Search This Blog

Sunday, May 3, 2020

အခန်း (၄) ဝီထိပိုင်း-၁

အခန်း (၄) ဝီထိပိုင်း-၁

ဝီထိ၏အဓိပ္ပာယ်

`ဝီထိ´သဒ္ဒါသည် အစဉ်အတန်းကို ဟော၏။ လူတို့၏ သွားရာ ခရီးစဉ်သည် ရွာစဉ်ကို မကျော်မူဘဲ တစ်ရွာပြီး တစ်ရွာ အစဉ်အတိုင်း ဖြတ်သွားသကဲ့သို့ ထို့အတူ စိတ်တို့၏ ဖြစ်စဉ်သည် ဖြစ်သင့်သောအစဉ်ကို မကျော်မူဘဲ စိတ်တစ်ခုပြီး တစ်ခု အစဉ်အတိုင်း ဖြစ်ပျက်နေ၏။

ဒွါရ (၆)ပါးတို့၌ ထင်လာသော အာရုံတစ်ခုစီကို သိရှိရန်အတွက် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ ဝုေဋ္ဌာ၊ ဇော၊ တဒါရုံ စသည်ဖြင့် ဖြစ်ပေါ်လာသည့် စိတ်အစဉ်အတန်းတစ်ခုကို ဝီထိဟု ခေါ်၏။

စိတ်၏အသက်နှင့် ရုပ်၏အသက်
စိတ်၏အသက်
စိတ်တစ်ခု၏ အသက်သည် ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏဟူ၍ ခဏငယ် သုံးချက်ရှိ၏။ စိတ်ဖြစ်ဆဲအခိုက်ကို ဥပါဒ်ခဏ၊ စိတ်တည်ဆဲ အခိုက်ကို ဌီခဏ၊ စိတ်ပျက်ဆဲအခိုက်ကို ဘင်ခဏဟု ခေါ်၏။ ဤခဏငယ် ၃-ချက်ကို စိတ္တက္ခဏ ၁-ချက်ဟုခေါ်၏။

လက်ဖျစ် ၁တွက်၊ မျက်စိ ၁မှိတ်ကာလ၌ စိတ္တက္ခဏ ကုဋေ ၁-သိန်းကျော်ရှိ၏။ ထို့ကြောင့် စိတ် ၁-ခု၏ အသက်သည် ၁-စက္ကန့်၏ ကုဋေ ၁-သိန်းပုံ ၁-ပုံခန့်သာရှိ၏။

ရုပ်၏အသက်
ရုပ်ကလာပ် ၁-ခု၏ အသက်သည် စိတ်အသက်၏ ၁၇-ဆ (ဝါ) စိတ္တက္ခဏ ၁၇-ချက်နှင့် ညီမျှ၏။ ခဏငယ်အားဖြင့် ရေတွက်သော် ခဏငယ် ၁၇ x ၃ = ၅၁ ချက်ရှိ၏။

ရုပ်၏ ဥပါဒ်ခဏနှင့် ဘင်ခဏတို့သည် ခဏငယ် ၁ချက်စီသာ ကြာ၏။ ရုပ်၏ ဌီအခိုက်မှာ ခဏငယ် ၄၉-ချက် ကြာ၏။

လက်ဖျစ် ၁ တွက်၊ မျက်စိ ၁ မှိတ် ကာလ၌ ရုပ်ကလာပ်ပေါင်း ကုဋေ ၅၈၀၀ကျော် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပျက်သွားကြ၏။ ထို့ကြောင့် ရုပ်ကလာပ် ၁-ခု၏ အသက်သည် ၁-စက္ကန့်၏ ကုဋေ ၅၈၀၀-ပုံ ၁-ပုံခန့်သာ ရှိ၏။

ဝိညာဏဆက္ကနှင့် ဝီထိဆက္က

ဝီထိပိုင်း၌လာသော ဝိညာဏ် ၆-ပါးမှာ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်တို့ ဖြစ်ကြ၏။

ဝီထိဆက္က
ဝီထိ ၆-ပါးကို ဒွါရ၏ အစွမ်းဖြင့်လည်းကောင်း၊ ဝိညာဏ်၏ အစွမ်းဖြင့်လည်းကောင်း၊ ၂-မျိုးစီ အောက်ပါအတိုင်း ခေါ်ဆိုနိုင်၏။

၁။ စက္ခုဒွါရဝီထိ (ဝါ) စက္ခုဝိညာဏဝီထိ = စက္ခုဒွါရ၌ ထင်လာသော ရူပါရုံကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်။
၂။ သောတဒွါရဝီထိ (ဝါ) သောတဝိညာဏဝီထိ = သောတဒွါရ၌ ထင်လာသော သဒ္ဒါရုံကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်။
၃။ ဃာနဒွါရဝီထိ (ဝါ) ဃာနဝိညာဏဝီထိ = ဃာနဒွါရ၌ ထင်လာသော ဂန္ဓာရုံကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်။
၄။ ဇိဝှာဒွါရဝီထိ (ဝါ) ဇိဝှာဝိညာဏဝီထိ = ဇိဝှာဒွါရ၌ ထင်လာသော ရသာရုံကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်။
၅။ ကာယဒွါရဝီထိ (ဝါ) ကာယဝိညာဏဝီထိ = ကာယဒွါရ၌ ထင်လာသော ဖောဋ္ဌဗ္ဗာရုံကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်။
၆။ မနောဒွါရဝီထိ (ဝါ) မနောဝိညာဏဝီထိ = မနောဒွါရ၌ ထင်လာသော ပဉ္စာရုံ/ဓမ္မာရုံကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်။

စက္ခုဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး
၁။ မျက်စိပသာဒ ကောင်းမွန်ရမည်။
၂။ ရူပါရုံဟူသည် မြင်နိုင်သော အဆင်းရှိရမည်။
၃။ အာလောကဟူသော အလင်းရှိရမည်။
၄။ မနသိကာရဟူသည့် နှလုံးသွင်းမူရှိရမည်။
(စက္ခာ, လောက၊ ရူပထင်ပြီ၊ မနသီ၊ လေးလီစက္ခုဖို့)

သောတဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး
၁။ သောတာပသာဒ ကောင်းမွန်ရမည်။
၂။ သဒ္ဒါရုံဟူသည့် ကြားနိုင်သော အသံရှိရမည်။
၃။ အာကာသဓာတ်ဟူသည့် လေဖြတ်သန်းသွားလာနိုင်သော ဟင်းလင်းနယ်ရှိရမည်။
၄။ မနသိကာရဟူသည့် နှလုံးသွင်းမူရှိရမည်။
(သောတာ, ကာသ၊ သဒ္ဒထင်ပြီ၊ မနသီ၊ လေးလီသောတဖို့)

ဃာနဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး
၁။ ဃာနပသာဒ ကောင်းမွန်ရမည်။
၂။ ဂန္ဓာရုံဟူသည့် အနံ့ရှိရမည်။
၃။ ဝါတဟူသည့် အနံ့ကိုဆောင်သော လေရှိရမည်။
၄။ မနသိကာရဟူသည့် နှလုံးသွင်းမူရှိရမည်။
(ဃာန, ဝါတ၊ ဂန္ဓထင်ပြီ၊ မနသီ၊ လေးလီဃာနဖို့)

ဇိဝှာဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး
၁။ ဇိဝှာပသာဒ ကောင်းမွန်ရမည်။
၂။ ရသာရုံဟူသည့် အရသာရှိရမည်။
၃။ အာပဟူသည့် လျှာရည်ရှိရမည်။
၄။ မနသိကာရဟူသော နှလုံးသွင်းမူရှိရမည်။
(ဇိဝှာ, အာပ၊ ရသထင်ပြီ၊ မနသီ၊ လေးလီဇိဝှာဖို့)

ကာယဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး
၁။ ကာယပသာဒ ကောင်းမွန်ရမည်။
၂။ ဖောဋ္ဌဗ္ဗာရုံဟူသည့် အထိအတွေ့ရှိရမည်။
၃။ ထဒ္ဓပထဝီဟူသည့် ခက်မာသော ပထဝီရှိရမည်။
၄။ မနသိကာရဟူသော နှလုံးသွင်းမူရှိရမည်။
(ကာယ, ထဒ္ဓ၊ ဖောဋ္ဌထင်ပြီ၊ မနသီ၊ လေးလီကာယဖို့)

မနောဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး
၁။ မနောဒွါရဟုခေါ်သော ဘဝင်စိတ်ရှိရမည်။
၂။ ပဉ္စာရုံ သို့မဟုတ် ဓမ္မာရုံဟူသည့် အာရုံတစ်ခုခုရှိရမည်။
၃။ ဟဒယဝတ္ထုဟူသည့် စိတ်မှီရာဝတ္ထုရှိရမည်။
၄။ မနသိကာရဟူသော နှလုံးသွင်းမူရှိရမည်။
(မနော, ဟဒယ၊ ဓမ္မထင်ပြီ၊ မနသီ၊ လေးလီမနောဖို့)

မှတ်ချက်။ ။ ဝီထိစိတ် (ဝါ) အသိစိတ်တစ်မျိုး ဖြစ်ပေါ်ရန်အကြောင်း ၄-ချက်စီ ဖော်ပြထားရာ၌ ပထမ ၃-ချက်စီသည် သိပ္ပံလိုအပ်ချက်နှင့် ကိုက်ညီ၏။ စတုတ္ထအချက်မှာ သိပ္ပံတွင် မပါသော အဘိဓမ္မာ၏ ထူးခြားချက် ဖြစ်၏။

`သတိမမူလျှင် ဂူမမြင်´ဟူသော စကားအတိုင်း နှလုံးသွင်းမူမရှိလျှင် မမြင်နိုင်ကြောင်း ထင်ရှားသည်။ နို့စို့ကလေးငယ်ကို ချော့သိပ်ရင်း အိပ်မောကျနေသော မိခင်သည် မိုးကြိုးပြင်းထန်စွာ ခြိမ်းသည့်အခါ မနိုးဘဲ ကလေးငယ်က အင့်အင့်ဟု တိုးတိုးငိုလျှင်ပင် နိုးခြင်းကို ထောက်ရူ၍ မနသိကာရ၏ အရေးပါပုံကို သိမြင်နိုင်၏။

ဝိသယပ္ပဝတ္တိဆက္က
ဒွါရတို့၌ အာရုံထင်ခြင်းကို ဝိသယပ္ပဝတ္တိဟု ခေါ်၏။ အာရုံထင်ပုံ ၆-မျိုးရှိ၏။

(က) ပဉ္စဒွါရ၌ အာရုံထင်ပုံ ၄-မျိုးရှိ၏။
၁။ အတိမဟန္တာရုံ = ထင်ရှားအားကြီးသော အာရုံ ၅-ပါး၊ ဥပါဒ်ပြီးနောက် စိတ္တလက္ခဏ ၁-ချက်အလွန်တွင် ဒွါရ၌ ထင်လာ၏။ အလွန်များသော ဝီထိစိတ္တုပ္ပါဒ် အရေအတွက်ရှိ၏။
၂။ မဟန္တာရုံ = သင့်ရုံ ထင်ရှားအားကြီးသော အာရုံ ၅-ပါး၊ ဥပါဒ်ပြီးနောက် စိတ္တက္ခဏ ၂-ချက် သို့မဟုတ် ၃-ချက်အလွန်တွင် ဒွါရ၌ ထင်လာ၏။ များသော ဝီထိစိတ္တုပ္ပါဒ် အရေအတွက် ရှိ၏။

၃။ ပရိတ္တာရုံ = မထင်ရှား မသိသာသည့် အားနည်းသော အာရုံ ၅-ပါး။ ဥပါဒ်ပြီးနောက် စိတ္တက္ခဏာ ၄-ချက်မှ ၉-ချက် အလွန်တွင် ဒွါရ၌ ထင်လာ၏။ နည်းသော ဝီထိစိတ္တုပ္ပါဒ် အရေအတွက် ရှိ၏။
၄။ အတိပရိတ္တာရုံ = အလွန်တရာ မထင်ရှား မသိသာသည့်အားနည်းလှသော အာရုံ ၅-ပါး။ ဥပါဒ်ပြီးနောက် စိတ္တက္ခဏ ၁၀-ချက်မှ ၁၅-ချက် အလွန်တွင် ဒွါရ၌ ထင်လာ၏။ အလွန်နည်းသော ဝီထိစိတ္တုပ္ပါဒ် အရေအတွက် ရှိ၏။

(ခ) မနောဒွါရ၏ အာရုံထင်ပုံ ၂-မျိုးရှိ၏။
၅။ ဝိဘူတာရုံ = ထင်ထင်ရှားရှားဖြစ်သော အာရုံ။
၆။ အဝိဘူတာရုံ = မထင်မရှားဖြစ်သော အာရုံ။

