Search This Blog

Sunday, May 3, 2020

အခန်း(၇) သမုစ္စည်းပိုင်း -၂

 အခန်း(၇) သမုစ္စည်းပိုင်း -၂

ဗောဓိပက္ခိယ သင်္ဂဟ
သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်သည် `ဗောဓိ´ဟု အမည်ရ၏။ ထိုဗောဓိဟူသော မဂ်ဉာဏ်၏ အသင်းအပင်း ဘက်တော်သားများကို `ဗောဓိပက္ခိယ´ဟုခေါ်၏။ ဗောဓိပက္ခိယတရား ၃၇-ပါးရှိရာ သတိပဋ္ဌာန်း ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣနြေ္ဒ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါးနှင့် မဂ္ဂင် ၈-ပါးတို့ ပါဝင်ကြ၏။

၁။ သတိပဋ္ဌာန်း ၄-ပါး
မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲစွဲမြဲစွာတည်သော သတိအထူးကို သတိပဋ္ဌာန်းဟု ခေါ်၏။
၁။ ကာယနုပဿနာ သတိပဋ္ဌာန်း = ခန္ဒာကိုယ်၌ (ဝါ) ဆံပင်မွေးညင်း စသည့် ၃၂ကောဋ္ဌာသ၌ အသုဘအခြင်းအရာ ထင်လာအောင် အဖန်ဖန် ရူမှတ်သော သတိအထူး။
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်း = ဝေဒနာတို့ကို ဒုက္ခအခြင်းအရာ ထင်လာအောင် အဖန်ဖန်ရူမှတ်သော သတိအထူး။

၃။ စိတ္တာနုပဿနာ = စိတ်တို့ကို အနိစ္စအခြင်းအရာ ထင်လာအောင် အဖန်ဖန်ရူမှတ်သော သတိအထူး။

၄။ ဓမ္မနုပဿနာ သတိပဋ္ဌာန်း = သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာဟူသည့် တရားဓမ္မများကို အနတ္တအခြင်းအရာ ထင်လာအောင် အဖန်ဖန်ရူမှတ်သော သတိအထူး။

တရားကိုယ် = သတိပဋ္ဌာန်း ၄-ပါးလုံး၏ တရားကိုယ်သည် မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ အပ္ပနာဇော ၂၆၊ ပေါင်း ၄၂-ပါးသော စိတ်တို့၌ ယှဉ်သည့် သတိစေတသိက် ဖြစ်၏။

သတိပဋ္ဌာန်း ၄-ပါးကွဲပြားခြင်း အကြောင်းရင်း
သတိပဋ္ဌာန်း ၄-ပါးတို့၏ တရားကိုယ်သည် သတိတစ်ပါးတည်း ဖြစ်သော်လည်း (၁) အာရုံက ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မဟု ၄-မျိုးကွဲပြားခြင်း၊ (၂) ထိုအာရုံများ၌ အသုဘ၊ ဒုက္ခ၊ အနိစ္စ၊ အနတ္တဟု ရူဆင်ခြင်ပုံ အခြင်းအရာက ၄-မျိုးကွဲပြားခြင်း၊ (၃) သုဘ၊ သုခ၊ နိစ္စ၊ အတ္တဟု ထင်မှားမူကို ပယ်ခွါခြင်း ကိစ္စက ၄-မျိုး ကွဲပြားခြင်းတို့ကြောင့် သတိပဋ္ဌာန်း ၄-ပါး ကွဲပြားရ၏။

၂။ သမ္မပ္ပဓာန် ၄-ပါး
၁။ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း။

၂။ မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှာ အားထုတ်ခြင်း။

၃။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ထွန်းစေခြင်းငှာ အားထုတ်ခြင်း။

၄။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ခိုင်ခန့်တိုးပွားစေခြင်းငှာ အားထုတ်ခြင်း။

ဤသို့ ကောင်းစွာအားထုတ်မူ ဝီရိယကို သမ္မပ္ပဓာန်ဟု ခေါ်၏။

တရားကိုယ် = သမ္မပ္ပဓာန် ၄-ပါးလုံး၏ တရားကိုယ်မှာ မဟာကုသိုလ် ၈၊ မဟဂ္ဂုတ်ကုသိုလ် ၉၊ လောကုတ္တရာကုသိုလ် ၄ဟူသည့် ကုသိုလ်စိတ် ၂၁-ပါး၌ ယှဉ်သော ဝီရိယဖြစ်၏။

