဃာ စသည့်ကုသိုလ်အာရုံ၌ ယှဏ်ဖက်တရားတို့ကို အောက်မေ့ အမှတ်ရစေခြင်းသဘော၊

၃။ ဟိရီ = မကောင်းမူ ဒုစရိုက်မှ ရှက်မုန်းခြင်းသဘော၊
၄။ သြတ္တပ္ပ = မကောင်းမူ ဒုစရိုက်မှ ကြောက်လန့်ခြင်းသဘော၊
၅။ အလောဘ = ကာမဂုဏ်အာရုံကို မလိုချင် မတပ်မက်ခြင်းသဘော၊
၆။ အဒေါသ = မကြမ်းတမ်း မခက်ထန်ခြင်းသဘော (မေတ္တာ)၊
၇။ တတြမဇ္ဈတ္တတာ = ယှဉ်ဖက်တရားတို့အား ဆိုင်ရာကိစ္စများကို မယုတ်မလွန် မျှတစွာ ဆောင်ရွက်ကြရန် တည့်မတ် ထိန်းသိမ်းပေးခြင်းသဘော (ဥပေက္ခာ)
၈။ ကာယပဿဒ္ဓိ = စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်းသဘော၊
၉။ စိတ္တပဿဒ္ဓိ = စိတ်၏ ငြိမ်းအေးခြင်းသဘော၊
၁၀။ ကာယလဟုတာ = စေတသိက်အပေါင်း၏ ပေါ့ပါးသွက်လက်ခြင်းသဘော၊
၁၁။ စိတ္တလဟုတာ = စိတ်၏ ပေါ့ပါးသွက်လက်ခြင်းသဘော၊
၁၂။ ကာယမုဒုတာ = စေတသိက်အပေါင်း၏ နူးညံ့ပျောင်းအိခြင်သဘော၊
၁၃။ စိတ္တမုဒုတ = စိတ်၏ နူးညံ့ပျောင်းအိခြင်းသဘော၊
၁၄။ ကာယကမ္မညတာ = စိတ်၏ ကုသိုလ်ကောင်းမူ၌ ခံ့ညားခြင်းသဘော၊
၁၅။ စိတ္တကမ္မညတာ = စိတ်၏ ကုသိုလ်ကောင်းမူ၌ ခံညားခြင်းသဘော၊
၁၆။ ကာယပါဂုညတာ = စေတသိက် အပေါင်း၏ ကုသိုလ်ကောင်းမူ၌ လေ့လာနိုင်နင်းခြင်း သဘော၊
၁၇။ စိတ္တပါဂုညတာ = စိတ်၏ကုသိုလ်ကောင်းမူ၌ လေ့လာနိုင်နင်းခြင်းသဘော၊
၁၈။ ကာယုဇုကတာ = စေတသိက်အပေါင်း၏ ဖြောင့်မတ်စွာ ဖြစ်ခြင်းသဘော၊
၁၉။ စိတ္တုဇုကတာ = စိတ်၏ ဖြောင့်မတ်စွာ ဖြစ်ခြင်းသဘော။

`သံခိပ်လင်္ကာ´ = သဒ္ဓါ၊ သတိ၊ ဟိရိ၊ သြတ္တပ်၊ ဟိတ်နှစ်ရပ်၊ တတြမဇ္ဈတ္တာ၊ မဿဒ္ဓိ, လဟု၊ မုဒု, ကမ္မဉ်၊ ပါဂုညင်နှင့်၊ ထို့ပြင် ဥဇုက၊ ခြောက်ဓမ္မ၊ ကာယစိတ်နှင့်နှော´

ရှင်းလင်းချက်
စကြဝတေးမင်း၏ ပတ္တမြားရတနာသည် နောက်ကျိနေသောရေမှ အနည်များကို ထိုင်စေကာ ရေကိုကြည်လင်စေသကဲ့သို့ သဒ္ဓါသည် ကိလေသာ အညစ်အကြေးများကို အနည်ထိုင်စေပြီး စိတ်စေတသိက်တို့ကို ကြည်လင်စေ၏။ မောဟ၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတို့ကို ဖယ်ရှားပြီး ဘုရား၊ တရား၊ သံဃာ၌ ယုံကြည်မူကို ဖြစ်ပေါ်စေ၏။

အကုသိုလ်အမူများ၌ မောဟဦးဆောင်သကဲ့သို့ ကုသိုလ်ရေးတွင် သဒ္ဓါဦးဆောင်၏။ သဒ္ဓါမရှိသူသည် ဗုဒ္ဓသာသနာတော်နှင့် ကြုံကြိုက်နေပါသော်လည်း ကုသိုလ်ပြုခွင့်မရချေ။ လက်မရှိသောသူသည် ရွှေတောင်ပေါ် ရောက်နေသော်လည်း ရွှေတုံးများကို မကောက်ယူနိုင်သကဲ့သို့တည်း။ ထို့ကြောင့် `ဤလောကမှာ၊ လူ့ဥစ္စာ၊ သဒ္ဓါအမြတ်ဆုံးတည်း´ဟု ဗုဒ္ဓမိန့်ကြားတော်မူ၏။