ဝီထိစိတ်များနှင့် ဝီထိမုတ်စိတ်များ
ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စတို့ကို ဆောင်ရွက်ကြသော စိတ် ၁၉-ပါးတို့သည် ဤဖော်ပြပါ ကိစ္စ ၃-မျိုးကို ဆောင်ရွက်နေကြသည့်အခါ ဝီထိစိတ်အစဉ်များတွင် မပါဝင်ကြချေ။ ထို့ကြောင့် ၎င်းတို့ကို ဝီထိမုတ်စိတ်များဟု ခေါ်ဆိုအပ်၏။ (၎င်းတို့သည် ဒွါရ ဝိမုတ်စိတ်များလည်း ဖြစ်ကြကြောင်းကို ပကိဏ်းပိုင်း၌ ဆိုခဲ့ပြီ။)

အဆိုပါစိတ် ၁၉-ပါးအနက် ဥပေက္ခာသန္တီရဏစိတ် ၂-ပါးသည် ဝီထိစိတ်အစဉ်၏ သန္တီရဏကိစ္စ၌လည်းကောင်း၊ မဟာဝိပါက်စိတ် ၈-ပါးသည် တဒါရုံကိစ္စ၌လည်းကောင်း ပါဝင်ကြ၏။ ကြွင်းသည့် မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါးတို့သာလျှင် အစဉ်အမြဲ ဝီထိမုတ်စိတ်များ ဖြစ်ကြ၏။ ထို့ကြောင့် ဝီထိစိတ်များသည် မဟဂ္ဂုတ်ဝိပါက် ၉-ပါး ကြဉ်သည့် စိတ်အကျဉ်း ၈၀-တို့ ဖြစ်ကြ၏။

ဝိသယပ္ပဝတ္တိ ၉-ပါး
ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်နှင့် စုတိစိတ်တို့သည် လွန်ခဲ့သော အခြားမဲ့ ဘဝဟောင်း၌ စုတေခါနီးချိန်တွင် မရဏာသန္နဇောယူခဲ့သည့် ကံနိမိတ် သို့မဟုတ် ကမ္မနိမိတ် သို့မဟုတ် ဂတိနိမိတ်ကို အာရုံပြု၏။

ဤပဋိသန္ဓေစိတ်၊ ဘဝင်စိတ်နှင့် စုတိစိတ်တို့၌ နိမိတ် ၃-ပါးတို့၏ အာရုံထင်ခြင်းကို ဝိသယပ္ပဝတ္တိ ၃-ပါးဟု မှတ်ယူနိုင်၏။ ဤဝိသယပ္ပဝတ္တိ ၃-ပါးနှင့် အထက်၌ ဖော်ပြခဲ့ပြီးသော ဝိသယပ္ပဝတ္တိ ၆-ပါးတို့ကို ပေါင်းလျှင် ဝိသယပ္ပဝတ္တိ ၉-ပါး ဖြစ်၏။

ဘဝင်စိတ် ၃-မျိုး
သတ္တဝါတို့၏ ဘဝတစ်ခုသည် ပဋိသန္ဓေစိတ်ဖြင့် စတင်၏။ ပဋိသန္ဓေစိတ် ချုပ်ငြိမ်းပြီးသည်နှင့် တစ်ပြိုင်နက် ဘဝင်စိတ်အစဉ်သည် တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ဖြစ်ပျက်သွား၏။ သေဆုံးသည့်အခါ နောက်ဆုံးဖြစ်သည့် ဘဝင်စိတ်ကို စုတိစိတ်ဟု ခေါ်သည်။

ဘဝတစ်ခု၌ ဖြစ်ကြသော ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်နှင့် စုတိစိတ်တို့သည် အမျိုးဇာတ်တူ ယှဉ်ဖက်စေတသိက်တူ အာရုံတူကြသော စိတ်များ ဖြစ်ကြ၏။

ဥပမာ လူတစ်ယောက်သည် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ်ဖြင့် ပဋိသန္ဓေတည်လျှင် ဘဝင်စိတ်နှင့် စုတိစိတ်တို့သည်လည်း သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ်ပင် ဖြစ်ကြရ၏။ ပဋိသန္ဓေစိတ်က ဂတိနိမိတ်ကို အာရုံပြုလျှင် ဘဝင်စိတ်နှင့် စုတိစိတ်တို့ကလည်း ထိုဂတိနိမိတ်ကိုပင် အာရုံပြုကြ၏။

ဘဝင်စိတ်အစဉ် ဖြစ်နေသည့်အခါ၌ ကျွနု်ပ်တို့ ဘာကိုမျှ ထူးထူးထွေထွေ မသိကြရပါ။ ဘဝင်စိတ်တို့၏ အကြားအကြား၌ ဒွါရတစ်ခုခုတွင် ပြင်ပအာရုံ ထင်လာသောအခါ ထိုအာရုံသစ်ကြောင့် ဘဝင်စိတ်တို့သည် ယူနေကျ အာရုံကိုလည်း စွဲမြဲစွာ မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်သဖြင့် ပင်ကိုယ်သဘောမှ ဖောက်ပြား၍ ၂-ကြိမ် တုန်လူပ်ချောက်ချားသွားကြ၏။ ထိုတုန်လူပ်ချောက်ချားသွားသော ဘဝင် ၂-ကြိမ်ကို `ဘဝင်္ဂစလန(လူပ်သွားသော ဘဝင်) ဟုခေါ်၏။

ဒုတိယ ဘဝင်္ဂစလန ဖြစ်ပျက်ပြီးသည့်အခါ ဘဝင်စိတ်အစဉ် ပြတ်ပြီး ဝီထိစိတ်အစဉ် တစ်ခုဖြစ်၏။ သို့အတွက် ထိုဒုတိယဘဝင်္ဂစလနကို ဘဝင်္ဂုပစ္ဆေ၏(ပြတ်စဲသောဘဝင်)ဟု နောက်ဆရာတို့ အမည်ပေးကြ၏။

ဒွါရနှင့် အာရုံ ထိတိုက်ပြီးနောက် ဘဝင်္ဂစလန မတိုင်မီ လွန်မြောက်သွားသော ဘဝင်စိတ်တို့ကို အတီတဘဝင် (လွန်လေပြီးသော ဘဝင်)ဟု ခေါ်၏။

