Search This Blog

Sunday, May 3, 2020

အခန်း(၁) စိတ်ပိုင်း

အခန်း(၁) စိတ်ပိုင်း

ဘုံအားဖြင့် စိတ်ကို ၄-မျိုးခွဲခြားပုံ
၁။ ကာမဘုံ (ကာမ ၁၁-ဘုံ) - ကာမဝစရစိတ် ၅၄
အကုသိုလ်စိတ် ၁၂၊ အဟိတ်စိတ် ၁၈၊ ကာမသောဘဏစိတ် ၂၄
၂။ ရူပဘုံ (ရူပဗြဟ္မာ ၁၆ - ဘုံ) - ရူပဝစရစိတ် ၁၅
၃။ အရူပဘုံ (အရူပဗြဟ္မာ ၄-ဘုံ) - အရူပါဝစရစိတ် ၁၂
၄။ လောကုတ္တရာဘုံ (လောကုတ္တရာ အဝတ္ထာဘုံ) - လောကုတ္တရာစိတ် ၈ (၄၀)


အကုသိုလ်စိတ် ၁၂-ပါး
အပြစ်ရှိသော စိတ်များကို အကုသိုလ်စိတ်များဟုခေါ်၏။

အကုသိုလ်စိတ်များမှာ -

လောဘမူစိတ် ၈-ပါး - လိုချင်တပ်မက်မူလောဘအရင်းခံသည်။
ဒေါသမူ စိတ် ၂-ပါး - စိတ်ဆိုးစိတ်ပျက်မူ ဒေါသအရင်းခံသည်။
မောဟမူစိတ် ၂-ပါး - မသိတွေဝေမူ မောဟအရင်းခံသည်။

လောဘမူစိတ် ၈-ပါး
၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် ၁
၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် ၁
၃။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် ၁
၄။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် ၁
၅။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် ၁
၆။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် ၁
၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် ၁
၈။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် ၁

အဓိပ္ပာယ်
သောမနဿသဟဂုတ် = ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွဖြစ်သော
ဥပေက္ခာသဟဂုတ် = ဝမ်းမြောက် ဝမ်းနည်းမဖြစ်ဘဲ
ဒိဋ္ဌိဂတသမ္ပယုတ် = အယူမှားခြင်း ဒိဋ္ဌိယှဉ်လျက် (ကံ-ကံ၏အကျိုးကို မယုံ)
ဒိဋ္ဌိဂတဝိပ္ပယုတ် = အယူမှားခြင်း ဒိဋ္ဌိမယှဉ်ဘဲ (ကံ-ကံ၏အကျိုးကို ယုံ)
အသင်္ခါရိကစိတ် = တိုက်တွန်းပြုပြင်မူမပါဘဲ အလိုအလျောက်ဖြစ်သောစိတ် (ထက်မြက်သည့်စိတ်)
သသင်္ခါရိကစိတ် = တိုက်တွန်းပြုပြင်မူကြောင့် ဖြစ်သောစိတ် (ထိုင်းမိူင်းသည့်စိတ်)

အသုံးချမူ
ကာမဂုဏ်အာရုံကို နှစ်သက်တွယ်တာနေသည့်အခါ လောဘမူစိတ်ဖြစ်သည်။

ဥပမာ။ ။ရုပ်ရှင်ကို ပျော်ရွှင်စွာ ကြည့်နေသူ၌ လောဘမူ သောမနဿသဟဂုတ်စိတ် ဖြစ်၏။ ရုပ်ရှင်ကြည့်သည်ကို အပြစ်ရှိမှန်း မဆင်ခြင်မိသဖြင့် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ဖြစ်၏။ မိမိအလိုအလျောက် နှစ်သက်တပ်မက်နေသည့်အတွက် သင်္ခါရိကစိတ် ဖြစ်သည်။

ပျော်ရွှင်စွာ ဝတ္ထုဖတ်နေသူ၊ သီချင်းနားထောင်နေသူ၊ သနပ်ခါး မိတ်ကပ် လိမ်းကျံနေသူ၊ ရေခဲမုန့်စားသူ၊ ပန်ကာလေခံသူ စသည်တို့၌လည်း အလားတူပင် လောဘမူ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်ဖြစ်၏။

ဝမ်းမြောက် ဝမ်းနည်းမဖြစ်ဘဲ အာရုံခံစားလျှင် ဥပေက္ခာသဟဂုတ်စိတ်၊ အပြစ်ရှိသည်ဟု ဆင်ခြင်မိလျှင် ဒိဋ္ဌိမယှဉ်သဖြင့် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၊ သူတစ်ပါးတိုက်တွန်း၍ ပြုလုပ်လျှင် သသင်္ခါရိကစိတ် အသီးသီးဖြစ်သည်။

ဒေါသမူစိတ် ၂-ပါး
၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် ၁
၂။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် ၁

အဓိပ္ပာယ်
ဒေါမနဿသဟဂုတ် = စိတ်ဆတင်းရဲခြင်းနှင့်တကွဖြစ်သော
ပဋိဃသမ္ပယုတ် = အမျက်ဒေါသယှဉ်လျက်

အသုံးချမူ
စိတ်ဆိုး၊ စိတ်ပျက်၊ စိတ်ဆင်းရဲသောအခါတိုင်း ဒေါသမူစိတ် ဖြစ်သည်။ ဒေါသမူစိတ်ဖြစ်တိုင်း စိတ်ပူလောင် ဆွေးမြေ့ရသဖြင့် ဒေါမနဿဝေဒနာဖြစ်ပေါ်ပြီး ပဋိဃခေါ် ဒေါသစေတသိက် ယှဉ်၏။