သမ္မပ္ပဓာန် ၄-ပါး ကွဲပြားရခြင်း အကြောင်းရင်း
တရားကိုယ်အားဖြင့် ဝီရိယ တစ်ပါးတည်း ဖြစ်သော်လည်း ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းကိစ္စ၊ မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းကိစ္စ၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းကိစ္စ၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားစေခြင်းကိစ္စ၊ ဤသို့ ဝီရိယ၏ ကိစ္စ ၄-မျိုးကွဲပြားခြင်းကြောင့် သမ္မပ္ပဓာန် ၄-ပါး ကွဲပြားရပါသည်။
၃။ ဣဒ္ဓိပါဒ် ၄-ပါး
ပြီးစီးထမြောက်သော ဈာန်၊ မဂ်ဖိုလ်အကျိုးတို့၏ အခြေခံ အကြောင်းတရားကို ဣဒ္ဓိပါဒ်ဟု ခေါ်၏။

၁။ ဆန္ဒိဒ္ဓိပါဒ် = ကုသိုလ်စိတ် ၂၁-ပါး၌ ယှဉ်သည့် ဆန္ဒစေတသိက်။

၂။ ဝီရိယဒ္ဓိပါဒ် = ကုသိုလ်စိတ် ၂၁-ပါး၌ ယှဉ်သည့် ဝီရိယစေတသိက်။

၃။ စိတ္တိဒ္ဓိပါဒ် = မဟာကုသိုလ် ၈၊ မဟဂ္ဂုတ်ကုသိုလ် ၉၊ လောကုတ္တရာကုသိုလ် ၄-ဟူသည့် ကုသိုလ်စိတ် ၂၁-ပါး။

၄။ ဝီမံသိဒ္ဓိပါဒ် = ကုသိုလ်စိတ် ၂၁-ပါး၌ ယှဉ်သော ပညာ။

၄။ ဣနြေ္ဒ ၅-ပါး
၁။ သိဒ္ဓိနြေ္ဒ = မဟာကုသိုလ်ကြိယာ ၁၆၊ အပ္ပနာဇော ၂၆တို့၌ ယှဉ်သော သဒ္ဓါ။

၂။ ဝီရိယနြေ္ဒ = အထက်ပါစိတ် ၄၂-ပါး၌ယှဉ်သော ဝီရိယစေတသိက်။

၃။ သတိနြေ္ဒ = အထက်ပါစိတ် ၄၂-ပါး၌ယှဉ်သော သတိစေတသိက်။

၄။ သမာဓိနြေ္ဒ = အထက်ပါစိတ် ၄၂ပါး၌ယှဉ်သော ဧကဂ္ဂတာစေတသိက်။

၅။ ပညိနြေ္ဒ = အထက်ပါစိတ် ၄၂-ပါး၌ယှဉ်သော ပညာစေတသိက်။

၅။ ဗိုလ် ၅-ပါး
သဒ္ဓါဗိုလ်၊ ဝီရီယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်တို့ဖြစ်ကြ၏။ တရားကိုယ်များမှာ ဣနြေ္ဒ ၅-ပါး အတိုင်းဖြစ်ကြ၏။

၆။ ဗောဇ္ဈင် ၇-ပါး
ဗောဓိဟူသော သစ္စာ ၄-ပါးကို သိကြောင်းတရားအပေါင်း၏ အစိတ်အစိတ်သည် `ဗောဓိအင်္ဂ=ဗောဇ္ဈင်္ဂ=ဗောဇ္ဈင်´ဖြစ်၏။

၁။ သတိသမ္ဗောဇ္ဈင် = သစ္စာ ၄-ပါးကို သိကြောင်းဖြစ်သော အောက်မေ့မူသတိ။

၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင် = သစ္စာ ၄-ပါးကို သိကြောင်းဖြစ်သော ဆိုင်ရာတရားများကို စိစစ်တတ်သည့် ပညာ။