(အတီ, စလေ၊ ဥပစ္ဆေ၊ သုံးထွေ ဘဝင်္ဂ)
စက္ခုဒွါရဝီထိ ၁၅-ပါး
စက္ခုဒွါရ၌ -
(၁) အတိမဟန္တာရုံထင်လာသောအခါ တဒါလမ္ဗဏဝါရ ၁-ဝီထိ၊
(၂) မဟန္တာရုံထင်လာသောအခါ ဇဝနဝါရ ၂-ဝီထိ၊
(၃) ပရိတ္တာရုံ ထင်လာသောအခါ ဝေါဋ္ဌဗ္ဗနဝါရ ၆-ဝီထိ၊
(၄) အတိပရိတ္တာရုံ ထင်လာသောအခါ မောဃဝါရ ၆-ဝီထိ၊ စုစုပေါင်း ၁၅-ဝီထိဖြစ်၏။

(၁) အတိမဟန္တာရုံ ၁-ဝီထိ ဖြစ်ပုံ
`တီ-န-ဒ-ပ-စ-သံ-ဏ-ဝု-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဒါ-ဒါ´

ဆိုရိုး
စက္ခုဒွါရိက အတိမဟန္တာရုံဝီထိဖြစ်ဟန်ကား ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရူအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘဝင် ၁-ချက် အလွန်တွင် စက္ခုပသာဒ၌ အာရုံထင်ခြင်းသို့ ရောက်သဖြင့် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ ဝုေဋ္ဌာ၊ ဇောခုနှစ်ကြိမ်၊ တဒါရုံ နှစ်ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၁၇-ချက် ရုပ်သက်စေ့ကြသောကြောင့် ဒုတိယတဒါရုံ၏ ဘင်နှင့် ပြိုင်၍ ချုပ်ကြ၏။ ထို့နောက် ဘဝင်စိတ်အစဉ်ဖြစ်၏။

ရှင်းချက်
အတိမဟန္တာရုံဟုခေါ်သော အလွန်ထင်ရှား အားကြီးသည့် အာရုံသည် စက္ခုပသာဒကို ထိတိုက်လာသောအခါ တိုက်လျှင်တိုက်ချင်း အာရုံမထင်သေးပါ။ အလွန်အားကြီးသည့် အာရုံဖြစ်လင့်ကစား အတီတဘဝင်ဟုခေါ်သော ဘဝင်စိတ် ၁-ချက်လွန်ပြီးမှ အာရုံထင်၏။ ထိုအာရုံသစ်ထင်မူကြောင့် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဟူ၍ ဘဝင်စိတ် နှစ်ကြိမ်လူပ်ပြီး ပြတ်၏။ ထိုအခါ ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အာရုံသစ်ကို နှလုံးသွင်းဆင်ခြင်၏။ ထိုသို့ နှလုံးသွင်းမူကြောင့် စက္ခုဝိဉာဏ်စိတ်က အာရုံကို မြင်၏။ မြင်သည်ဆိုသော်လည်း စိတ် ၁-ချက်မျှ အလွန်လျင်မြန်စွာ အာရုံကိုမြင်လိုက်ကာမျှသာ ရှိသေး၏။ အာရုံကို သဲသဲကွဲကွဲ မသိသေး။ သို့ဖြစ်၍ သမ္ပဋိစိ္ဆုန်းစိတ်က စက္ခုဝိညာဏ်စိတ်၏ အာရုံကို လက်ခံယူ၏။ သန္တီရဏစိတ်က ထိုအာရုံကို စူးစမ်း၏။ ဝုေဋ္ဌာခေါ် မနောဒွါရာဝဇ္ဇန်းစိတ်က ထိုအာရုံ ကောင်း မကောင်းကို ဆုံးဖြတ်၏။ ထို့နောက် ဇောစိတ်တို့သည် ထိုအာရုံ၏ အရသာကို ခံစားလျက် ၇-ကြိမ်တိုင်တိုင် အရှိန်အဟုန်ဖြင့် ဖြစ်၏။ ထို့နောက် တဒါရုံစိတ်တို့သည် ဇောနောက်သို့ လိုက်၍ ဇောယူသည့် အာရုံကိုပင်ယူ၍ ၂-ကြိမ်ဖြစ်၏။ ထိုဒုတိယ တဒါရုံစိတ် ချုပ်ငြိမ်းသည့် ဘင်အခိုက်၌ ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၎င်းတို့စတင်ဥပါဒ်ခဲ့ကြသော အတီတဘဝင်ဥပါဒ်ချိန်မှ ရေတွက်လျှင် စိတ္တက္ခဏ ၁၇-ချက်စီ စေ့မြောက်သွားကြလေပြီ။ ထို့ကြောင့် ၎င်းရူပါရုံနှင့် စက္ခုပသာဒရုပ်တို့သည် ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ ချုပ်ငြိမ်းကြ၏။

တဒါရုံနှင့် အဆုံးသတ်သော ဝီထိစိတ်အစဉ်ကို တဒါလမ္ဗဏဝါရဟု ခေါ်၏။ `ဝါရ´ သဒ္ဒါ၏ အဓိပ္ပာယ်မှာ `အလှည့်အကြိမ်´ ဖြစ်၏။

(၂) မဟန္တာရုံ ၂-ဝီထိဖြစ်ပုံ
`တီ-တီ-န-ဒ-ပ-စ-သံ-ဏ-ဝု-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဘွင်´-
`တီ-တီ-န-ဒ-ပ-စ-သံ-ဏ-ဝု-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဇ-´ဘွင်-

ဆိုရိုး
ပထမမဟန္တာရုံဝီထိဖြစ်ဟန်ကား ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရူအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘဝင် ၂-ချက်အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံထင်ခြင်းသို့ ရောက်သဖြင့် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ ဝုေဋ္ဌာ၊ ဇော ၇-ကြိမ်၊ ဘဝင် ၁-ကြိမ်ဖြစ်ပြီးလျှင် ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၁၇-ချက် ရုပ်သက်စေ့ကြသောကြောင့် ပထမဘဝင်၏ ဘင်နှင့်ပြိုင်၍ ချုပ်ကြ၏။ ထို့နောက် ဘဝင်အစဉ်ဖြစ်၏။

ဒုတိယမဟန္တာရုံဝီထိဖြစ်ဟန်ကား ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရူအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘဝင် ၃-ချက်အလွန်တွင် စက္ခုပသာဒ၌ ………… ဇော ၇-ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၁၇-ချက် ရုပ်သက်စေ့ကြသောကြောင့် သတ္တမဇော၏ ဘင်နှင့် ပြိုင်၍ ချုပ်ကြ၏။ ထို့နောက် ဘဝင်အစဉ်ဖြစ်၏။

