Search This Blog

Sunday, May 3, 2020

အခန်း(၆) ရုပ်ပိုင်း

 အခန်း(၆) ရုပ်ပိုင်း

ရူပသမုဒ္ဒေသ

ရုပ်တို့ကို အကျဉ်ပြခြင်းကို ရူပသမုဒ္ဒေသဟု ခေါ်၏။

ရုပ်သည် အအေး အပူစသော ဆန့်ကျင်ဘက် အကြောင်းများကြောင့် ဖောက်ပြန်တတ်သော သဘောတရားဖြစ်၏။ ဖောက်ပြန်တတ်သော သဘောအားဖြင့် ရုပ်သည် တစ်မျိုးတည်း ဖြစ်သော်လည်း ခက်မာခြင်း၊ ယိုစီးခြင်း၊ ပူခြင်းစသည့် သီးခြားဂုဏ်သတ္တိများကြောင့် ရုပ်ကို ၂၈-မျိုးအထိ ထပ်မံ ခွဲခြား၏။

ရုပ် ၂-မျိုးခွဲခြားပုံ
ရုပ်ကိုအကျဉ်းအားဖြင့် ဘူတရုပ်၊ ဥပါဒါရုပ်ဟူ၍ ၂-မျိုးခွဲခြားနိုင်၏။ နိပ္ဖန္နရုပ်၊ အနိပ္ဖန္နရုပ်ဟူ၍လည်း ၂-မျိုးခွဲခြားနိုင်၏။

၁။ ဘူတရုပ် ၄-ပါး
ဥပါဒါရုပ်ထက်ကြီးကျယ်ထင်ရှားသော ရုပ်များကို ဘူတရုပ်များဟု ခေါ်၏။ များစွာစုဖွဲ့မိလျှင်
အကြီးအကျယ် ဖြစ်တတ်သောကြောင့် `မဟာဘူတ´(မဟာဘုတ်)ဟုလည်း အမည်ရ၏။ ဘူတရုပ် ၄-ပါးရှိ၏။

၁။ ပထဝီ = ခက်မာခြင်း၊ နူးညံ့ခြင်း၊ အစိုင်အခဲသဘော။ အတူဖြစ်ဖက် ရုပ်ကလာပ်များ၏ တည်ရာမှီရာ ဖြစ်၏။
၂။ အာပေါ = ဖွဲစည်းခြင်း(စိုစွပ်စေးကပ်ခြင်း)၊ ယိုစီးခြင်းသဘော။ အတူဖြစ်ဖက် ရုပ်ကလာပ်များကို ပေါင်းဖွဲ့ပျံ့နှံ့စေ၏။
၃။ တေဇော = ပူခြင်း၊ အေးခြင်းသဘော။ အတူဖြစ်ဖက်ရုပ်ကလာပ်များကို ရင့်ကျက်စေတတ်၊ ထက်စေတတ်၊ ပူစေတတ်၊ နူးညံ့စေတတ်၏။
၄။ ဝါယော = ထောက်ကန်ခြင်း၊ တွန်းကန်ခြင်း(လူပ်ရှားခြင်း) သဘော။ အတူဖြစ်ဖက် ရုပ်ကလာပ်အစုတို့ကို ရွေ့ရှားစေတတ်၊ တိုက်လွှင့်တတ်၏။

၂။ ဥပါဒါရုပ် ၂၄-ပါး
ဘုတရုပ်တို့ကို မှီတွယ်၍ ဖြစ်ကြသောရုပ် ၂၄-ပါးကို ဥပါဒါရုပ်များဟု ခေါ်၏။ ဤရုပ်တို့တွင် ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ ဘာဝရုပ် ၂-ပါး၊ ဟာဒယဝတ္ထု ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပရိစ္ဆေဒရုပ် ၁-ပါး၊ ဝိညတ်ရုပ် ၂-ပါး၊ ဝိကာရရုပ် ၃-ပါးနှင့် လက္ခဏရုပ် ၄-ပါးတို့ ပါဝင်ကြ၏။