မိမိအလိုအလျောက် စိတ်ဆိုး/စိတ်ပျက်နေလျှင် အသင်္ခါရိက စိတ်ဖြစ်၏။ သူတစ်ပါး တိုက်တွန်းပြောဆိုမှ စိတ်ဆိုး/စိတ်ပျက်လျှင် သသင်္ခါရိကစိတ် ဖြစ်၏။

မောဟစိတ် ၂-ပါး
၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁
၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ် ၁

အဓိပ္ပာယ်
ဝိစိကိစ္ဆာ = ဘုရား၊ တရား၊ သံဃာ၊ ကံတရားစသည့် ကုသိုလ်ရေး၌ ယုံမှားသံသယဖြစ်ခြင်းသဘော
ဥဒ္ဓစ္စ = အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်ခြင်းသဘော

အသုံးချမူ
ရတနာသုံးပါး ကံတရားစသည်၌ ယုံမှားသံသယဖြစ်နေသူတွင် မောဟမူ ဝိစိကိစ္ဆာ သမ္ပယုတ်စိတ် ဖြစ်၏။ အာရုံပျံ့လွင့်ပြီး တွေေ၀ ငေးမောနေသူ၌ ဥဒ္ဓစ္စသမ္ပယုတ်စိတ် ဖြစ်၏။

အကုသိုလ် မဖြစ်ရေး
အကုသိုလ်စိတ်ဖြစ်တိုင်း သတိထားမိလျှင် အကုသိုလ်စိတ် အစဉ်ပြတ်သွားမည်။ အထူးသဖြင့် မကောင်းမူဒုစရိုက် ၁၀-ပါးကို အကုသိုလ်စိတ်တို့ဖြင့် ပြုလုပ်ရပေရာ အပါယ်ကျနိုင်သည့် အကုသိုလ်စိတ်ကို အဖြစ်မခံဘဲ ရှောင်ရှားနိုင်လျှင် အပါယ်ဘေး လုံခြုံသွားလိမ့်မည်။ စိတ်အကြံကို ထိန်းနိုင်ပါက ကိုယ် နူတ် အမူအရာတို့ကို ထိန်းပြီးသား ဖြစ်သွားလိမ့်မည်။

အဟိတ်စိတ် ၁၈-ပါး (ဟိတ်မပါသည့်စိတ်များ)
၁။ အကုသလ ဝိပါက်စိတ် ၇-ပါး
၂။ အဟိတ် ကုသလဝိပါက်စိတ် ၈-ပါး
၃။ အဟိတ်ကြိယာစိတ် ၃-ပါး

ဟိတ် = ဟေတု = အကြောင်းတရား (ဝါ) အရင်းအမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား
အကုသိုလ်ဟိတ် ၃-ပါး = လောဘ၊ ဒေါသ၊ မောဟ
ကုသိုလ်ဟိတ် ၃-ပါး = အလောဘ၊ အဒေါသ၊ အမောဟ

အကုသလ ဝိပါက်စိတ် ၇-ပါး
၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် (မြင်သိစိတ်) ၁
၂။ ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် (ကြားသိစိတ်) ၁
၃။ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် (နံသိစိတ်) ၁
၄။ ဥပေက္ခာသဟဂုတ် ဇိဝှာဝိညာဏ်စိတ် (စားသိစိတ်) ၁
၅။ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် (ထိသိစိတ်) ၁
၆။ ဥပေက္ခာသဟဂုတ် သမ္ပဋိစိ္ဆုန်းစိတ် (အာရုံလက်ခံစိတ်) ၁
၇။ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် (အာရုံစူးစမ်းစိတ်) ၁

ရှင်းလင်းချက်
အကုသလဝိပါက်စိတ်များသည် ရှေးအကုသိုလ်ကံတို့၏အကျိုး (ဝိပါက်=ဝိပါက=အကျိုး) ဖြစ်သောစိတ်များ ဖြစ်ကြ၏။ မကောင်းသော အာရုံများကို မြင်-ကြား-နံ-စား-ထိတွေ့သည့် အခါ အာရုံကို သိသောစိတ်များ ဖြစ်ကြ၏။

စိတ်တို့သည် တစ်စက္ကန့်အတွင်း၌ ကုဋေတစ်သိန်းကျော် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပျက်သွားကြရာ မြင်သိစိတ်၊ ကြားသိစိတ်တစ်လုံး ဖြစ်ပျက်သွားသောအချိန်သည် အလွန်တိုတောင်း၏။ ဤတိုတောင်းသည့် အချိန်အတွင်း၌ အာရုံကို ပြတ်ပြတ်သားသား မသိနိုင်သဖြင့် အာရုံကို ခံစားမူမရှိသေးချေ။ သို့အတွက် ကာယဝိညာဏ်စိတ်မှလွဲလျှင် အားလုံး ဥပေက္ခာသဟဂုတ်စိတ်များ ဖြစ်ကြ၏။

ကာယဝိညာဏ်စိတ်မှာ ကိုယ်ဆင်းရဲခြင်းနှင့်တကွ ဖြစ်သဖြင့် ဒုက္ခသဟဂုတ်စိတ်ဖြစ်၏။ စက္ခုဝိဉာဏ် စသည့်အာရုံသိစိတ် ချုပ်ငြိမ်းသွားသောအခါ ၎င်းစိတ်ယူခဲ့သည့် အာရုံကို ပဋ္ဌာန်းနည်းအရ နောက် နောက်သောစိတ်သို့ လက်ဆင့်ကမ်းပေး၏။ ထိုအာရုံကို သမ္ပဋိစိ္ဆုန်က ဆက်ခံယူပြီး သန္တီရဏစိတ်က စူးစမ်း၏။ ထို့နောက် အဟိတ်ကြိယာတွင် ပါသော မနောဒါွရာဝဇ္ဇန်းစိတ်က ထိုအာရုံကို ဆုံးဖြတ်ပေး၏။ ထိုအခါမှ အာရုံကို သိလာနိုင်သည်။

အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး
၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁
၂။ ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် ၁
၃။ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် ၁
၄။ ဥပေက္ခာသဟဂုတ် ဇိဝှာဝိညာဏ်စိတ် ၁
၅။ သုခသဟဂုတ် ကာယဝိညာဏ်စိတ် ၁
၆။ ဥပေက္ခာသဟဂုတ် သမ္ပဋိစိ္ဆုန်စိတ် ၁
၇။ ဥပေက္ခာသဟဂုတ် သနီ္တရဏစိတ် ၁
၈။ သောမနဿသဟဂုတ် သန္တီရဏစိတ် ၁

ရှင်းလင်းချက်
ကုသလဝိပါက်စိတ်များသည် ရှေးကုသိုလ်ကံတို့၏ အကျိုးတရားဖြစ်သော စိတ်များတည်း။ ကောင်းသောအာရုံကို မြင်-ကြား-နံ-စား-ထိတွေ့ရန်နှင့် ထိုအာရုံတို့ကို လက်ခံစူးစမ်းရန်တို့အတွက် အလုပ်လုပ်ပေးကြ၏။ ကုသလဝိပါက် ကာယဝိညာဏ်စိတ်သည် သုခသဟဂုတ်(ကိုယ်ချမ်းသာခြင်းနှင့်တကွ) ဖြစ်သည်ကို သတိပြုပါ။

ကုသလဝိပါက်စိတ်များသည် အဟိတ်နှင့် သဟိတ်ဟူ၍ ၂-မျိုးရှိကြ၏။ အဟိတ်ကုသလဝိပါက်စိတ်များကို ဤနေရာ၌ ဖော်ပြထား၏။

ဟိတ်ရှိသည့် သဟိတ်ကုသလဝိပါက်စိတ်များကို မဟာဝိပါက်စိတ်များအဖြစ် ကာမသောဘဏစိတ်များကဏ္ဍ၌ ဖော်ပြပါလိမ့်မည်။

အကုသလဝိပါက် စက္ခုဝိညာဏ်နှင့် ကုသလဝိပါက် စက္ခုဝိညာဏ် တစ်စုံရှိသည်ကို စက္ခုဝိညာဏ်ဒွေဟု ခေါ်၏။ အလားတူပင် သောတဝိညာဏ်ဒွေ၊ ဃာနဝိညာဏ်ဒွေ၊ ဇိဝှာဝိညာဏ်ဒွေ၊ ကာယဝိညာဏ်ဒွေ ဟူ၍ စုစုပေါင်း ဒွေပဉ္စဝိညာဏ် ၁၀-ပါးရှိ၏။

အဟိတ်ကြိယာစိတ် ၃-ပါး
၁။ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁
၂။ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် ၁
၃။ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် ၁

ရှင်းလင်းချက်
ပဉ္စဒွါရာဝဇ္ဇန်းစိတ် = ပဉ္စ + ဒွါရ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တည်းဟူသော တံခါး ၅-ပေါက်၌ ထင်လာသည့်အာရုံများကို ဆင်ခြင်နှလုံးသွင်းတတ်သောစိတ်။
မနောဒွါရာဝဇ္ဇန်းစိတ် = မနောဒွါရ + အဝဇ္ဇန်းစိတ် = စိတ်တံခါးပေါက်၌ ထင်လာသည့် အာရုံကို ဆင်ခြင်နှလုံးသွင်းတတ်သောစိတ်။
ဟသိတုပ္ပါဒ်စိတ် = မြတ်စွာဘုရားနှင့် ရဟန္တာတို့ ပြုံးရယ်သောစိတ်။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် မနောဒွါရာဝဇ္ဇန်းစိတ်တို့သည် ဝီထိစိတ်ခေါ် အသိစိတ်ဖြစ်ပေါ်ရန် မိမိတို့၏ ဆိုင်ရာကိစ္စများကို ဝတ္တရားအရ လုပ်ဆောင်ကြရသောကြောင့် `ဥပေက္ခာသဟဂုတ်´ စိတ်များဖြစ်ကြရ၏။ ဟသိတုပ္ပါဒ်စိတ်မှာ ဝမ်းမြောက်ရွှင်လန်းမူဖြင့် ပြုံးရယ်ရသောကြောင့် `သောမနဿသဟဂုတ်´စိတ် ဖြစ်၏။

ကာမသောဘဏစိတ် ၂၄-ပါး
(ကာမဘုံ၌ အများအားဖြင့် ဖြစ်တတ်သော တင့်တယ်သည့်စိတ်များ)
၁။ မဟာကုသိုလ်စိတ် ၈-ပါး (ရဟန္တာမဟုတ်သော ပုဂ္ဂိုလ်တို့ ကုသိုလ်ပြုသည့်စိတ်များ)
၂။ မဟာဝိပါက်စိတ် ၈-ပါး (ရှေးကုသိုလ်ကံ၏ အကျိုးဖြစ်သောစိတ်)
၃။ မဟာကြိယာစိတ် ၈-ပါး (ရဟန္တာပုဂ္ဂိုလ်တို့ ကုသိုလ်ပြုသည့်စိတ်များ)

ဤစိတ်တို့ကို ကာမကုသိုလ်စိတ်၊ ကာမဝိပါက်စိတ်၊ ကာမကြိယာစိတ်ဟူ၍လည်း ခေါ်ကြသည်။

သေက္ခပုဂ္ဂိုလ်ဆိုသည်မှာ မဂ်ဖိုလ်ရရန် ကြိုးစားနေကြသည့် ပုထုဇဉ်များ၊ အထက်မဂ်ဖိုလ်ရရန် ဆက်လက် အားထုတ်နေကြသည့် သောတာပန်၊ သကဒါဂါမ်နှင့် အနာဂါမ်ပုဂ္ဂိုလ်များ ဖြစ်ကြ၏။