ရှင်းချက်
မဟန္တာရုံသည် အတိမဟန္တာရုံလောက် အားမကောင်းသဖြင့် စက္ခုပသာဒနှင့် ထိတိုက်ပြီးနောက် (စဥပါဒ်ပြီးနောက်) အတီတဘဝင် ၂-ချက် သို့မဟုတ် ၃-ချက်လွန်မှ အာရုံထင်လာ၏။ အတီတဘဝင် ၂-ချက်လွန်ပြီး အာရုံထင်လောက်အောင် အာရုံအားကြီးလျှင် ပထမ မဟန္တာရုံဝီထိဖြစ်၏။ အတီတဘဝင် ၃-ချက်လွန်ပြီးမှ အာရူံထင်လာလျှင် ဒုတိယ မဟန္တာရုံဝီထိဖြစ်၏။

ဤမဟန္တာရုံ ၂-ဝီထိ၌ တဒါရုံ ၂-ကြိမ်ကျလောက်အောင် ရူပါရုံနှင့် စက္ခုပသာဒတို့ သက်တမ်းမရှည်ကြသဖြင့် တဒါရုံမဖြစ်တော့ချေ။ (တဒါရုံသည် ၁-ကြိမ်တည်း ဖြစ်ရိုးမရှိ)။ ထို့ကြောင့် ပထမမဟန္တာရုံဝီထိတွင် ဇောစောပြီးနောက် တဒါရုံမဖြစ်နိုင်ဘဲ ပထမဘဝင်ဖြစ်ရ၏။ ထိုဘဝင်၏ ဘင်နှင့်ပြိုင်၍ ရူပါရုံနှင့် စက္ခုပသာဒတို့ ချုပ်ကြ၏။ ဒုတိယ မဟန္တာရုံဝီထိတွင် သတ္တမဇောစောပြီးသည့်အခါ ရူပါရုံနှင့် စက္ခုပသာဒတို့ ရုပ်သက် ၁၇-ချက် စေ့မြောက်သဖြင့် ထိုသတ္တမဇော၏ ဘင်နှင့် ပြိုင်၍ ချုပ်ကြ၏။

ဝီထိစိတ်များကို ရေတွက်သည့်အခါ ဘဝင်စိတ်များဖြစ်သည့် အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒနှင့် ဇောနောင်ဘဝင်တို့ကို ချန်လှပ်၍ ပဉ္စဒွါရာဝဇ္ဗန်းမှ သတ္တမဇောအထိသာ ရေတွက်ရ၏။ သို့ဖြစ်၍ မဟန္တာရုံ ၂-ဝီထိသည် ဇောနှင့် အဆုံးသတ်ကြသော ဇဝနဝါရများ ဖြစ်ကြ၏။

(၃) ပရိတ္တာရုံ ၆-ဝီထိဖြစ်ပုံ
`တီ-တီ-တီ-တီ-န-ဒ-ပ-စ-သံ-ဏ-ဝု- ဝု- ဝု-ဘွင်-ဘွင်-ဘွင်-ဘွင်´-
`တီ-တီ-တီ-တီ-တီ-န-ဒ-ပ-စ-သံ-ဏ-ဝု- ဝု- ဝု-ဘွင်-ဘွင်-ဘွင်´-
`တီ-တီ-တီ-တီ-တီ-တီ-န-ဒ-ပ-စ-သံ-ဏ-ဝု- ဝု- ဝု-ဘွင်-ဘွင်´-
`တီ-တီ-တီ-တီ-တီ-တီ-တီ-န-ဒ-ပ-စ-သံ-ဏ-ဝု- ဝု- ဝု-ဘွင်´-
`တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-န-ဒ-ပ-စ-သံ-ဏ-ဝု-ဝု-ဝု´-
`တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-န-ဒ-ပ-စ-သံ-ဏ-ဝု-ဝု´-

ဆိုရိုး
ပထမပရိတ္တာရုံဝီထိဖြစ်ဟန်ကား ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရူအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘဝင် ၄-ချက်အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံထင်ခြငးသို့ရောက်သဖြင့် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ ဝုေဋ္ဌာ ၃-ကြိမ်၊ ဘဝင် ၄-ကြိမ်ဖြစ်ပြီးလျှင် ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၁၇-ချက် ရုပ်သက်စေ့ကြသောကြောင့် စတုတ္ထဘဝင်၏ ဘင်နှင့်ပြိုင်၍ ချုပ်ကြ၏။ ထို့နောက် ဘဝင်အစဉ်ဖြစ်၏။

ဝီထိပုံကြည့်၍ ကျန်ဝီထိ ၅-ခုတို့၏ ဆိုရိုးများကို ဆိုနိုင်ပါပြီ။

ရှင်းချက်
ပရိတ္တာရုံသည် အားနည်းသောကြောင့် စက္ခုပသာဒနှင့်ပြိုင်၍ ဥပါဒ်ပြီးနောက် အတီတဘဝင် ၄-ချက်မှ ၉-ချက်အထိ ကျော်လွန်သည့်အခါမှ အာရုံထင်လာ၏။ အာရုံထင်လာသည် အခါမှ ဘဝင် ၂-ကြိမ်လူပ်၍ ပြတ်ရသဖြင့် ဇော ၇- ကြိမ်စောရန် အာရုံနှင့် စက္ခုပသာဒတို့ သက်တမ်းမရှည်ကြတော့ချေ။ သာမန်အခြေ၌ ဇောတို့သည် ၇-ကြိမ်မစောရလျှင် မဖြစ်နိုင်ကြသဖြင့် ဇောအစား ဝုေဋ္ဌာက ၃-ကြိမ်ဖြစ်ပြီးလျှင် ဘဝင်စိတ်များ ဖြစ်ပေါ်ရ၏။ ဝုေဋ္ဌာ ၃-ကြိမ်မဖြစ်လောက်သည့်အခါ ၂-ကြိမ်ဖြစ်၏။ ထို့ထက်လျော့၍ကား ဇောကိစ္စကို မဆောင်ရွက်နိုင်ချေ။