သတိသည် ဖြစ်ပြီးဖြစ်ဆဲ အာရုံများကို ရေစီးကြောင်း၌ ဗူးတောင်းများ လွင့်မျောသွားသလို လွင့်မျော ပျောက်ကွယ်မသွားရန် အောက်မေ့ အမှတ်ရစေသော သဘောဖြစ်၏။ `သတိမမူ ဂူမမြင်´ဟူသကဲ့သို့ သတိမထားလျှင် မြင်ကြားသည်များကို မှတ်မှတ်ရရ မသိလိုက်ပါ။ ဝိပဿနာရူမှတ်ရာတွင် ဒွါရ ၆-ပါး၌ အာရုံများထင်လာသမျှကို မလွတ်တမ်းရူမှတ်နိုင်ရန် သတိကပ်၍ ရူမှတ်ရ၏။ ဤနည်းဖြင့် သတိဟူသော တံခါးမှူးသည် စိတ်ထဲသို့ ကိလေသာများ မစိမ့်ဝင်ရန် စောင့်ကြပ်တားဆီးပေးနိုင်၏။

ဟိရိနှင့် သြတ္တပ္ပတို့သည် အဟိရိကနှင့် အနောတ္တပ္ပတို့၏ ဆန့်ကျင်ဘက်တရားများ ဖြစ်ကြ၏။ အမိနှင့်သား၊ အဖနှင့်သမီး စသည်ဖြင့် ဖောက်ပြားခြင်း မရှိရန် လူနှင့် တိရစ္ဆာန်အကြား စည်းခြားပေးသော လောကပါလတရားများ (ကမ္ဘာစောင့်တရားများ) ဖြစ်ကြ၏။

အလောဘသည် ကိလေသာမှ လွတ်မြောက်ပြီးသော ရဟန္တာအရှင်မြတ်တို့၌ ထင်ရှား၏။ ထိုအရှင်မြတ်တို့သည် မည်သည့် ပစ္စည်းဥစ္စာကိုမျှ `ငါ့ဥစ္စာ´ ဟူသော အမှတ်ဖြင့် သိမ်းဆည်းထားခြင်း မရှိချေ။ ပစ္စည်းဥစ္စာကို စွန့်လွှတ်၍ ဒါနပြုသူသည် လောဘကိလေသာကို အလောဘဖြင့် ခေတ္တ အနိုင်ရလိုက်ခြင်းပင် ဖြစ်၏။

အဒေါသသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ဖျက်ဆီးတတ်မူ၊ ရန်ငြိုးဖွဲ့မူ ဒေါသအစုကို တွန်းလှန်ပြီး စန်းလအသွင် ကြည်လင်အေးမြစေသော တရားဖြစ်၏။ သတ္တဝါများ ဘေးရန်ကင်းဝေးရန်၊ ချမ်းသာကြီးပွားရန် မေတ္တာပို့သခြင်းသည် အဒေါသစေတသိက်၏ အမူကိစ္စတစ်ရပ်ဖြစ်၏။

တတြမဇ္ဈတ္တတာသည် စိတ်စေတသိက်တို့အား မိမိဆိုင်ရာ အမူကိစ္စများကို ဆောင်ရွက်ရာ၌ မယုတ်မလွန်စေရန် ထိန်းကျောင်းပေးသဖြင့် မောင်တော်ကား၏ ဘရိတ်ကိရိယာနှင့် တူ၏။ မြင်းနှစ်စီးတို့အား အညီအမျှ ပြေးသွားကြစေရန် ထိန်းကွပ်ပေးရသော ရထားထိန်းနှင့်လည်းတူ၏။ `သတ္တဝါတို့သည် ကမ္မသကာ ကံစီမံသည့်အတိုင်း ဖြစ်ကြရ၏´ဟု နှလုံးသွင်းလျက် စိတ်တည်ငြိမ်ခိုင်မြဲနေသော ဥပေက္ခာသည် တတြမဇ္ဈတ္တတာ၏ သဘောတစ်ခုပင် ဖြစ်၏။

စိတ်စေတသိက်တို့၏ ငြိမ်းအေးခြင်းသဘော (ပဿဒ္ဓိ)၊ စိတ်စေတသိက်တို့၏ ပေါ့ပါး သွက်လက်မူသဘော (လဟုတာ)၊ စိတ်စေတသိက်တို့၏ နူးညံ့ပျော့ပျောင်းခြင်းသဘော (မုဒုတာ)၊ စိတ်စေတသိက်တို့၏ ကုသိုလ်ကောင်းမူ၌ ကောင်းမွန်ခံ့ညားခြင်းသဘော (ကမ္မညတာ)၊ စိတ်စေတသိက်တို့၏ အပြစ်အနာအဆာကင်းပ၍ ပွန်းတီးစွာ လေ့လာထားခြင်းသဘော (ပါဂုညတာ)နှင့် စိတ်စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော (ဥဇုကတာ)တို့သည် ကုသိုလ်ရေးကိစ္စ၌ အလေ့အကျင့်များသူတို့တွင် ပေါ်လွင်ထင်ရှားကြ၏။ ဝိပဿနာ အားထုတ်သဖြင့် အထက်ဉာဏ်များသို့ ရောက်နေကြသော ယောဂီများ၌ သာ၍ထင်ရှားကြ၏။ စိတ်စေတသိက်တို့ ငြိမ်းအေး၊ ပေါ့ပါး ကောင်းမွန်ခံ့ညားနေကြသောအခါ၌ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်များသည်လည်း ငြိမ်းအေး၊ ပေါ့ပါး ကောင်းမွန်ခံ့ညားနေကြပေ၏။