မဟာကုသိုလ်စိတ် ၈-ပါး
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် ၁
၂။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ် ၁
၃။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ် ၁
၄။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ် ၁
၅။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် ၁
၆။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ် ၁
၇။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ် ၁
၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ် ၁

ရှင်းလင်းချက်
ဉာဏသမ္ပယုတ် = ကံ-ကံ၏အကျိုးကို သိသော ဉာဏ်နှင့်ယှဉ်လျက်
ဉာဏဝိပ္ပယုတ် = ကံ-ကံ၏အကျိုးကိုသိသော ဉာဏ်နှင့်မယှဉ်ဘဲ

ဒါန၊ သီလ၊ ဘာဝနာတည်းဟူသော ကုသိုလ်ကောင်းမူ တစ်ခုခုကို ပြုတိုင်း မဟာကုသိုလ်စိတ်ဖြစ်၏။ ဝမ်းမြောက် ရွှန်လန်းစွာ ကုသိုလ်ပြုလျှင် သောမနဿသဟဂုတ်စိတ် ဖြစ်၏။ ဝမ်းမြောက်ဝမ်းနည်း မဖြစ်ဘဲ အလယ်အလတ် သဘောဖြင့်ပြုလျှင် ဥပေက္ခာသဟဂုတ်စိတ် ဖြစ်၏။ ကုသိုလ်ပြုရာတွင် ဉာဏ်ယှဉ်ပါက ဉာဏသမ္ပယုတ်စိတ် ဖြစ်ပြီး ဉာဏ်မယှဉ်လျှင် ဉာဏဝိပ္ပယုတ်စိတ် ဖြစ်၏။

တိုက်တွန်းမူမပါဘဲ မိမိအလိုအလျောက် ကုသိုလ်ပြုလျှင် အသင်္ခါရကစိတ် ဖြစ်၏။ မိမိကိုယ် မိမိ တိုက်တွန်းနိူးဆော်၍ ဖြစ်စေ၊ သူတစ်ပါး တိုက်တွန်းမူကြောင့်ဖြစ်စေ ကုသိုလ်ပြုလျှင် သသင်္ခါရိကကုသိုလ်စိတ် ဖြစ်၏။ အသင်္ခါရိက ကုသိုလ်ကံသည် သသင်္ခါရကကုသိုလ်ကံထက် ပို၍ အကျိုးပေးထက်သန်၏။

မဟာဝိပါက်စိတ် ၈-ပါး
ဤစိတ်တို့၏ အမည်များသည် မဟာကုသိုလ်စိတ် ၈-ပါးတို့၏ အမည်များအတိုင်းပင် ဖြစ်ကြ၏။ ခွဲခြားရန် လိုအပ်သောအခါ---

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်။

သောနမဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ် စသည်ဖြင့် ခွဲခြားနိုင်၏။

မဟာဝိပါက်စိတ်တို့သည် ရှေးဘဝများက ကုသိုလ်ကောင်းမူကြောင့် လက်ရှိဘဝတွင် အကျိုးခံစားရသည့်စိတ်များ ဖြစ်ကြ၏။ လူနှင့် နတ်တို့သည် မဟာဝိပါက်စိတ် တစ်ပါးပါးဖြင့် ပဋိသန္ဓေနေကြရ၏။ ထိုမဟာဝိပါက်စိတ်ကပင်လျှင် တစ်သက်လုံး `ဘဝင်စိတ်´(ဘဝဆက်ပေးသောစိတ်)အဖြစ် ဆက်ကာဆက်ကာ ဖြစ်ပေါ်ရ၏။ နောက်ဆုံး သေသည့်အခါ၌လည်း ထိုမဟာဝိပါက်စိတ်ကပင် `စုတိစိတ်´အဖြစ် ဆောင်ရွက်၏။

မဟာဝိပါက်စိတ်တို့သည် ဝီထိစိတ် အစဉ်များ၌လည်း တဒါရုံ ကိစ္စတွင် ပါဝင်အမူထမ်းကြ၏။

ဉာဏသမ္ပယုတ် မဟာဝိပါက်စိတ် တစ်ပါးပါးဖြင့် ပဋိသန္ဓေနေခဲ့သောသူ၏ ဘဝင်စိတ်အစဉ်၌ အလောဘ၊ အဒေါသ၊ အမောဟ(ဉာဏ်ပညာ)ဟူသည့် ဟိတ် ၃-ပါးယှဉ်၏။ ထို့ကြောင့် ထိုပုဂ္ဂိုလ်ကို တိဟိတ် ပုဂ္ဂိုလ်ဟုခေါ်၏။ ဉာဏဝိပ္ပယုတ် မဟာဝိပါက်စိတ် ၁-ပါးပါးဖြင့် ပဋိသန္ဓေနေခဲ့သောသူ၏ ဘဝင်စိတ်အစဉ်၌မူ အလောဘနှင့် အဒေါသ ဟူသည့် ဟိတ် ၂-ပါးသာယှဉ်၏။ ထို့ကြောင့် ထိုပုဂ္ဂိုလ်ကို ဒွိဟိတ် ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၏။

မဟာကြိယာစိတ် ၈-ပါး
ဤစိတ်တို့သည်လည်း မဟာကုသိုလ်စိတ်များ အတိုင်းပင် အမည်ရကြ၏။ ရဟန္တာများက ကုသိုလ်ပြုကြသည့်အခါ မဟာကြိယာစိတ်များဖြင့် ပြုကြ၏။ ရဟန္တာအရှင်မြတ်တို့သည် ဘဝတစ်ဖန် ထပ်မံနေစရာ မလိုတော့သဖြင့် ကုသိုလ်၏အကျိုးကို ခံစားစရာ မရှိတော့ချေ။ ထို့ကြောင့် ထိုအရှင်မြတ်တို့၏ ကောင်းမူပြုခြင်းသည် ပြုကာမတ္တမျှဖြစ်၏။ ပြုထိုက်၍ ပြုခြင်းမျှသာ ဖြစ်၏။
၂။ ရူပဘုံ (ရူပဗြဟ္မာ ၁၆ - ဘုံ)