ပရိတ္တာရုံဝီထိ ၆-ပါးတို့သည် ဝုေဋ္ဌာနှင့် အဆုံးသတ်ကြသောကြောင့် ဝုေဋ္ဌာဝါရများ ဖြစ်ကြ၏။ ဤဝီထိများ၌ ဇောမပါသည့်အတွက် အာရုံ၏ အဆိုးအကောင်းအရသာကို ခံစားမူမရှိချေ။ အာရုံကို သိလိုက်သလို ထင်ရကာမျှသာရှိ၏။ ပသာဒရုပ် အားနည်းသော မွေးစကလေးငယ်များ၌ဖြစ်သော ဝီထိများသည် ဤဝီထိမျိုးဖြစ်ကြ၏။

(၄) အတိပရိတ္တာရုံ ၆-ဝီထိဖြစ်ပုံ
`တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-န-န-ဘွင်-ဘွင်-ဘွင်-ဘွင်-ဘွင်´-
`တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-န-န-ဘွင်-ဘွင်-ဘွင်-ဘွင်´-
`တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-န-န-ဘွင်-ဘွင်-ဘွင်´-
`တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-န-န-ဘွင်-ဘွင်´-
`တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-န-န-ဘွင်´-
`တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-တီ-န-န´-

ဆိုရိုး
ပထမအတိပရိတ္တာရုံ ဝီထိဖြစ်ဟန်ကား ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရူအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘဝင် ၁၀-ချက်အလွန်တွင် ရူပါရုံထင်ခြင်းသို့ရောက်သဖြင့် ဘဝင်္ဂစလန ၂-ကြိမ်ဖြစ်ပြီး ဝီထိစိတ်မဖြစ်ဘဲ ဘဝင်စိတ် ဆက်၍ဖြစ်၏။ ပဉ္စမဘဝင်အကျ၌ ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၁၇-ချက် ရုပ်သက်စေ့ကြသောကြောင့် ဒုတိယဘဝင်္ဂစလန နောင် ပဉ္စမဘဝင်၏ ဘင်နှင့်ပြိုင်၍ ချုပ်ကြ၏။

ဝီထိပုံကိုကြည့်၍ ကျန်ဝီထိ ၅-ခုတို့၏ ဆိုရိုးများကို ဆိုနိုင်ပါပြီ။

မှတ်ချက်။ ။ အတိပရိတ္တာရုံသည် အလွန်တရာ အားနည်းသည့်အတွက် ဝီထိစိတ်ကို မဖြစ်စေနိုင်ပါ။ ဘဝင်စိတ် ၂-ကြိမ်လူပ်ရုံမျှသာ တတ်နိုင်၏။ ထို့ကြောင့် အာရုံကို လုံးဝမမြင်သိပါ။ ဝီထိစိတ်မှ ယုတ်လျော့သောကြောင့် မောဃဝါရဟု ခေါ်၏။
ပဉ္စဒွါရဝီထိ ၇၅-ပါး
စက္ခုဒွါရ၌ ဝီထိ ၁၅-ပါးဖြစ်နိုင်သကဲ့သို့ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှာဒွါရနှင့် ကာယဒွါရတို့၌လည်း ဝီထိ ၁၅-ပါးစီဖြစ်နိုင်ကြ၏။ ထို့ကြောင့် ၅-ဒွါရအတွက် ဝီထိပေါင်း ၁၅x၅=၇၅-ပါး ဖြစ်၏။

သောတဒွါရအတွက် ဝီထိပုံချရေးသည့်အခါ စက္ခုဝိညာဏ်(စ) နေရာ၌ သောတဝိညာဏ် (သော)ဟု ရေးရမည်။ ဆိုရိုး၌လည်း `ရူပါရုံ´ နေရာ၌ `သဒ္ဒါရုံ´ ဟုဆိုပြီး `စက္ခုပသာဒ´ နေရာ၌ `သောတပသာဒ´ဟု ဆိုရမည်။ ကျန် ၃-ဒွါရအတွက်လည်း အလားတူ ပြောင်းလဲမူကို ပြုလုပ်ပေးရမည်။

သရက်သီးကြွေသည့် ဥပမာ
အတိမဟန္တာရုံဝီထိကို သရက်သီးကြွေသည့် ဥပမာနှင့် နိူင်းယှဉ်နိုင်၏။ လူတစ်ယောက်သည် သရက်ပင်ရင်း၌ အိပ်ပျော်နေသည် ဆိုပါစို့။ ဤသို့ အိပ်ပျော်နေခြင်းသည် ဘဝင်စိတ်အစဉ် ငြိမ်သက်စွာဖြစ်ပေါ်နေသည်နှင့် တူ၏။ ထို့နောက် သရက်သီးမှည့်တစ်လုံးသည် ထိုလူ၏ အနီး၌ ကြွေကျလာ၏။ ဤသို့ သရက်သီး ကြွေကျခြင်းသည် ပြင်ပအာရုံက ပသာဒရုပ်နှင့် ထိတိုက်လာသည်နှင့် တူ၏။ သရက်သီးကြွေကျသံကြောင့် ထိုလူသည် ထရန် လူပ်ရှားလာ၏။ ဤကား ဘဝင်စိတ် ၂-ကြိမ်လူပ်၍ ပြတ်သည်နှင့်တူ၏။ ထိုလူသည် ဦးခေါင်းထောင်၍ ဆင်ခြင်စူးစမ်း၏။ ဤကား ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်သည်နှင့် တူ၏။ သရက်သီးကို ကောက်ယူလိုက်၏။ ဤကား သမ္ပဋိစ္ဆိုန်းစိတ်က အာရုံကို လက်ခံယူသည်နှင့် တူ၏။ သရက်သီးကို အနီးကပ် ကြည့်ရူနမ်းရူပ်၏။ ဤကား သန္တီရဏစိတ်က အာရုံကို စုံစမ်းသည်နှင့် တူ၏။ သရက်သီး ဝင်းမှည့်နေပြီး စား၍ရမှန်းသိ၏။ ဤကား ဝုေဋ္ဌာစိတ်က အာရုံကို ကောင်း မကောင်း ဆုံးဖြတ်ခြင်းနှင့် တူ၏။ သရက်သီးကို အားရပါးရ (၇)ကြိမ် ကိုက်စား၏။ ဤကား အာရုံ၏အရသာကို ဇော ၇-ကြိမ်ဖြင့် ခံစားသည်နှင့် တူ၏။ ခံတွင်း၌ ကြွင်းကျန်နေသေးသည့် သရက်သီးအနည်အဖတ်ကို ချွဲခမ်း တံတွေးနှင့်တကွ မျိုချ၏။ ဤကား တဒါရုံ ၂-ကြိမ်ဖြင့် အာရုံကို ဆက်ခံစားသည်နှင့် တူ၏။ ထိုလူသည် စားသောက်ပြီးနောက် ပြန်လဲလျောင်း၍ အိပ်ပျော်သွား၏။ ဤကား ဘဝင်စိတ်အစဉ် ဆက်ဖြစ်သည်နှင့်တူ၏။