သဒ္ဓါ၊ သတိ၊ ဟိရီ၊ သြတ္တပ္ပ၊ အလောဘ။ အဒေါသနှင့် တတြမဇ္ဈတ္တတာတို့သည် တစ်ပါးစီသာလျှင် မိမိတို့၏ ဆန့်ကျင်ဘက် တရားတို့ကို ဖယ်ရှား နှိမ်နှင်းနိုင်ကြ၏။
ကာယပဿဒ္ဓိ - စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ-စိတ္တလဟုတာ စသော စုံတွဲစေတသိက်တို့ကား နှစ်ပါးစီတွဲ၍သာ သက်ဆိုင်ရာ ဆန့်ကျင်ဘက် အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်ကြ၏။ ဤအကြောင်းကြောင့် ဤစေတသိက်တို့ကို ၂-ပါးစီတွဲလျက် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ခြင်း ဖြစ်၏။

ဝိရတိစေတသိက် ၃-ပါး
၁။ သမ္မာဝါစာ = အသက်မွေးဝမ်းကျောင်းနှင့် မဆက်စပ်ဘဲ ဝစီဒုစရိုက် ၄-ပါးကို ရှောင်ကြဉ်ခြင်းသဘော၊
၂။ သမ္မာကမ္မန္တ = အသက်မွေးဝမ်းကျောင်းနှင့် မဆက်စပ်ဘဲ  ကာယဒုစရိုက် ၃-ပါးကို ရှောင်ကြဉ်ခြင်းသဘော၊
၃။ သမ္မာအာဇီ၀ = အသက်မွေးဝမ်းကျောင်းနှင့် ဆက်စပ်၍ ဝစီဒုစရိုက် ၄-ပါးနှင့် ကာယုစရိုက် ၃-ပါးကို ရှောင်ကြဉ်ခြင်းသဘော၊

ရှင်းလင်းချက်
ဤစေတသိက် ၃-ပါးသည် သီလမဂ္ဂင်များအဖြစ် မဂ္ဂင် ၈-ပါးတွင် ပါဝင်ကြ၏။

ဝစီဒုစရိုက်လေးပါးမှာ (၁) မုသာဝါ = မမှန်သောစကားကိုပြောခြင်း၊ (၂) ပိသုဏဝါစာ = ကုန်းချောသောစကားကိုပြောခြင်း၊ (၃) ဖရုသဝါစာ = ကြမ်းတမ်းသောစကားကိုပြောခြင်း၊ (၄) သမ္ဖပ္ပလာပ = အကျိုးမရှိသည့် သိမ်ဖျင်းသောစကားကိုပြောခြင်းတို့ ဖြစ်ကြ၏။ ဤဝစီဒုစရိုက် ၄-ပါးအနက် ၁-ပါးပါးကို ကျူးလွန်ရန် အခွင့်ကြုံလာသောအခါ မကျူးလွန်ဘဲ ရှောင်ကြဉ်လိုက်လျှင် သမ္မာဝါစာ ဖြစ်၏။

ကာယဒုစရိုက် ၃-ပါးမှာ (၁) ပါဏာတိပါတ = သူတစ်ပါးအသက်ကို သတ်ခြင်း၊ (၂) အဒိန္နာဒါန = သူတစ်ပါးဥစ္စာကို ခိုးယူခြင်းနှင့် (၃) ကာမေသုမိစ္ဆစာရ = သူတစ်ပါးသားမယားကို ဖျက်ဆီးခြင်းတို့ ဖြစ်ကြ၏။ ဤကာယဒုစရိုက် ၃-ပါးအနက် ၁-ပါးပါးကို ကျူးလွန်ရန် အခွင့်ကြုံလာသောအခါ မကျူးလွန်ဘဲ ရှောင်ကြဉ်လိုက်လျှင် သမ္မာကမ္မန္တ ဖြစ်၏။ ဥပမာ ကိုက်သောခြင်ကို ရိုက်မသတ်ဘဲ အသာအယာ ဖယ်ရှားလိုက်လျှင် သမ္မာကမ္မန္တဖြစ်၏။

အသက်မွေးဝမ်းကျောင်းအတွက် အထက်ပါ ဝစီဒုစရိုက် ၄-ပါးနှင့် ကာယဒုစရိုက် ၃-ပါးတို့ အနက်မှာ ၁-ပါးပါးကို ကျူးလွန်ရန် အခွင့်ကြုံလာသည့်အခါ မကျူးလွန်ဘဲ ရှောင်ကြဉ်လိုက်လျှင် သမ္မာအာဇီ၀ ဖြစ်၏။ ဥပမာ = ကြက်ဘဲ တို့ကို သတ်၍ ရောင်းချခြင်း၊ လိမ်ညာ၍ စီးပွားရှာခြင်း စသည်တို့ကို ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီ၀ ဖြစ်၏။

အပ္ပမညာ စေတသိက် ၂-ပါး
၁။ ကရုဏာ = ဒုက္ခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ သနားကြင်နာခြင်းသဘော၊
၂။ မုဒိတာ = သုခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော၊

ရှင်းလင်းချက်

ကရုဏာသည် ဆင်းရဲဒုက္ခရောက်နေသော သတ္တဝါတို့ကို မြင်တွေ့ရသည့်အခါ ထိုသတ္တဝါတို့အား ထိုဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုသည့် သဘောဖြစ်၏၊ သတ္တဝါတို့အား နှိပ်စက်ညှဉ်းဆဲတတ်သည့် ဝိဟိ ံသခေါ် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်၏။