၃။ ဝီရိယသမ္ဗောဇ္ဈင် = သစ္စာ ၄-ပါးကို သိကြောင်းဖြစ်သော အားထုတ်မူ ဝီရိယ။

၄။ ပီတိသမ္ဗောဇ္ဈင် = သစ္စာ ၄-ပါးကို သိကြောင်းဖြစ်သော နှစ်သက်ရွှင်လန်းမူပီတိ။

၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = သစ္စာ ၄-ပါးကို သိကြောင်းဖြစ်သော ငြိမ်းအေးမူ ပဿဒ္ဓိ။

၆။ သမာဓိသမ္ဗောဇ္ဈင် = သစ္စာ ၄-ပါးကို သိကြောင်းဖြစ်သော တည်ကြည်မူ ဧကဂ္ဂတာ။

၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = သစ္စာ ၄-ပါးကို သိကြောင်းဖြစ်သော လျစ်လျူရူမူ တတြမဇ္ဈတ္တတာ။

အထက်ပါဗောဇ္ဈင် ၇-ပါးတိုပ၏ တရားကိုယ်များမှာ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ အပ္ပနာဇော ၂ ၆၊ ပေါင်း ၄၂-ပါးသော စိတ်တို့၌ ယှဉ်ကြသည့် (၁) သတိ (၂) ပညာ (၃) ဝီရိယ (၄) ပီတိ (၅)ကာယပဿဒ္ဓိနှင့် စိတ္တပဿဒ္ဓိ (၆) ဧကဂ္ဂတာ (၇) တတြမဇ္ဈတ္တတာ စေတသိက်များ ဖြစ်ကြ၏။

၇။ မဂ္ဂင် ၈-ပါး
၁။ သမ္မာဒိဋ္ဌိမဂ္ဂင် = ပညာ
၂။ သမ္မာသင်္ကပ္ပမဂ္ဂင် = ဝိတက်
၃။ သမ္မာဝါစာမဂ္ဂင် = သမ္မာဝါစာ
၄။ သမ္မာကမ္မန္တ မဂ္ဂင် = သမ္မာကမ္မန္တ
၅။ သမ္မာအာဇီဝမဂ္ဂင် = သမ္မာအာဇီဝ
၆။ သမ္မာဝါယာမမဂ္ဂင် = ဝီရိယ
၇။ သမ္မာသတိမဂ္ဂင် = သတိ
၈။ သမ္မာသမာဓိမဂ္ဂင် = ဧကဂ္ဂတာ

မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ အပ္ပနာဇော ၂၆၊ ပေါင်း ၄၂-ပါးသော စိတ်တို့၌ ယှဉ်ကြသည့် ဆိုင်ရာစေတသိက်များ။

တရားကိုယ်ကောက်ပုံ
သတိပဋ္ဌာန်း၊ ဣနြေ္ဒ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်တို့၏ တရားကိုယ်ကောက်ရာ ဌာနဖြစ်သော စိတ်တို့သည် တူညီကြ၏ (ဇော ၄၂-ပါး)။ သမ္မပ္ပဓာန်နှင့် ဣဒ္ဓိပါဒ်တို့၏ တရားကိုယ်ကောက်ရာ ဌာနဖြစ်သော စိတ်တို့သည် တူညီကြ၏။ (ကုသိုလ်စိတ် ၂၁-ပါး)။

သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပတို့သည် `ပညာမဂ္ဂင်´ မည်၏။ သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝတို့သည် `သီလမဂ္ဂင်´ မည်၏။

သမ္မာဝါယာမ၊ သမ္မာသတိနှင့် သမ္မာသမာဓိတို့သည် `သမာဓိမဂ္ဂင်´ မည်၏။

ထို့ကြောင့် မဂ္ဂင် ၈-ပါးကျင့်စဉ်တရားကို `သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါး ကျင့်စဉ်တရား´ဟုလည်း ခေါ်၏။

သဗ္ဗ သင်္ဂဟ
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ်တရားအားလုံးကို သိမ်းကျုံး၍ ရေတွက်ပြခြင်း