ပဉ္စဒွါရ ဝီထိစိတ် ၅၄-ပါး
ပဉ္စဒွါရ၌ ထိုက်သည့်အားလျော်စွာ ဖြစ်ကြသော ဝီထိစိတ်တို့ကို အမျိုးအစားအားဖြင့် ရေတွက်လျှင် `ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ ဝုေဋ္ဌာ၊ ဇော၊ တဒါရုံ´ဟူ၍ ၇-မျိုးရ၏။

စိတ္တုပါဒ် အရေအတွက် (စိတ်လုံးရေ)အားဖြင့် ရေတွက်လျှင် `အတိမဟန္တာရုံဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်း ၁၊ ပဉ္စဝိညာဏ် ၁၊ သမ္ပဋိစ္ဆိုန်း ၁၊ သန္တီရဏ ၁၊ ဝုေဋ္ဌာ ၁၊ ဇော ၇၊ တဒါရုံ ၂´ဟူ၍ ၁၄-လုံးရှိ၏။

ပါဝင်နိုင်သော ဝီထိစိတ်များကို ရေတွက်လျှင် `ပဉ္စဒွါရာဝဇ္ဇန်း ၁၊ ပဉ္စဝိညာဏ် ၁၀၊ သမ္ပဋိစ္ဆိုန်း ၂၊ သန္တီရဏ ၃၊ ဝုေဋ္ဌာခေါ် မနောဒွါရာဝဇ္ဇန်း ၁၊ ကာမဇော ၂၉၊ တဒါရုံ ၈´ဟူ၍ စုစုပေါင်း ကာမစိတ် ၅၄-ပါးကိုရ၏။

မှတ်ချက်။ ။ စက္ခုဒွါရ ဝီထိစိတ်ပေါင်းသည် စက္ခုဒွါရ၌ ဖြစ်နိုင်သော စိတ် ၄၆-ပါးပင် ဖြစ်၏။ ကျန်ရုပ်ဒွါရဝီထိစိတ်များသည်လည်း အလားတူပင် ၄၆-ပါးစီ ရှိကြ၏။
ဝီထိစိတ်တို့၏ အာရုံနှင့် မှီရာဝတ္ထု
ပဉ္စဒွါရ ဝီထိစိတ်တို့သည် ပထမ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ပစ္စုပ္ပန်ပဉ္စာရုံကို အာရုံပြုကြ၏။ ပဉ္စဝိညာဏ်စိတ်တို့သည် ပဉ္စဝတ္ထုကို အသီးသီးမှီကြ၏။ ဆိုလိုသည်မှာ စက္ခုဝိညာဏ်စိတ်သည် ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုပြီး စက္ခုဝတ္ထုကို မှီ၏ စသည်ဖြင့် သိပါ။

ပဉ္စဝိညာဏ် ၁၀ မှအပ ကြွင်းသည့် ပဉ္စဒွါရဝီထိစိတ် ၄၄-ပါးတို့သည် ဟဒယဝတ္ထုကို မှီကြ၏။

ပဉ္စဝိညာဏ်စိတ်တို့သည် အာရုံနှင့်ပြိုင်၍ ဥပါဒ်ပြီး အာရုံနှင့်ပြိုင်၍ ချုပ်ငြိမ်းမည့် ပသာဒရုပ်ဝတ္ထုကို ရွေးချယ်၍ မှီကြ၏။ ဤပသာဒရုပ်ဝတ္ထုတို့ကို မဇ္ဈိမာယုကဝတ္ထုများဟု ခေါ်၏။ အာရုံထက်စော၍ ဥပါဒ်ခဲ့ကြပြီး အာရုံမချုပ်မီစော၍ ချုပ်ကြသည့် ဝတ္ထုတို့ကို မန္ဒာယုကပသာဒများဟု ခေါ်၏။ အာရုံထက်နောက်ကျ၍ ဥပါဒ်ခဲ့ကြသဖြင့် အာရုံချုပ် သော်လည်း မချုပ်ငြိမ်းကြသေးသည့် ဝတ္ထုရုပ်တို့ကို အမန္ဒာယုကပသာဒများဟု ခေါ်၏။

ပဉ္စဝိညာဏ်တို့မှအပဖြစ်သော စိတ်များသည် မိမိတို့၏ ရှေ့အခြားမဲ့သော စိတ်နှင့်ပြိုင်၍ ဥပါဒ်ကြသော ဟဒယဝတ္ထုရုပ်တို့ကို မှီကြကုန်၏။

မနောဒွါရဝီထိအပြား (မနောဒွါရဝီထိ)
မနောဒွါရ၌ အာရုံ ၆-ပါးအနက် တစ်ပါးပါး ထင်လာသည့်အခါ မနောဒွါရဝီထိ ဖြစ်၏။

မနောဒွါရဝီထိ၌ ကာမဇောစောခွင့်ရသော ကာမဇောဝါရဝီထိနှင့် အပ္ပနာဇောစောခွင့်ရသည့် အပ္ပနာဇောဝါရဝီထိဟူ၍ ၂-မျိုးရှိ၏။

ကာမဇောဝါရဝီထိတွင် တစ်ဖန် အလွန်ထင်ရှားသော အတိဝိဘူတာရုံ၌ တဒါလမ္ဗဏဝါရ ၁-ဝီထိ၊ သာမညထင်ရှားသော ဝိဘူတာရုံ၌ ဇဝနဝါရ ၁-ဝီထိ၊ မထင်ရှားသော အဝိဘူတာရုံ၌ ဝေါဋ္ဌဗ္ဗနဝါရ ၁-ဝီထိ၊ အလွန်မထင်ရှားသော အတိအဝိဘူတာရုံ၌ မောဃဝါရ ၁-ဝီထိဟူ၍ ဝီထိ ၄-ပါး ကွဲပြားပြန်၏။