ရူပါဝစရစိတ် ၁၅-ပါး
၁။ ရူပါဝစရ ကုသိုလ်စိတ် ၅-ပါး (ရူပဈာန်ရ ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်တို့၏ ရူပဈာန်ကုသိုလ်စိတ်များ)
၂။ ရူပါဝစရ ဝိပါက်စိတ် ၅-ပါး (ရူပဈာန်ကုသိုလ်၏ အကျိုးစိတ်များ)
၃။ ရူပါဝစရ ကြိယာစိတ် ၅-ပါး (ရူပဈာန်ရ ရဟန္တာတို့၏ ရူပဈာန်စိတ်များ)

ဤစိတ်တို့သည် ရူပဗြဟ္မာဘုံတို့၌ အများအားဖြင့် ဖြစ်ကြသော်လည်း ရူပကုသိုလ်စိတ်နှင့် ရူပကြိယာစိတ်တို့သည် လူ့ဘုံ၌လည်း ဖြစ်နိုင်ကြ၏။ ဈာန်ရသည်အထိ သမထဘာဝနာ ပွားများကြသော သူတို့၌ ဖြစ်နိုင်ကြ၏။ ရူပကုသိုလ်စိတ်တို့သည် ဈာန်ရသည့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်နှင့် အနာဂါမ်တို့၌ ဖြစ်ကြ၏။ ရူပကြိယာစိတ်တို့သည် ဈာန်ရသည့် ရဟန္တာအရှင်မြတ်တို့၌ ဖြစ်ကြ၏။ ရူပါဝစရ ဝါပါက်စိတ်တို့သည် ရူပဗြဟ္မာတို့၏ ပဋိသန္ဓေစိတ်များ ဖြစ်ကြ၏။

ဈာန်ဟူသည်မှာ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ(ဥပေက္ခာ)၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါတို့၏ အပေါင်းအစုဖြစ်၏။

ဝိတက် = ယှဉ်ဖက် စိတ်စေတသိက်တို့ကို အာရုံသို့ တင်ပေးခြင်းသဘော၊
ဝိစာရ = အာရုံကို သုံးသပ်ခြင်းသဘော
ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော
သုခ = ချမ်းသာသည့် ခံစားခြင်းသဘော
(ဥပေက္ခာ) = ချမ်းသာ ဆင်းရဲမဖြစ်ဘဲ အလယ်အလတ် ခံစားခြင်းသဘော
ဧကဂ္ဂတာ = တစ်ခုတည်းသော အာရုံ၌ စိုက်ဝင်တည်တံ့ခြင်းသဘော

ဤဈာန်အင်္ဂါစေတသိက်တို့သည် စိတ်နှင့်စေတသိက် အပေါင်းအစုက ဘာဝနာအာရုံ၌ စူးစိုက်၍ တည်နေကြရန် ဆောင်ရွက်ပေးကြ၏။

ပထမဈာန်တွင် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅-ပါး ပါဝင်ကြ၏။ အလေ့အကျင့်များလာသည့်အခါ ဝိတက်မပါဘဲ ဈာန်သို့တက်နိုင်၏။ ထိုဈာန်ကို ဒုတိယဈာန်ဟုခေါ်သည်။ တတိယဈာန်တွင် ဝိစာရကိုပါ ထပ်ပယ်သဖြင့် ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါးသာ ကျန်၏။ စတုတ္ထဈာန်တွင် ပီတိကိုပါ ထပ်ပယ်သဖြင့် သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးသာ ကျန်၏။ ပဉ္စမဈာန်တွင် သုခထက် ပိုမို သိမ်မွေ့သော ဥပေက္ခာနှင့် ဧကဂ္ဂတာဟူ၍ ဈာန်အင်္ဂါ ၂-ပါးသာ ပါဝင်၏။

ရူပါဝစရကုသိုလ်စိတ် ၅-ပါး
၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော ပထမဈာန် ကုသိုလ်စိတ် ၁၊
၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဒုတိယဈာန် ကုသိုလ်စိတ် ၁၊
၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါးနှင့် ပြည့်စုံသော တတိယဈာန် ကုသိုလ်စိတ် ၁၊
၄။ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော စတုတ္ထဈာန် ကုသိုလ်စိတ် ၁၊
၅။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန် ကုသိုလ်စိတ် ၁၊

ရူပါဝရစဝိပါက်စိတ် ၅-ပါးနှင့် ရူပါဝစရကြိယာစိတ် ၅-ပါးတို့ကို အထက်ပါအမည်များ အတိုင်းပင် ခေါ်ဆို၏။ `ကုသိုလ်စိတ်´နေရာ၌ `ဝိပါက်စိတ်´သို့မဟုတ် `ကြိယာစိတ်´ဟု ပြောင်းလဲပေးရန်သာ လိုအပ်၏။

ဤလူ့ဘဝ၌ ပထမဈာန်ရအောင် အားထုတ်သောသူသည် ထိုဈာန်မပျက်ဘဲကွယ်လွန်လျှင် ပထမဈာန်ဝိပါက်စိတ်ဖြင့် ပထမဈာန်ရူပဘုံ၌ ဥပပတ်ပဋိသန္ဓေဖြစ်ရ၏။ အခြားဈာန်ကုသိုလ်စိတ်တို့ကလည်း အလားတူ အကျိုးပေးကြပါသည်။