၁။ ခန္ဓာ ၅-ပါး
`ခန္ဓ´ သဒ္ဒါသည် `အစုအပုံ´ ဟူသော အနက်ကို ဟော၏။ အတိတ်၊ အနာ၈တ်၊ ပစ္စုပ္ပန်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ သြဠာရိက၊ သုခုမ၊ ဟီန၊ ပဏီတ၊ ဒူရ၊ သန္တိက၊ အားဖြင့် များပြားလှသော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ကို ၅စု ၅ပုံ စုပုံထားခြင်းကို ခန္ဓာ ၅-ပါးဟု ခေါ်၏။


၁။ ရပက္ခန္ဓာ = ရုပ် ၂၈-ပါးတို့၏ အပေါင်းအစု။
၂။ ဝေဒနာက္ခန္ဓာ = ဝေဒနာတို့၏ အပေါင်းအစု။
၃။ သညာက္ခန္ဓာ = သညာတို့၏ အပေါင်းအစု။
၄။ သင်္ခါရက္ခန္ဓာ = ဝေဒနာ၊ သညာတို့မှ ကြွင်းသော စေတသိက် ၅၀-တို့၏ အပေါင်းအစု။
၅။ သိညာဏက္ခန္ဓာ = စိတ်အကျဉ်း ၈၉၊ အကျယ် ၁၂၁-ပါးတို့၏ အပေါင်းအစု။

၂။ ဥပါဒါနက္ခန္ဓာ ၅-ပါး
ဥပါဒါန်တရား (လောဘနှင့် ဒိဋ္ဌိ) တို့၏ အာရုံဖြစ်သော ခန္ဓာကို ဥပါဒါနက္ခန္ဓာဟု ခေါ်၏။ ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာသည် လောကီစိတ်များ၊ ထိုစိတ်နှင့် ယှဉ်သော စေတသိက်များနှင့် ရုပ်တရားများ ဖြစ်ကြ၏။ လောကုတ္တရာစိတ် စေတသိက်တို့ မပါဝင်ကြချေ။

၁။ ရူပုပါဒါနက္ခန္ဓာ = ရုပ် ၂၈-ပါးတို့၏ အပေါင်းအစု
၂။ ဝေဒနုပါဒါနက္ခန္ဓာ = လောကီစိတ် ၈၁-ပါးနှင့်ယှဉ်သော ဝေဒနာတို့၏ အပေါင်းအစု။
၃။ သညုပါဒါနက္ခန္ဓာ = လောကီစိတ် ၈၁-ပါးနှင့်ယှဉ်သော သညာတို့၏ အပေါင်းအစု။
၄။ သင်္ခါရုပါဒါနက္ခန္ဓာ = ဝေဒနာ၊ သညာတို့မှ ကြွင်းသော လောကီ စေတသိက် ၅၀တို့၏ အပေါင်းအစု။
၅။ ဝိညာဏုပါဒါနက္ခန္ဓာ = လောကီစိတ် ၈၁-ပါးတို့၏ အပေါင်းအစု။

ခန္ဓာ ၂-မျိုးဟောရခြင်းအကြောင်းရင်း
၁။ လောကီဖြစ်စေ၊ လောကုတ္တရာဖြစ်စေ ခန္ဓာဖွဲ့၍ ရကောင်းသမျှသော တရားများအားလုံးကို သိမ်းကျုံးလျက် ပြတော်မူခြင်းငှာ ပထမခန္ဓဒေသနာကို ဟောတော်မူ၏။