အပ္ပနာဇောဝရဝီထိတွင်မူ လောကီအပ္ပနာဝီထိနှင့် လောကုတ္တရာအပ္ပနာဝီထိဟူ၍ ၂-မျိုးကွဲပြား၏။ လောကီအပ္ပနာဝီထိ၌ ရူပါဝစရအပ္ပနာဝီထိ၊ အရူပါဝစရအပ္ပနာဝီထိနှင့် အဘိညာအပ္ပနာဝီထိတို့ ပါဝင်ကြ၏။ လောကုတ္တရာအပ္ပနာဝီထိတွင် မဂ္ဂဝီထိ၊ ဖလသမာပတ္တိဝီထိနှင့် နိရောဓသမာပတ္တဝီထိတို့ ပါဝင်ကြ၏။

ကာမဇော မနောဒွါရ ၄-ဝီထိ
(၁) အတိဝိဘူတာရုံဝီထိ (တဒါလမ္ဗဏဝါရဝီထိ)ချပုံ
`န-ဒ-မ-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဒါ-ဒါ´-ဘွင်-ဘွင်-
(၂) ဝိဘူတာရုံဝီထိ (ဇဝနဝါရဝီထိ) ချပုံ
`န-ဒ-မ-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဇ-´-ဘွင်-ဘွင်-
(၃) အဝိဘူတာရုံဝီထိ (ဝေါဋ္ဌဗ္ဗနဝါရဝီထိ)ချပုံ
`န-ဒ-မ-မ-မ´-ဘွင်-ဘွင်-
(၄) အတိအဝိဘူတာရုံဝီထိ (မောဃဝါရဝီထိ) ချပုံ
`န-န´-ဘွင်-ဘွင်-ဘွင်-

ဆိုရိုး
အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ ကာလဝိမုတ်ဖြစ်သော အလွန်ထင်ရှားသည့် အာရုံ ၆-ပါးတို့တွင် တစ်ပါးပါးသော အာရုံသည် မနောဒွါရ၌ ထင်ရှားလာသည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဟု ဘဝင် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ထိုထင်လာသော အာရုံကို ဆင်ခြင်ဆုံးဖြတ်သည့် မနောဒွါရာဝဇ္ဇန်း ၁-ကြိမ်၊ အာရုံ၏ အရသာကို ခံစားတတ်သော ဇော ၇-ကြိမ်၊ ဇောသို့ အစဉ်လိုက်သော တဒါရုံ ၂-ကြိမ်ဖြစ်၍ ချုပ်ပြီးနောက် ဘဝင်များစွာ ကျ၍သွား၏။

ကျန် ၃-ဝါရကိုဆိုရာ၌ `အလွန်ထင်ရှားသည့်အာရုံ´ နေရာ၌ `သာမညထင်ရှားသည့် အာရုံ´ `မထင်ရှားသည့်အာရုံ´ `အလွန်မထင်ရှားသည့်အာရုံ´ တို့ကို တစ်လှည့်စီထည့်၍ ဆိုပါ။

ရှင်းချက်
မနောဒွါရဟူသည်မှာ ဘဝင်စိတ် ၁၉-ပါးပင်တည်း။

မနောဒွါရ၌ အာရုံ ၆-ပါးစလုံး ထင်နိုင်ကြ၏။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နှင့် စပ်ဆိုင်သော ရုပ်အာရုံများနှင့် စိတ်စေတသိက်များအပြင် ကာလဝိမုတ် ဖြစ်ကြသော ပညတ်နှင့် နိဗ္ဗာန်တို့လည်း ထင်နိုင်ကြ၏။

သို့အတွက် မနောဒွါရ၌ ထင်လာသော အာရုံတို့ကို အတိမဟန္တာရုံ၊ မဟန္တာရုံစသည်ဖြင့် မခွဲခြားစကောင်းပါ။ ထင်ရှားသော ဝိဘူတာရုံနှင့် မထင်ရှားသော အဝိဘူတာရုံဟူ၍သာ ခွဲခြားအပ်၏။

ထို့အပြင် အာရုံထင်ပြီးနောက် အတီတဘဝင်မည်မျှလွန်မှ အာရုံထင်လာသည်ဟု စဉ်းစားစရာမလိုတော့ဘဲ မနောဒွါရ၌ အာရုံထိတိုက်သည်နှင့် တစ်ပြိုင်နက် အာရုံထင်လာပြီး ဘဝင် ၂-ကြိမ် လူပ်၍ ပြတ်ပြီးလျှင် မနောဒွါရာဝဇ္ဇန်းစိတ်က အာရုံကို ဆင်ခြင်ဆုံးဖြတ်လေတော့၏။

တဒနုဝတ္တကမနောဒွါရ ၄-ဝီထိ
မနောဒွါရ၌ အာရုံထင်သည့်အတွက် ကာမဇော မနောဒွါရဝီထိများ ဖြစ်ပေါ်ကြသည့်အပြင် ပဉ္စဒွါရဝီထိ ၁-ခုဖြစ်တိုင်း ၎င်းဝီထိနောက်သို့ လိုက်သော တဒနုဝတ္တကမနောဒွါရ ၄-ဝီထိလည်း ဖြစ်ပေါ်ကြသေး၏။

(၁) စက္ခုဒွါရ၌ ထင်လာ၍ ချုပ်လေပြီးသော အတိရူပါရုံကို စက္ခုဒွါရဝီထိယူသည့်အတိုင်း လိုက်ယူသော အတီတဂ္ဂဟဏ ၁-ဝီထိ၊
(၂) စက္ခုဒွါရဝီထိနှင့် အတီတဂ္ဂဟဏဝီထိ ၂-ခုတို့ဖြင့် ယူအပ်ပြီးသော အာရုံကို တစ်ခုတည်း တစ်လုံးတည်း ပေါင်းစုလုံးခဲ၍ အာရုံပြုသော သမုဒါယဂ္ဂဟဏ ၁-ဝီထိ၊

(၃) ထိုရူပါရုံ၏ အသွင်သဏ္ဌာန်နှင့် အနက်ဒြပ်တို့ကို အာရုံပြုသော အတ္ထဂ္ဂဟဏ ၁-ဝီထိ၊

(၄) ထိုအနက်ဒြပ်၊ အသွင်သဏ္ဌာန်အဆင်း၏ အမည်နာမကို အာရုံပြုသော နာမဂ္ဂဟဏ ၁-ဝီထိ၊


ဤနည်းအတူ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဒွါရတို့၌လည်း ၄-ဝီထိဖြစ်၏။ ဤ ၄-ဝီထိဖြစ်ပြီးသည့်နောက်မှ အာရုံ၏ အနက်ဒြပ်နှင့် အမည်နာမတို့ကို သိရှိရ၏။

No comments:

Post a Comment