၃။ အရူပဘုံ (အရူပဗြဟ္မာ ၄-ဘုံ)

အရူပါဝစရစိတ် ၁၂-ပါး
၁။ အရူပါဝစရကုသိုလ်စိတ် ၄-ပါး (အရူပဈာန်ရ ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်တို့၏ အရူပဈာန် ကုသိုလ်စိတ်များ)
၂။ အရူပါဝစရဝိပါက်စိတ် ၄-ပါး (အရူပဈာန် ကုသိုလ်၏ အကျိုးစိတ်များ)
၃။ အရူပါဝစရကြိယာစိတ် ၄-ပါး (အရူပဈာန်ရ ရဟန္တာတို့၏ အရူပဈာန်စိတ်များ)


အရူပါဝစရကုသိုလ်စိတ် ၄-ပါး
၁။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော အာကာသာနဉ္စာယတန ကုသိုလ်စိတ် ၁၊
၂။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ဝိညာဏဉ္စာယတန ကုသိုလ်စိတ် ၁၊
၃။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော အာကိဉ္စညာယတန ကုသိုလ်စိတ် ၁၊
၄။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော နေဝသညာနသညာယတန ကုသိုလ်စိတ် ၁၊

အရူပါဝစရဝိပါက်စိတ် ၄-ပါးနှင့် အရူပါဝစရကြိယာစိတ် ၄-ပါးတို့ကို အထက်ပါ အမည်များအတိုင်းပင် ခေါ်ဆိုပါသည်။ `ကုသိုလ်စိတ်´ နေရာ၌ `ဝိပါက်စိတ်´ သို့မဟုတ် `ကြိယာစိတ်´ဟု ပြောင်းလဲရန်သာလိုပါသည်။

အရူပဈာန်စိတ်များ ဖြစ်ပေါ်လာပုံ
ရူပါဝစရပဉ္စမဈာန်ကို ကောင်းစွာ လေ့ကျင့်ထားပြီးသောသူသည် ရုပ်ခန္ဓာ၏ အပြစ်ကိုမြင်၍ ရုပ်နှင့် မဆက်ဆံသော အရူပဈာန်ကို အလိုရှိသော် ကသိုဏ်းနိမိတ်ကို လျစ်လျူရူလျက် အာကာသဟူ၍ ကောင်းကင်ပညတ်ကို အာရုံပြုကာ ဘာဝနာပွားများရ၏။ ဈာန်ဇောကျသည့်အခါ အာကာသကို အာရုံပြုသော အာကာသာနဉ္စာယတနကုသိုလ်စိတ် ဖြစ်၏။

ထို့နောက်တစ်ဖန် အာကာသာနဉ္စာယတနစိတ်(ဝိညာဏ်)ကို အာရုံပြု၍ ဘာဝနာဆက်ပွားလျှင် ဈာန်ဇောကျသည့်အခါ ဝိညာဏဉ္စာယတနကုသိုလ်စိတ် ဖြစ်၏။

ထို့နောက်တစ်ဖန် ထိုအာကာသာနဉ္စာယတနစိတ်၏ စိုးစဉ်မျှ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြုလျက် ဘာဝနာ ဆက်ပွားလျှင် ဈာန်ရောက်သည့်အခါ အာကိဉ္စညာယတနကုသိုလ်စိတ် ဖြစ်၏။

ဤတတိယ ရုပ္ပဝိညာဏ်ကို အာရုံပြု၍ နောက်တစ်ဆင့်မြင့်သော ဈာန်သို့ရောက်အောင် ဘာဝနာဆက်ပွားသော် နေဝသညာနာသညာယတနကုသိုလ်စိတ် ဖြစ်၏။ ဤစိတ်သည် `သညာရှိသည်လည်းမဟုတ်၊ သညာမရှိသည်လည်းမဟုတ်´ဟု ဆိုရလောက်အောင် အလွန်သိမ်မွေ့သော စိတ်ဖြစ်၏။

ရဟန္တာအရှင်မြတ်တို့က အထက်ပါနည်းအတိုင်း ရူပါဝစရပဉ္စဈာန် ကြိယာစိတ်ကို အခြေခံပြီးနောက် ဆက်လက်အားထုတ်သွားကြလျှင် အရူပါဝစရ ကြိယာစိတ်များကို ရရှိကြ၏။

အရူပါဝစရစိတ် ၁၂-ပါးလုံးပင် ပဉ္စမဈာန်စိတ်များ ဖြစ်ကြ၏။


၄။ လောကုတ္တရာဘုံ (လောကုတ္တရာ အဝတ္ထာဘုံ)

လောကုတ္တရာစိတ် ၈(၄၀)

လောကုတ္တရာစိတ်အကျဉ်း ၈-ပါး
တိဟိတ်ပုဂ္ဂိုလ်တစ်ဦးသည် ဝိပဿနာတရား အားထုတ်သဖြင့် ရုပ်နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို ဉာဏ်မျက်စိဖြင့် ထင်ထင်ရှားရှား သိမြင်သောအခါ သောတာပတ္တိမဂ်စိတ် ၁-ကြိမ်ဖြစ်၏။ ထို့နောက် စိတ်အခြားမလပ်ဘဲ သောတာပတ္တိဖိုလ်စိတ် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သောတာပန်အဆင့်သို့ ရောက်လေပြီ။

ဝိပဿနာအလုပ်ကို ဆက်လက်အားထုတ်သဖြင့် ဣနြေ္ဒအဆင့်ဆင့် ရင့်ကျက်လာသောအခါ သကဒါဂါမိမဂ်စိတ်နှင့် ဖိုလ်စိတ်၊ အနာဂါမိမဂ်စိတ်နှင့် ဖိုလ်စိတ်၊ အရဟတ္တမဂ်စိတ်နှင့် ဖိုလ်စိတ်တို့သည် အစဉ်အတိုင်း ဖြစ်ပေါ်ကြ၏။