၂။ ဝိပဿနာ ကမ္မဋ္ဌာန်းစီးဖြန်းသောအခါ၌ကား လောကုတ္တရာ ခန္ဓာများကို အာရုံပြု၍ မစီးဖြန်းရပါ။ ဝဋ်ဒုက္ခတရားများကို အာရုံပြု၍ စီးဖြန်းပါမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော ထင်မြင်နိုင်သည်။ သို့အတွက် ဝိပဿနာမှတ်ရန်အလို့ငှာ လောကီတရားများ သက်သက်ကို ခန္ဓာဖွဲ့လျက် ဒုတိယဥပါဒါနက္ခန္ဓ ဒေသနာကို ဟောတော်မူ၏။
နိဗ္ဗာန်သည် ခန္ဓဝိမုတ်
နိဗ္ဗာန်သည် ကာလ ၃-ပါးမှ လွတ်သဖြင့် ကာလဝိမုတ် ဖြစ်၏။ အဇ္ဈတ္တ၊ ဗဟိဒ္ဓဟု ၂-မျိုး မကွဲပြားဘဲ ခန္ဓာကိုယ်ပြင်ပ၌ တည်သောကြောင့် ဗဟိဒ္ဓ တစ်မျိုးသာ ရှိ၏။ သြဠာရိက၊ သုခုမဟု ၂-မျိုး မကွဲပြားဘဲ သိမ်မွေ့သောကြောင့် သုခုမ တစ်မျိုးသာ ဖြစ်၏။ ဟီန၊ ပဏီတဟု ၂-မျိုးမကွဲပြားဘဲ မြတ်သောကြောင့် ပဏီတ တစ်မျိုးသာ ရှိ၏။ ဒူရေ၊ သန္တိကေဟု ၂-မျိုးမကွဲပြားဘဲ ဉာဏ်နှင့်ဝေးသောကြောင့် ဒူရေတစ်မျိုးသာရှိ၏။ ဤသို့ ဆိုင်ရာဌာန၌ ၂-မျိုးမရ၊ တစ်မျိုးစီသာရသောကြောင့် နိဗ္ဗာန်ကို ဘေဒါဘာဝ=အကွဲအပြားမရှိ´ဟု ဆို၏။

ဗဟိဒ္ဓ၊ သုခုမ၊ ပဏီတ၊ ဒူရဟူသော ၄-မျိုးကား အချင်းချင်း ကွဲပြားကြသည်မဟုတ်။ ဗဟိဒ္ဓနိဗ္ဗာန်သည်ပင် သုခုမလည်း ဖြစ်၏၊ ပဏီတလည်းဖြစ်၏၊ ဒူရလည်း ဖြစ်၏။

ဤသို့လျှင် နိဗ္ဗာန်၌ အကွဲအပြားမရှိသဖြင့် နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ထိုက်ချေ။

၃။ အာယတန ၁၂-ပါး
`အာယတန´ သဒ္ဒါသည် `အကြောင်း´ဟူသော အနက်တို့ကိုဟော၏။ စိတ်စေတသိက်တို့သည် ရူပါရုံ၊ စက္ခု ပသာဒ စသည်တို့ကို အကြောင်းပြု၍ ဖြစ်ပေါ်ကြကုန်၏။ ထိုသို့ စိတ်စေတသိက်တို့ဖြစ်ပေါ်ကြောင်းဖြစ်သော တရားများကို `အာယတန´ဟု ခေါ်၏။
အတွင်းအဇ္ဈတ္တိကာယတန ၆-ပါး
၁။ စက္ခာယတန = စက္ခုပသာဒ
၂။ သောတာယတန = သောတပသာဒ
၃။ ဃာနာယတန = ဃာနာပသာဒ
၄။ ဇိဝှာယတန = ဇိဝှာပသာဒ
၅။ ကာယာယတန = ကာယပသာဒ
၆။ မနာယတန = စိတ်အကျဉ်း ၈၉၊ အကျယ် ၁၂၁-ပါး

အပြင်ဗာဟိရာယတန ၆-ပါး
၇။ ရူပါယတန = ရူပါရုံ (အဆင်း)
၈။ သဒ္ဒါယတန = သဒ္ဒါရုံ (အသံ)
၉။ ဂန္ဓာယတန = ဂန္ဓာရုံ (အနံ့)
၁၀။ ရသာယတန = ရသာရုံ (အရသာ)
၁၁။ ဖောဋ္ဌဗ္ဗာယတန = ဖောဋ္ဌဗ္ဗာရုံ (ပထဝီ၊ တေဇော၊ ဝါယော)
၁၂။ ဓမ္မာယတန = စေတသိက် ၅၂၊ သုခုမရုပ် ၁၆-ပါး၊ နိဗ္ဗာန်။

၄။ ဓာတ် ၁၈-ပါး
မိမိသဘောကိုဆောင်တတ်သော တရားကို ဓာတ်ဟုခေါ်၏။ စက္ခု, သောတစသော တရားတို့သည် မိမိသဘောအတိုင်း တည်ရှိကြပြီး မိမိဆိုင်ရာသဘောကို ဆောင်ရွက်နိုင်ကြ၏။ ထို့ကြောင့် `ဓာတု=ဓာတ်´ဟု အမည်ရ၏။