(က) ပသာဒရုပ် ၅-ပါး
ဘူတရုပ် ၄-ပါးကို ကြည်လင်စေတတ်သော အကြည်ဓာတ် ၅-ပါးကို ပသာဒရုပ်များဟု ခေါ်၏။
၁။ စက္ခုပသာဒ = မျက်စိအကြည်ဓာတ်။ မျက်နက်ဝန်းအလယ်ပုံရိပ်ထင်ရာ မျက်လွှာ ၇-ထပ်တို့၌ ပျံ့နှံ့၍ တည်၏။
၂။ သောတပသာဒ = နားအကြည်ဓာတ်။ နားပေါက်အတွင်း၌ လက်စွပ် သဏ္ဌာန်ရှိသော အရပ်၌ ပျံ့နှံ့၍ တည်၏။
၃။ ဃာနပသာဒ = နှာအကြည်ဓာတ်။ နှာခေါင်းပေါက်အတွင်း ဆိတ်ခြေသဏ္ဌာန်ရှိသော အရပ်၌ ပျံ့နှံ့၍ တည်၏။
၄။ ဇိဝှာပသာဒ = လျှာအကြည်ဓာတ်။ လျှာ၏ အလယ်အထက်ပြင်တွင် ကြာရွက်ဖျား သဏ္ဌာန်ရှိသော အရပ်၌ ပျံ့နှံ့၍ တည်၏။
၅။ ကာယပသာဒ = ကိုယ်အကြည်ဓာတ်။ ဆံဖျား၊ အမွေးဖျား၊ ခြေသည်းဖျား၊ လက်သည်းဖျား၊ ခြောက်မာသော အရေတို့ကို ချန်လှပ်၍ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏။

(ခ) ဂေါစရရုပ် ၇-ပါး
ပဉ္စဝိညာဏ်၏ ကျက်စားရာ အာရုံများ ဖြစ်ကြ၏။
၁။ ရူပါရုံ = အဆင်း (ဝဏ္ဏ)
၂။ သဒ္ဒါရုံ = အသံ (သဒ္ဒါ)
၃။ ဂန္ဓာရုံ = အနံ့ (ဂန္ဓ)
၄။ ရသာရုံ = အရသာ (ရသ)
၅။ ဖောဋ္ဌဗ္ဗာရုံ = အထိအတွေ့ (ဖောဋ္ဌဗ္ဗ)၊ တရားကိုယ်မှာ ထိတွေ့ကောင်းသော ပထဝီ၊ တေဇော၊ ဝါယောတို့ ဖြစ်ကြ၏။

မှတ်ချက်။ ။ ဖောဋ္ဌဗ္ဗကို ပထဝီ၊ တေဇော၊ ဝါယောဟု ရုပ် ၃-ပါးယူသောကြောင့် ဂေါစရရုပ် ၇-ပါး ဖြစ်သည်။

(ဂ) ဘာဝရုပ် ၂-ပါး
အဖို အမ ဖြစ်ဖို့ရန် အကြောင်းခံဖြစ်သော ရုပ်များတည်း။
၁။ ဣတ္ထိဘာဝရုပ် = အမသတ္တဝါဖြစ်ဖို့ရန် အကြောင်းခံဖြစ်သော ရုပ်၊ အမသတ္တဝါ၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏။
၂။ ပုမ္ဘာဝရုပ် = အထီးသတ္တဝါဖြစ်ဖို့ရန် အကြောင်းခံဖြစ်သော ရုပ်၊ အထီးသတ္တဝါ၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏။ ပုရိသဘာဝရုပ်ဟုလည်း ခေါ်၏။

(ဃ) ဟဒယဝတ္ထုရုပ်
နှလုံးသားတွင် ပုန်းညက်စေ့လောက်ပမာဏရှိသည့် တွင်းငယ်၌တည်သော တစ်လက်ဆွမ်းမျှလောက် သွေးကိုမှီ၍ ဖြစ်သော စိတ် စေတသိက်တို့၏ မှီရာဝတ္ထုရုပ်ကလေးများ။

(င) ဇီဝိတရုပ်
ကံကြောင့်ဖြစ်သော ကမ္မဇရုပ်တို့၏ အသက်။ ကမ္မဇရုပ်တို့၏ အသက်ရှည်ရန် အစောင့်အရှောက် အကြောင်းထူးသဘော။

(စ) အာဟာရရုပ်
အစားအစာ၌ပါသော အဆီအနှစ် အစေးသြဇာ။

(ဆ) ပရိစ္ဆေဒရုပ်
ရုပ်ကလာပ်ချင်း မရောယှက်ရန် ပိုင်းခြားပေးသော ရုပ်။ ကလာပ်မူန်တို့၏ ပတ်လည်ဝန်းကျင်ရှိ ဟင်းလင်းလဟာနယ် (ဝါ) အာကာသဓာတ်။

(ဇ) ဝိညတ်ရုပ် ၂-ပါး
မိမိ၏အလိုဆန္ဒကို သူတစ်ပါးတို့အား သိစေနိုင်သော အမူအရာ အထူးပင်တည်း။
၁။ ကာယဝိညတ် = မိမိ၏အလိုဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော ခြေလက် ဦးခေါင်းစသည့် ကိုယ်အမူအရာ အထူး။
၂။ ဝစီဝိညတ် = မိမိ၏အလိုဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော စကားသံ စသည့် နူတ်အမူအရာ အထူး။