မဂ်စိတ်နှင့် ဖိုလ်စိတ်အားလုံးတို့သည် နိဗ္ဗာန်ကို အာရုံပြုကြ၏။ မဂ်စိတ်တို့သည် လောကုတ္တရာ ကုသိုလ်စိတ်များ ဖြစ်ကြပြီးလျှင် ဖိုလ်စိတ်တို့သည် လောကုတ္တရာ ဝိပါက်စိတ်များ ဖြစ်ကြ၏။

လောကုတ္တရာမဂ်စိတ် ၄-ပါး
၁။ သောတာပတ္တိမဂ်စိတ် ၁
၂။ သကဒါဂါမိမဂ်စိတ် ၁
၃။ အနာဂါမိမဂ်စိတ် ၁
၄။ အရဟတ္တမဂ်စိတ် ၁

လောကုတ္တရာ ဖိုလ်စိတ် ၄-ပါး
၁။ သောတာပတ္တိဖိုလ်စိတ် ၁
၂။ သကဒါဂါမိဖိုလ်စိတ် ၁
၃။ အနာဂါမိဖိုလ်စိတ် ၁
၄။ အရဟတ္တဖိုလ်စိတ် ၁

လောကုတ္တရာစိတ်အကျယ် ၄၀
တိဟိတ်ပုဂ္ဂိုလ်သည် သမထဘာဝနာဖြင့် ရူပါဝစရကုသိုလ်ဈာန်တို့ကို ဦးစွာရယူပြီးနောက် ဝိပဿနာဘက်သို့ ဦးလှည့်ကာ ရုပ်နာမ်အဖြစ်အပျက်ကို ရူမှတ်နိုင်၏။ ပထမဈာန်ကို ဝင်စားပြီးနောက် ထိုဈာန်မှထွက်ကာ ဝိပဿနာရူမှတ်သဖြင့် သောတာပတ္တိမဂ်ဆိုက်လျှင် ပထမဈာန်နှင့်ယှဉ်သည့် သောတာပတ္တိမဂ်စိတ် ဖြစ်၏။ ထိုမဂ်၏အကျိုးဖြစ်သော သောတာပတ္တိဖိုလ်စိတ်သည်လည်း ပထမဈာန်နှင့်ပင် ယှဉ်၏။

အလားတူပင် ဒုတိယဈာန်ကို အခြေခံပြုပြီး ဝိပဿနာတရားအားထုတ်သောသူသည် မဂ်ဖိုလ်ရသည့်အခါ ဒုတိယဈာန်နှင့်ယှဉ်သော မဂ်စိတ်၊ ဖိုလ်စိတ်တို့ကိုရ၏။ ဤနည်းအတိုင်း သောတာပတ္တိမဂ်စိတ်နှင့် သောတာပတ္တဖိုလ်စိတ်တို့သည် ရူပါဝစရကုသိုလ်ဈာန် ၅-ပါးနှင့် အသီးသီးယှဉ်နိုင်ကြသဖြင့် ၅-ပါးစီ ကွဲပြားသွားကြ၏။

လောကုတ္တရာစိတ်အကျဉ်း ၈-ပါးကို ရူပဈာန် ၅-ပါးဖြင့် မြှောက်ပွားလိုက်လျှင် လောကုတ္တရာ စိတ်အကျယ် ၄၀-ဖြစ်လာ၏။

မဂ်စိတ်အကျယ် ၂၀
၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော ပထမဈာန်နှင့် ယှဉ်သည့် သောတာပတ္တိမဂ်စိတ် ၁၊
၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဒုတိယဈာန်နှင့်ယှဉ်သည့် သောတာပတ္တိမဂ်စိတ် ၁၊
၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါးနှင့် ပြည့်စုံသော တတိယဈာန်နှင့် ယှဉ်သည့် သောတာပတ္တိမဂ်စိတ် ၁၊
၄။ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော စတုတ္ထဈာန်နှင့်ယှဉ်သည့် သောတာပတ္တိမဂ်စိတ် ၁၊
၅။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန်နှင့် ယှဉ်သည့် သောတာပတ္တိမဂ်စိတ် ၁။

အလားတူပင် သကဒါဂါမိမဂ်စိတ် ၅-ပါး၊ အနာဂါမိမဂ်စိတ် ၅-ပါးနှင့် အရဟတ္တမဂ်စိတ် ၅-ပါးတို့ရှိကြ၏။ ထို့ကြောင့် မဂ်စိတ် အကျယ် ၂၀ ရှိ၏။

ဖိုလ်စိတ်အကျယ် ၂၀
၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော ပထမဈာန်နှင့် ယှဉ်သည့် အရဟတ္တဖိုလ်စိတ်၁၊
၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဒုတိယဈာန်နှင့် ယှဉ်သည့် အရဟတ္တဖိုလ်စိတ် ၁၊
၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါးနှင့် ပြည့်စုံသော တတိယဈာန်နှင့် ယှဉ်သည့် အရဟတ္တဖိုလ်စိတ် ၁၊
၄။ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါးနှင့် ပြည့်စုံသော စတုတ္ထဈာန်နှင့် ယှဉ်သည့် အရဟတ္တဖိုလ်စိတ်၊
၅။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန်နှင့် ယှဉ်သည့် အရဟတ္တဖိုလ်စိတ် ၁။

အလားတူပင် သောတာပတ္တိဖိုလ်စိတ် ၅-ပါး၊ သကဒါဂါမိဖိုလ်စိတ် ၅-ပါးနှင့် အနာဂါမိမဂ်ဖိုလ်စိတ် ၅-ပါးတို့ရှိကြ၏။ ထို့ကြောင့် ဖိုစိတ် အကျယ် ၂၀ ရှိ၏။