မုဒိတာသည် ကြီးပွားချမ်းသာနေသော သတ္တဝါတို့ှကို မြင်တွေ့ရသည့်အခါ သူတော်ကောင်းတို့ှ၏ စိတ်၌ ဖြစ်ပေါ်သော ဝမ်းမြောက်ခြင်းသဘော ဖြစ်၏။ မနာလို ဝန်တိုတတ်သည့် ဣဿာ၏ ဆန့်ကျင်ဘက်ဖြစ်၏။

မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတို့သည် ဗြဟ္မာတို့၏ မြတ်သော အကျင့်ဖြစ်သည့် ဗြဟ္မစိုရ်တရား ၄-ပါး ဖြစ်ကြ၏။

ပညိနြေ္ဒစေတသိက်
ပညိနြေ္ဒ = ပညာ + ဣနြေ္ဒိယ = အာရုံ၏ အမှန်သဘောကို ထိုးထွင်း၍ သိမူကိစ္စ၌ အစိုးရ ခြင်းသဘော၊

ရှင်းလင်းချက်
ဤစေတသိက်ကို ပညာစေတသိက်ဟုလည်း ခေါ်၏။ မောဟ၏ ဆန့်ကျင်ဘက်ဖြစ်သဖြင့် အမောဟဟုလည်း ခေါ်၏။ အဝိဇ္ဇာအမိုက်မှောင်ကို ပယ်ခွာတတ်သဖြင့် ဝိဇ္ဇာဟုလည်း အမည်ရ၏။

ရုပ်နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို သိခြင်း၊ ကံ-ကံ၏အကျိုးသဘောကို သိနားလည်ခြင်း၊ အရိယသစ္စာ ၄-ပါးနှင့် ပဋိစ္စသမုပ္ပါ၏်သဘောတို့ကို သိမြင်ခြင်းတို့သည် ပညာဖြစ်၏။

သမ္ပယောဂနည်းနှင့် သင်္ဂဟနည်း
စေတသိက်တစ်လုံးစီက မည်သည့်စိတ်များ၌ ယှဉ်နိုင်သည်ကို ဖော်ပြသောနည်းသည် သမ္ပယောဂနည်း ဖြစ်၏။

အညသမာန်းသမ္ပယောဂ ၇-နည်း
(၁) သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါးသည် စိတ်အကျဉ်း ၈၉-ပါး၊ စိတ်အကျယ် ၁၂၁-ပါးတို့၌ ယှဉ်ကြ၏။
(၂) ဝိတက်သည် ဒွေပဉ္စဝိညာဏ် ၁၀-ကြဉ်သော ကာမစိတ် ၄၄-ပါး၊ ပထမဈာန်စိတ် ၁၁-ပါး၊ ပေါင်း ၅၅-ပါးသော စိတ်တို့၌ ယှဉ်၏။

(၃) ဝိစာရသည် ဝိတက်ယှဉ်သောစိတ် ၅၅-ပါး၊ ဒုတိယဈာန်စိတ် ၁၁-ပါး၊ ပေါင်း ၆၆-ပါးသော စိတ်တို့၌ ယှဉ်၏။
(၄) အဓိမောက္ခသည် ဒွေပဉ္စဝိညာဏ် ၁၀-နှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ်တို့ကို ကြဉ်၍ ကြွင်းသည့်စိတ် ၇၈-ပါးတို့၌ ယှဉ်၏။
(၅) ဝီရိယသည် ပဉ္စဒွါရာဝဇ္ဇန်း ၁၊ ဒွေပဉ္စဝိညာဏ် ၁၀၊ သမ္ပဋိစ္ဆိုန်း ၂၊ သန္တီရဏ ၃ ဟူသော ၁၆-ပါးသော စိတ်တို့ကိုကြဉ်၍ ကြွင်းသည့်စိတ် ၇၃-ပါးတို့၌ ယှဉ်၏။
(၆) ပီတိသည် လောဘမူ သောမနဿသဟဂုတ် ၄-ပါး၊ သောမနဿသန္တီရဏ ၁-ပါး၊ ဟသိတုပ္ပါဒ် ၁-ပါး၊ ကာမသောဘဏသောမနဿသဟဂုတ် ၁၂-ပါး၊ ပထမဈာန် ၁၁-ပါး၊ ဒုတိယဈာန် ၁၁-ပါး၊ တတိယဈာန် ၁၁-ပါး၊ ပေါင်း ၅၁-ပါးသော စိတ်တို့၌ ယှဉ်၏။
(၇) ဆန္ဒသည် အဟိတ်စိတ် ၁၈နှင့် မောဟမူဒွေတို့ကို ကြဉ်၍ ကြွင်းသည့်စိတ် ၆၉-ပါးတို့၌ ယှဉ်၏။

အကုသိုလ်စေတသိက် သမ္ပယောဂ ၆-နည်း
(၁) အကုသလ သာဓာရဏဟု ဆိုအပ်သော မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စတို့သည် အကုသိုလ်စိတ် ၁၂-ပါးတို့၌ ယှဉ်ကြ၏။
(၂) လောဘသည် လောဘမူစိတ် ၈-ပါး၌ယှဉ်၏။ ဒိဋ္ဌိသည် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်၏။ မာနသည် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်၏။
(၃) ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စတို့သည် ဒေါသမူစိတ် ၂-ပါး၌ ယှဉ်ကြ၏။
(၄) ထိနနှင့် မိဒ္ဓတို့သည် အကုသလသသင်္ခါရိကစိတ် ၅-ပါး၌ ယှဉ်ကြ၏။
(၅) ဝိစိကိစ္ဆာသည် ဝိစိကိစ္ဆာ သဟဂုတ်စိတ်၌သာ ယှဉ်၏။