ဒွါရ ၆-ပုံ(အခံဓာတ်)
၁။ စက္ခုဓာတ်
၂။ သောတဓာတ်
၃။ ဃာနဓာတ်
၄။ ဇိဝှာဓာတ်
၅။ ကာယဓာတ်
၆။ မနောဓာတ်

အာရုံ ၆-တန်(အတိုက်ဓာတ်)
၇။ ရူပဓာတ်
၈။ သဒ္ဒဓာတ်
၉။ ဂန္ဓဓာတ်
၁၀။ ရသဓာတ်
၁၁။ ဖောဋ္ဌဗ္ဗဓာတ်
၁၂။ ဓမ္မဓာတ်
ဝိညာဏ် ၆-သွယ်(အပွင့်ဓာတ်)
၁၃။ စက္ခုဝိညာဏဓာတ်
၁၄။ သောတဝိညာဏဓာတ်
၁၅။ ဃာနဝိညာဏဓာတ်
၁၆။ ဇိဝှာဝိညာဏဓာတ်
၁၇။ ကာယဝိညာဏဓာတ်
၁၈။ မနောဝိညာဏဓာတ်

တရားကိုယ်များ။ ။ (၁)စက္ခုပသာဒ (၂)သောတပာဒ (၃) ဃာနပသာဒ (၄)ဇိဝှာပသာဒ (၅)ကာယပသာဒ (၆)ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းဒွေ၊ (၇)ရူပါရုံ (၈)သဒ္ဒါရုံ (၉)ဂန္ဓာရုံ (၁၀)ရသာရုံ (၁၁)ဖောဋ္ဌဗ္ဗာရုံ (၁၂)စေတသိက် ၅၂-ပါး သုခုမရုပ် ၁၆-ပါး, နိဗ္ဗာန်၊ (၁၃)စက္ခုဝိညာဏ်ဒွေ (၁၇)ကာယဝိညာဏ်ဒွေ (၁၈)ဒွေပဉ္စဝိညာဏ်၁၀-နှင့် မနောဓာတ် ၃-ပါးတို့မှ ကြွင်းသောစိတ် ၇၆-ပါး။

သစ္စာလေးပါး
သစ္စ = သစ္စာသည် `မှန်ကန်ခြင်း´ အနက်ကိုဟော၏။
ဒုက္ခဟူ၍ ဟောထားသောရုပ်နာမ်တရားတို့သည် ဧကန်အမှန်ဒုက္ခဖြစ်၏။ သမုဒယဟု ဟောထားသော တဏှာသည်လည်း ဧကန်အမှန်ပင် ဒုက္ခ၏အကြောင်း ဖြစ်၏။ နိရောဓဟု ဟောထားသော ဒုက္ခချုပ်ငြိမ်းခြင်း နိဗ္ဗာန်သည်လည်း ဧကန်အမှန်ပင် ဒုက္ခ၏ ချုပ်ရာမှန်၏။ နိရောဓဂါမိနီပဋိပဒါ = မဂ္ဂသစ္စာဟု ဟောထားသော နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်းစဉ်သည် ဧကန်အမှန်ပင် နိဗ္ဗာန်ရောက်ကြောင်း အကျင့်မှန်ပေ၏။

တစ်ဖန် ဤသစ္စာလေးပါးတို့သည် အရိယာပုဂ္ဂိုလ်များသာ ပိုင်ပိုင်နိုင်နိုင် သိအပ်သောကြောင့် `အရိယာ သစ္စာ ၄-ပါး´ဟု အမည်ရ၏။

ဤသစ္စာ ၄-ပါးတွင် ဒုက္ခသစ္စာနှင့် သမုဒယသစ္စာတို့သည် လောကီသစ္စာများ ဖြစ်ကြ၏။ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာတို့သည် လောကုတ္တရာသစ္စာများ ဖြစ်ကြ၏။