စိတ်များကို သရုပ်ခွဲခြင်း

မူလပဋ္ဌာန်းဆရာတော် ဦးနာရဒ စီစဉ်ထားခဲ့သော `စိတ်ပိုင်း ဇယားချုပ်´သည် စိတ်များကို မှတ်သားရာနှင့် သရုပ်ခွဲရာတို့တွင် အလွန် အထောက်အကူ ဖြစ်ပါသည်။

၁။ ကာမစိတ် ၅၄ = အကုသိုလ်စိတ် ၁၂ + အဟိတ်စိတ် ၁၈ + ကာမသောဘဏစိတ် ၂၄
၂။ မဟဂ္ဂုတ်စိတ် ၂၇ = ရူပါဝစရစိတ် ၁၅+ အရူပါဝစရစိတ် ၁၂ `မြတ်သောအဖြစ်သို့ ရောက်သောစိတ်´ကို မဟဂ္ဂုတ်စိတ်ဟု ခေါ်၏။ ကာမစိတ်ထက်ပိုမြတ်၏။


၃။ လောကီစိတ် ၈၁ = ကာမစိတ် ၅၄ + မဟဂ္ဂုတ်စိတ် ၂၇ ဘုံ ၃၁-ပါး၌ ကျင်လည်ကြကုန်သော သတ္တဝါတို့၏ လောကဆိုင်ရာ စိတ်များတည်း။
၄။ စိတ်အကျဉ်း ၈၉ = လောကီစိတ် ၈၁ + လောကုတ္တရာစိတ် အကျဉ်း ၈
၅။ စိတ်အကျယ် ၁၂၁ = လောကီစိတ် ၈၁ + လောကုတ္တရာစိတ် အကျယ် ၄၀
၆။ အသောဘဏစိတ် ၃၀ = အကုသိုလ်စိတ်၁၂ + အဟိတ်စိတ်၁၈ အကုသိုလ်စိတ်တို့သည် အပြစ်ရှိ၍ မတင့်တယ်ကြပါ။ အဟိတ်စိတ်တို့သည် ကောင်းသော ဟိတ်များ မယှဉ်ကြသည့်အတွက် မတင့်တယ်ကြပါ။
၇။ သေဘဏစိတ် ၅၉ = စိတ်အကျဉ်း ၈၉ - အသောဘဏစိတ် ၃၀
သောဘဏစိတ် ၉၁ = စိတ်အကျယ် ၁၂၁ - အသောဘဏစိတ် ၃၀
တင့်တယ်သော စိတ်တို့မှာ (ကာမသောဘဏ၂၄ + မဟဂ္ဂုတ်၂၇ + လောကုတ္တရာ စိတ်အကျဉ်း ၈ (ဝါ) အကျယ် ၄၀)တို့ ဖြစ်ကြ၏။

၈။ ဈာန်စိတ် ၆၇ = မဟဂ္ဂုတ်စိတ်၂၇ + လောကုတ္တရာစိတ် အကျယ် ၄၀။
ဤစိတ်တို့တွင် ပထမဈာန်စိတ် ၁၁၊ ဒုတိယဈာန်စိတ် ၁၁၊ တတိယဈာန်စိတ် ၁၁၊ စတုတ္ထဈာန်စိတ် ၁၁နှင့် ပဉ္စမဈာန်စိတ် ၂၃-ပါးတို့ ပါဝင်ကြ၏။

၉။ ဇာတိဘေဒအရခွဲခြင်း
စိတ်တို့တွင် အကုသိုလ်၊ ကုသိုလ်၊ ဝိပါက်၊ ကြိယာဟူ၍ အမျိုးဇာတ် ၄-ခုရှိ၏။
လောကီစိတ် ၈၁-ပါးတွင် အကုသိုလ်စိတ် ၁၂၊ ကုသိုလ်စိတ် ၁၇၊ ဝိပါက်စိတ် ၃၂နှင့် ကြိယာစိတ် ၂၀ ပါဝင်ကြ၏။
စိတ်အကျဉ်း ၈၉-ပါး၌ အကုသိုလ်စိတ် ၁၂၊ ကုသိုလ်စိတ် ၂၁၊ ဝိပါက်စိတ် ၃၆နှင့် ကြိယာစိတ် ၂၀ ပါဝင်ကြ၏။
စိတ်အကျယ် ၁၂၁-ပါးတွင် အကုသိုလ်စိတ် ၁၂၊ ကုသိုလ်စိတ် ၃၇၊ ဝိပါက်စိတ် ၅၂နှင့် ကြိယာစိတ် ၂၀ ပါဝင်ကြ၏။

ဝေဒနာဘေဒအရခွဲခြင်း ဆောင်ပုဒ်
ကာမစိတ် ၅၄၌ `ဥ-သုံးဆယ့်နှစ်၊ သော-ဆယ့်ရှစ်၊ ဒေါ-နှစ်၊ ဒု-သု-တစ်´
လောကီစိတ် ၈၁၌ `ဥ-ဇောသတ္တ၊ သော-တိ သ၊ ဒေါ-ဒွ၊ ဒု-သု-ဧက်´
(ဥပေက္ခာ=၄၇၊ သောမနဿ=၃၀၊ ဒေါမနဿ=၂၊ ဒုက္ခ=သုခ=၁)
စိတ်အကျယ်၁၂၁၌ `ဥ-ပေဉ္စးစေး၊ သော-ဆဒွေး၊ ဒေါ-ဒွေး၊ ဒု-သု-ဧက်´
(ဥပေက္ခာ=၅၅၊ သောနမဿ=၆၂၊ ဒေါမနဿ=၂၊ ဒုက္ခ=သုခ=၁။)

No comments:

Post a Comment