သောဘဏစေတသိက် သမ္ပယောဂ ၄-နည်း
(၁) သောဘဏသာဓာရဏစေတသိက် ၁၉-ပါးသည် သောဘဏစိတ်အကျဉ်း ၅၉-ပါး၊ အကျယ် ၉၁-ပါးတို့၌ ယှဉ်ကြ၏။
(၂) ဝိရတိစေတသိက် ၃-ပါးသည် လောကုတ္တရာစိတ် ၈-ပါး၌ အမြဲတစ်ပေါင်းတည်းယှဉ်ပြီး၊ မဟာကုသိုလ်စိတ် ၈-ပါး၌ ရံခါအသီးသီး ယှဉ်ကြ၏။
(၃) အပ္ပမညာစေတသိက် ၂-ပါးသည် ပဉ္စမဈာန်စိတ်ကြဉ်သော မဟဂ္ဂုတ်စိတ် ၁၂-ပါး၊ မဟာကုသိုလ်စိတ် ၈-ပါး၊ မဟာကြိယာစိတ် ၈-ပါး၊ ပေါင်း ၂၈-ပါးသော စိတ်တို့၌ ရံခါအသီးသီး ယှဉ်ကြ၏။
(၄) ပညိနြေ္ဒဟု အမည်ရသော ပညာစေတသိက်သည် ကာမသောဘဏ ဉာဏသမ္ပယုတ်စိတ် ၁၂-ပါး၊ မဟဂ္ဂုတ်စိတ် ၂၇-ပါး၊ လောကုတ္တရာစိတ် အကျဉ်း ၈-ပါး၊ ပေါင်း ၄၇-ပါးသော စိတ်တို့၌ ယှဉ်၏။

စေတသိက်ပိုင်း သင်္ဂဟနည်း
စိတ်တစ်မျိုးစီ၌ ယှဉ်ထိုက်သမျှသော စေတသိက်အားလုံးကို ပေါင်းရုံး၍ ရေတွက်သောနည်းကို သင်္ဂဟနည်းဟုခေါ်ပါသည်။
အကုသိုလ်စိတ် သင်္ဂဟနည်း ၇-နည်း
(၁) လောဘမူ ပထမအသင်္ခါရိကစိတ်၌ အညသမာန်း စေတသိက် ၁၃-ပါး၊ မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စဟူသော အကုသလသာဓာရဏ စေတသိက် ၄-ပါး၊ လောဘ၊ ဒိဋ္ဌိဟူ၍ စေတသိက် ၁၉-ပါးယှဉ်ပါသည်။
လောဘမူ ဒုတိယ အသင်္ခါရိကစိတ်၌ အညသမာန်း စေတသိက် ၁၃-ပါး၊ မောစတုက်ဟူသော အကုသလသာဓာရဏ စေတသိက် ၄-ပါး၊ လောဘ၊ မာနဟူ၍ စေတသိက် ၁၉-ပါးယှဉ်ပါသည်။
(၂) လောဘမူတတိယ အသင်္ခါရိကစိတ်၌ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ အကုသလသာဓာရဏ စေတသိက် ၄-ပါး၊ လောဘ၊ ဒိဋ္ဌိဟူ၍ စေတသိက် ၁၈-ပါးယှဉ်ပါသည်။
လောဘမူ စတုတ္ထ အသင်္ခါရိကစိတ်၌ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ အကုသလသာဓာရဏစေတသိက် ၄-ပါး၊ လောဘ၊ မာနဟူ၍ စေတသိက် ၁၈-ပါး ယှဉ်ပါသည်။
(၃) လောဘမူ ပထမသသင်္ခါရိကစိတ်၌ အညသမာန်း စေတသိက် ၁၃-ပါး၊ အကုသလသာဓာရဏ စေတသိက် ၄-ပါး၊ လောဘ၊ ဒိဋ္ဌိ၊ ထိန၊ မိဒ္ဓဟူ၍ ၂၁-ပါး ယှဉ်ပါသည်။
လောဘမူ ဒုတိယသသင်္ခါရိကစိတ်၌ အညသမာန်း စေတသိက် ၁၃-ပါး၊ အကုသလသာဓာရဏ စေတသိက် ၄-ပါး၊ လောဘ၊ မာန၊ ထိန၊ မိဒ္ဓဟူ၍ ၂၁-ပါး ယှဉ်ပါသည်။
(၄) လောဘမူ တတိယသင်္ခါရိကစိတ်၌ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ အကုသလသာဓာရဏ စေတသိက် ၄-ပါး၊ လောဘ၊ ဒိဋ္ဌိ၊ ထိန၊ မိဒ္ဓဟူ၍ စေတသိက် ၂၀-ပါး ယှဉ်ပါသည်။
လောဘမူ စတုတ္ထသသင်္ခါရိကစိတ်၌ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ အကုသလာသာဓာရဏ စေတသိက် ၄-ပါး၊ လောဘ၊ မာန၊ ထိန၊ မိဒ္ဓိဟူ၍ စေတသိက် ၂၀-ပါး ယှဉ်ပါသည်။
(၅) ဒေါသမူအသင်္ခါရိကစိတ်၌ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ အကုသလသာဓာရဏ စေတသိက် ၄-ပါး၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စဟူသော ဒေါစတုက် ၄-ပါး၊ ပေါင်း စေတသိက် ၂၀-ပါး ယှဉ်ပါသည်။
(၆) ဒေါသမူသသင်္ခါရိကစိတ်၌ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ အကုသလသာဓာရဏ စေတသိက် ၄-ပါး၊ ဒေါစတုက် ၄-ပါး၊ ထိန၊ မိဒ္ဓိဟူ၍ စေတသိက် ၂၂-ပါး ယှဉ်ပါသည်။
(၇) မောဟမူ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ဆန္ဒ၊ ပီတိ၊ အဓိမောက္ခကြဉ်သော အညသမာန်း စေတသိက် ၁၀-ပါး၊ အကုသလသာဓာရဏ စေတသိက် ၄-ပါး၊ ဝိစိကိစ္ဆာဟူ၍ ၁၅-ပါးယှဉ်ပါသည်။
မောဟမူဥဒ္ဓစ္စသဟဂုတ်စိတ်၌ ဆန္ဒနှင့် ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၁-ပါး၊ အကုသလသာဓာရဏ စေတသိက် ၄-ပါး ဟူ၍ စေတသိက် ၁၅-ပါးယှဉ်ပါသည်။