သံသရာ၌ ဖြစ်ရသော ရုပ်နာမ်ဟူသမျှသည် ဒုက္ခတရားချည်းသာတည်း။ ထို့ကြောင့် ဒုက္ခသစ္စာသည် သံသရာ၌ ဖြစ်ရခြင်းဟူသော ပဝတ္တိသစ္စာဖြစ်၏။ မကောင်းသော အကျိုးသစ္စာလည်းဖြစ်၏။ သမုဒယသစ္စာသည် ထိုသံသရာ ဒုက္ခဟူသမျှ၏ ဖြစ်ရခြင်း အကြောင်းရင်း ပဝတ္ထိဟေတုသစ္စာတည်း၊ မကောင်းသော အကြောင်းသစ္စာလည်း ဖြစ်၏။

နိရောဓသစ္စာသည် သံသရာဒုက္ခ၏ ချုပ်ငြိမ်းရာ နိဝတ္တိသစ္စာတည်း၊ ကောင်းသော အကျိုးသစ္စာဖြစ်၏။ မဂ္ဂသစ္စာသည် ထိုနိဝတ္တိသို့ရောက်ကြောင်း နိဝတ္တိဟေတုသစ္စာဖြစ်၏။ ကောင်းသောအကြောင်းသစ္စာလည်းဖြစ်၏။

အရိယသစ္စာ ၄-ပါးကို ကောင်းစွာမြင်သိသောသူသည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရ၏။ ခန္ဓာ ၅-ပါး၊ အာယတန ၁၂၊ ဓာတ် ၁၈-ပါးတို့ကို ထင်မြင်အောင် ဝိပဿနာရူပွားခြင်းသည် အရိယသစ္စာ ၄-ပါးကို မြင်သိလာရန်အတွက် ဖြစ်၏။

သို့ဖြစ်၍ မြတ်စွာဘုရား၏ သာသနာတော်နှင့် ကြုံတွေ့နေရသော မျက်မှောက်ဘဝ၌ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတို့၏ သဘောကိုမျှ မသိနားမလည်လျှင် လူဖြစ်ရကျိုးမနပ်ပြီဟု ဆိုစမှတ်ပြုကြပါသည်။

၁။ သင်္ဂြုလ်ပါဠိအခေါ် = ဒုက္ခအရိယသစ္စ
ခေါ်ဝေါ်ရိုး = ဒုက္ခသစ္စာ
တရားကိုယ်နှင့်အဓိပ္ပာယ်= လောကီစိတ် ၈၁-ပါး၊ လောဘကြဉ်သော စေတသိက် ၅၁-ပါး၊ ရုပ် ၂၈-ပါး၊ ဤအလုံစုံသော တေဘူမက တရားတို့ကို ဒုက္ခအမှန် ဖြစ်ခြင်းကြောင့် ဒုက္ခသစ္စာဟုခေါ်၏။

၂။ သင်္ဂြု ိလ်ပါဠိအခေါ် = ဒုက္ခသမုဒယ အရိယသစ္စ
ခေါ်ဝေါ်ရိုး = သမုဒယသစ္စာ
တရားကိုယ်နှင့်အဓိပ္ပာယ်= တဏှာလောဘသည် ဒုက္ခဖြေစ်စေသောအကြောင်းရင်း အမှန်ဖြစ်ခြင်းကြောင့် သမုဒယသစ္စာမည်၏။

၃။ သင်္ဂြု ိလ်ပါဠိအခေါ် = ဒုက္ခနိရောဓ အရိယသစ္စ
ခေါ်ဝေါ်ရိုး = နိရောဓသစ္စာ
တရားကိုယ်နှင့်အဓိပ္ပာယ်= နိဗ္ဗာန်သည် ဒုက္ခချုပ်ငြိမ်းရာ အမှန်ဖြစ်ခြင်းကြောင့် နိရောဓသစ္စာမည်၏။

၄။ သင်္ဂြု ိလ်ပါဠိအခေါ် = ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ အရိယသစ္စ
ခေါ်ဝေါ်ရိုး = မဂ္ဂသစ္စာ
တရားကိုယ်နှင့်အဓိပ္ပာယ်= မဂ်၌ယှဉ်သော မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်မှန်ဖြစ်ခြင်းကြောင့် မဂ္ဂသစ္စာမည်၏။

No comments:

Post a Comment