အဟိတ်စိတ် သင်္ဂဟနည်း ၄-နည်း
(၁) ဒွေပဉ္စဝိဉာဏ် ၁၀-ပါး၌ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါး ယှဉ်ပါသည်။
(၂) သောမနဿ သန္တီရဏစိတ်၌ ဆန္ဒ၊ ဝီရိယကြဉ်သော အညသမာန်း စေတသိက် ၁၁-ပါး ယှဉ်ပါသည်။
မနောဒွါရာဝဇ္ဇန်းစိတ်၌ ဆန္ဒ၊ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၁-ပါး ယှဉ်ပါသည်။
(၃) ဟသိတုပ္ပါဒ်စိတ်၌ ဆန္ဒကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး ယှဉ်ပါသည်။
(၄) ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်းဒွေ၊ ဥပေက္ခာသန္တီရဏဒွေ ဟူသော စိတ် ၅-ပါး၌ ဆန္ဒ၊ ပီတိ၊ ဝီရိယကြဉ်သော အညသမာန်း စေတသိက် ၁၀-ပါး ယှဉ်ပါသည်။
(ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းဒွေတို့ကို မနောဓာတ် ၃-ပါးဟု ခေါ်ပါသည်။)

ကာမာဝစရသောဘဏစိတ် သင်္ဂဟနည်း ၁၂-နည်း
(၁) မဟာကုသိုလ် ပထမဒွေ၌ အညသမာန်း စေတသိက် ၁၃-ပါး၊ သောဘဏ စေတသိက် ၂၅-ပါးဟူ၍ စေတသိက် ၃၈-ပါး ယှဉ်ပါသည်။
(၂) မဟာကုသိုလ် ဒုတိယဒွေ၌ အညသမာန်း စေတသိက် ၁၃-ပါး၊ ပညာကြဉ်သော သောဘဏ စေတသိက် ၂၄-ပါးဟူ၍ စေတသိက် ၃၇-ပါး ယှဉ်ပါသည်။
(၃) မဟာကုသိုလ် တတိယဒွေ၌ ပီတိကြဉ်သော အညသမန်း စေတသိက် ၁၂-ပါး၊ လောဘဏစေတသိက် ၂၅-ပါးဟူ၍ စေတသိက် ၃၇-ပါး ယှဉ်ပါသည်။
(၄) မဟာကုသိုလ် စတုတ္ထဒွေ၌ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ ပညာကြဉ်သော သောဘဏ စေတသိက် ၂၄-ပါးဟူ၍ စေတသိက် ၃၆-ပါး ယှဉ်ပါသည်။
(၅) မဟာဝိပါက် ပထမဒွေ၌ အညသမန်း စေတသိက် ၁၃-ပါး၊ ဝိရတိ၊ အပ္ပမညာကြဉ်သော သောဘဏ စေတသိက် ၂၀-ပါးဟူ၍ စေတသိက် ၃၃-ပါး ယှဉ်ပါသည်။
(၆) မဟာဝိပါက် ဒုတိယဒွေ၌ အညသမန်း စေတသိက် ၁၃-ပါး၊ ဝိရတိ၊ အပ္ပမညာ၊ ပညာကြဉ်သော သောဘဏ စေတသိက် ၁၉-ပါးဟူ၍ စေတသိက် ၃၂-ပါး ယှဉ်ပါသည်။
(၇) မဟာဝိပါက် တတိယဒွေ၌ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ ဝိရတိ၊ အပ္ပမညာ ကြဉ်သော သောဘဏ စေတသိက် ၂၀-ပါးဟူ၍ စေတသိက် ၃၂-ပါး ယှဉ်ပါသည်။
(၈) မဟာဝိပါက် စတုတ္ထဒွေ၌ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ ဝိရတိ၊ အပ္ပမညာ၊ ပညာကြဉ်သော သောဘဏ စေတသိက် ၁၉-ပါးဟူ၍ စေတသိက် ၃၁-ပါး ယှဉ်ပါသည်။
(၉) မဟာကြိယာ ပထမဒွေ၌ အညသာမန်း စေတသိက် ၁၃-ပါး၊ ဝိရတိ ၃-ပါး ကြဉ်သော သောဘဏ စေတသိက် ၂၂-ပါးဟူ၍ စေတသိက် ၃၅-ပါး ယှဉ်ပါသည်။
(၁၀) မဟာကြိယာ ဒုတိယဒွေ၌ အညသမာန်း စေတသိက် ၁၃-ပါး၊ ဝိရတိ၊ ပညာကြဉ်သော သောဘဏ စေတသိက် ၂၁-ပါးဟူ၍ စေတသိက် ၃၄-ပါး ယှဉ်ပါသည်။
(၁၁) မဟာကြိယာ တတိယဒွေ၌ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ ဝိရတိကြဉ်သော သောဘဏ စေတသိက် ၂၂-ပါးဟူ၍ စေတသိက် ၃၄-ပါး ယှဉ်ပါသည်။
(၁၂) မဟာကြိယာစတုတ္ထဒွေ၌ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ ဝိရတိ၊ ပညာကြဉ်သော သောဘဏ စေတသိက် ၂၁-ဟူ၍ စေတသိက် ၃၃-ပါး ယှဉ်ပါသည်။

မဟဂ္ဂုတ်စိတ်သင်္ဂဟနည်း ၅-နည်း
(၁) မဟဂ္ဂုတ် ပထမဈာန်စိတ် ၃-ပါး၌ အညသမာန်း စေတသိက် ၁၃-ပါး၊ ဝိရတိကြဉ်သော သောဘဏ စေတသိက် ၂၂-ပါးဟူ၍ စေတသိက် ၃၅-ပါး ယှဉ်ပါသည်။
(၂) မဟဂ္ဂုတ် ဒုတိယဈာန်စိတ် ၃-ပါး၌ ဝိတက်ကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ ဝိရတိကြဉ်သော သောဘဏ စေတသိက် ၂၂-ပါးဟူ၍ စေတသိက် ၃၄-ပါး ယှဉ်ပါသည်။
(၃) မဟဂ္ဂုတ် တတိယဈာန်စိတ် ၃-ပါး၌ ဝိတက်၊ ဝိစာရကြဉ်သော အညသမာန်း စေတသိက် ၁၁-ပါး၊ ဝိရတိကြဉ်သော သောဘဏ စေတသိက် ၂၂-ပါးဟူ၍ စေတသိက် ၃၃-ပါး ယှဉ်ပါသည်။
(၄) မဟဂ္ဂုတ် စတုတ္ထဈာန်စိတ် ၃-ပါး၌ ဝိတက်၊ ဝိစာရ၊ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၀-ပါး၊ ဝိရတိကြဉ်သော သောဘဏ စေတသိက် ၂၂-ပါးဟူ၍ စေတသိက် ၃၂-ပါး ယှဉ်ပါသည်။
(၅) မဟဂ္ဂုတ် ပဉ္စမဈာန်စိတ် ၁၅-ပါး၌ ဝိတက်၊ ဝိစာရ၊ ပီတိ ကြဉ်သော အညသမာန်း စေတသိက် ၁၀-ပါး၊ ဝိရတိ၊ အပ္ပမညာကြဉ်သော သောဘဏ စေတသိက် ၂၀-ပါးဟူ၍ စေတသိက် ၃၀-ပါး ယှသ်ပါသည်။

လောကုတ္တရာစိတ် သင်္ဂဟနည်း ၅-နည်း
(၁) လောကုတ္တရာ ပထမဈာန်စိတ် ၈-ပါး၌ အညသမာန်း စေတသိက် ၁၃-ပါး၊ အပ္ပမညာကြဉ်သော သောဘဏ စေတသိက် ၂၃-ပါးဟူ၍ စေတသိက် ၃၆-ပါး ယှဉ်ပါသည်။
(၂) လောကုတ္တရာ ဒုတိယဈာန်စိတ် ၈-ပါး၌ ဝိတက်ကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ အပ္ပမညာကြဉ်သော သောဘဏ စေတသိက် ၂၃-ပါးဟူ၍ စေတသိက် ၃၅-ပါး ယှဉ်ပါသည်။
(၃) လောကုတ္တရာ တတိယဈာန်စိတ် ၈-ပါး၌ ဝိတက်၊ ဝိစာရ ကြဉ်သော အညသမာန်း စေတသိက် ၁၁-ပါး၊ အပ္ပမညာကြဉ်သော သောဘဏ စေတသိက် ၂၃-ပါးဟူ၍ စေတသိက် ၃၄-ပါး ယှဉ်ပါသည်။
(၄) လောကုတ္တရာ စတုတ္ထဈာန်စိတ် ၈-ပါး၌ ဝိတက်၊ ဝိစာရ၊ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၀-ပါး၊ အပ္ပမညာကြဉ်သော သောဘဏ စေတသိက် ၂၃-ပါးဟူ၍ စေတသကိ ၃၃-ပါး ယှဉ်ပါသည်။
(၅) လောကုတ္တရာ ပဉ္စမဈာန်စိတ် ၈-ပါး၌ ဝိတက်၊ ဝိစာရ၊ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၀-ပါး၊ အပ္ပမညာကြဉ်သော သောဘဏ စေတသိက် ၂၃-ပါးဟူ၍ စေတသိက် ၃၃-ပါး ယှဉ်ပါသည်။

နိယတယောဂီနှင့် အနိယတယောဂီ
မိမိတို့၏ ယှဉ်ဖက်စိတ်ဖြစ်တိုင်း အမြဲယှဉ်ကြသော စေတသိက်များကို `နိယတယောဂီ´ဟု ခေါ်၏။ မိမိတို့၏ ယှဉ်ဖက်စိတ်ဖြစ်တိုင်း အမြဲမယှဉ်ဘဲ ယှဉ်သင့်သည့်အခါ၌သာ ယှဉ်ကြသော စေတသိက်များကို `အနိယတယောဂီ´ဟု ခေါ်၏။

အနိယတယောဂီ ၁၁-ပါး = ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ မာန၊ ထိန၊ မိဒ္ဓ၊ ဝိရတိ ၃-ပါးနှင့် အပ္ပမညာ ၂-ပါး။
နိယတယောဂီ ၄၁-ပါး = အနိယတယောဂီ ၁၁-ပါးမှ ကြွင်းသည့် စေတသိက်များ။

အနိယတယောဂီယှဉ်ပုံ
၁။ ဣဿာ၊ မစ္ဆရိယနှင့် ကုက္ကုစ္စတို့သည် ဒေါသမူစိတ် ၂-ပါး၌ ယှဉ်ကြသည် ဆိုသော်လည်း ဒေါသမူစိတ်ဖြစ်တိုင်း မယှဉ်ကြပါ။

သူတစ်ပါး၏ စည်းစိမ်ချမ်းသာကို ငြူစူသောအခါ ဣဿာ ယှဉ်၏။ ထိုအခါ မစ္ဆရိယနှင့် ကုက္ကုစ္စတို့ မယှဉ်ကြချေ။ မိမိ၏ စည်းစိမ်ချမ်းသာကို လျှို့ဝှက်သောအခါ မစ္ဆရိယယှဉ်၏။ ထိုအခါ ဣဿာနှင့် ကုက္ကုစ္စတို့ မယှဉ်ကြချေ။ ပြုခဲ့မိသော ဒုစရိုက်၊ မပြုခဲ့မိသော သုစရိုက်တို့ကို နောင်တတစ်ဖန် ပူပန်သောအခါ ကုက္ကုစ္စယှဉ်၏။ ထိုအခါ ဣဿာနှင့် မစ္ဆရိယတို့ မယှဉ်ကြချေ။ ဤသို့ တစ်သီးတစ်ခြားစီယှဉ်ခြင်းကို `နာနာ´နည်းဖြင့် ယှဉ်သည်ဟု ခေါ်၏။

ဣဿာသည် သူတစ်ပါးစည်းစိမ်ကို ငြူစူသောအခါ၌သာ ယှဉ်၏။ မငြူစူသည့်အခါ၌ မယှဉ်ချေ။ မစ္ဆရိယသည် မိမိ၏စည်းစိမ်ချမ်းသာကို လျှို့ဝှက်သောအခါ၌သာ ယှဉ်၏။ မလျှို့ဝှက်သောအခါ၌ မယှဉ်ချေ။ ကုက္ကုစ္စသည် ပြုခဲ့ပြီးသော ဒုစရိုက်၊ မပြုခဲ့မိသော သုစရိုက်တို့ကို နောင်တတစ်ဖန် ပူပန်သည့်အခါ၌သာ ယှဉ်၏။ မပူပန်သည့်အခါ၌ မယှဉ်ချေ။ ဤသို့ ဆိုင်ရာအကြောင်းညီညွတ်ပါမှ စေတသိက်ယှဉ်လာခြင်းကို `ကဒါစိ´နည်းဖြင့် ယှဉ်သည်ဟု ခေါ်၏။

၂။ မာနသည် လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်ကြသည်ဆိုသော်လည်း ထောင်လွှား ဝင့်ကြွားသော အခါ၌သာ ယှဉ်၏၊ မထောင်လွှားသည့်အခါ မယှဉ်ကြပါ။

၃။ ထိနနှင့် မိဒ္ဓတို့သည် အကုသလသသင်္ခါရိကစိတ် ၅-ပါး၌ ယှဉ်ကြသည် ဆိုသော်လည်း စိတ်စေတသိက်တို့ လေးလံထိုင်းမိူင်းသော အခါ၌သာ တစ်ပေါင်းတည်းယှဉ်ကြ၏၊ စိတ်စေတသိက်တို့ ခံ့ကျန်းလန်းဆန်းနေသည့်အခါ မယှဉ်ကြပါ။

၄။ ဝိရတိ ၃-ပါးတို့သည် မိမိတို့၏ ဆိုင်ရာကိစ္စများကို ဆောင်ရွက်သည့်အခါ၌ နာနာ-ကဒါစိ နည်းဖြင့် ယှဉ်ကြ၏။

၅။ အပ္ပမညာ ၂-ပါးတို့သည်လည်း နာနာ-ကဒါစိနည်းဖြင့် ယှဉ်ကြ၏။ ကရုဏာသည် ဆင်းရဲသော သတ္တဝါကို အာရုံပြု၍ သနားကြင်နာစိတ် ဖြစ်သည့်အခါ၌သာ ယှဉ်၏။ မုဒိတာသည် ချမ်းသာသော သတ္တဝါတို့ အာရုံပြု၍ ဝမ်းမြောက်သောအခါ၌သာ ယှဉ်၏။


*******စေတသိက်ပိုင်းပြီး၏****************


No comments:

Post a Comment