(ဈ) ဝိကာရရုပ် ၃-ပါး
ထူးခြားသော အမူအရာများပင်တည်း။
၁။ လဟုတာရုပ် = နိပ္ဖန္နရုပ်တို့၏ မလေးလံဘဲ သွက်လက်ပေါ့ပါးခြင်း အမူအရာ အထူး။
၂။ မုဒုတာရုပ် = နိပ္ဖန္နရုပ်တို့၏ မကြမ်းတမ်းဘဲ နူးညံ့နုနယ်ခြင်း သဘော။
၃။ ကမ္မညတာရုပ် = နိပ္ဖန္နရုပ်တို့၏ ပေါ့ပါးနူးညံ့မူကြောင့် ကိုယ်မူ နူတ်မူ အမျိုးမျိုး၌ ကောင်းမွန်ခံ့ညားခြင်း သဘော။

မှတ်ချက်။ ။ အထက်ပါ ဝိကာရရုပ် ၃-ပါးကို ကာယဝိညတ်၊ ဝစီဝိညတ်တို့နှင့် ပေါင်း၍ ဝိကာရရုပ် ၅-ပါးဟုလည်း ရေတွက်၏။

(ည) လက္ခဏရုပ် ၄-ပါး
နိပ္ဖန္နရုပ်တို့၏ ဖြစ်ခြင်း၊ ရင့်ခြင်း၊ ပျက်ခြင်း အခိုက်အတန့်တို့ကို မှတ်သားပြသည့် အမှတ်လက္ခဏာတို့ပင်တည်း။
၁။ ဥပစယရုပ် = ပဋိသန္ဓေတည်စ၌ ပထမရုပ်တို့၏ ဖြစ်ခြင်း၊ ထို့နောက် တစ်ဘဝတာအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် တိုးတက်၍ ဖြစ်ခြင်း။
၂။ သန္တတိရုပ် = တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည်ကစ၍ အစဉ်မပြတ် ထပ်ကာထပ်ကာ ဖြစ်ခြင်း။
၃။ ဇရတာရုပ် = ရုပ်တို့၏ `ဌီ´အခိုက် အမှတ်အသား။ တစ်နည်း ရုပ်တို့၏ ချုပ်ပျက်ခြင်း `ဘင်`သို့ ဦးတည်နေသော ရင့်ရော်မူ။
၄။ အနိစ္စတာရုပ် = နပ္ဖန္နရုပ်တို့၏ ချုပ်ပျက်ခြင်း `ဘင်´ သဘော။

မှတ်ချက်။ ။ ဥပစယနှင့် သန္တတိရုပ်တို့ကို ပေါင်း၍ ဇာတိရုပ်ဟုလည်း ခေါ်၏။
နိပ္ဖန္နရုပ် ၁၈-ပါး
ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၇-ပါး (ပထဝီ၊ တေဇော၊ ဝါယော ပါပြီးဖြစ်၍ ၄-ပါးရေတွက်ရန်)၊ ဘာဝရုပ် ၂-ပါး၊ ဟဒယဝတ္ထုရုပ်၊ ဇီဝိတရုပ်၊ အာဟာရရုပ်၊ ပေါင်းရုပ် ၁၈-ပါးတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းတရား ၄-ပါးတို့ ဖြစ်စေအပ်၊ ပြီးစေအပ်သောကြောင့် နိပ္ဖန္နရုပ်များ မည်ကုန်၏။

ဤရုပ်တို့သည် ခက်မာခြင်းစသော သဘောတရားကိုယ်စီရှိကြသဖြင့် သဘာဝရုပ် ဟူ၍လည်း အမည်တွင်ကြ၏။


တစ်ဖန် ဥပါဒ်၊ ဇရာ၊ အနိစ္စတာဟူသော သင်္ခတလက္ခဏာတို့နှင့် တကွ ဖြစ်သောကြာင့် ဤရုပ်တို့ကို လက္ခဏရုပ်ဟူ၍လည်း ခေါ်ကြ၏။

ဖောက်ပြန်ခြင်းသဘော ရှိသောကြောင့် ရူပရုပ်ဟုလည်း အမည်ရ၏။

အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာယာဉ် ၃-ပါးသို့ တင်ကာ သုံးသပ်ထိုက်သောကြောင့် သမ္မသနရုပ်ဟုလည်း အမည်တွင်၏။

အနိပ္ဖန္နရုပ် ၁၀-ပါး
ပရိစ္ဆေဒရုပ် ၁-ပါး၊ ဝိညတ်ရုပ် ၂-ပါး၊ ဝိကာရရုပ် ၃-ပါး၊ လက္ခဏရုပ် ၄-ပါး၊ ပေါင်း ၁၀-ပါးတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်း ၄-ပါးတို့ မဖြစ်စေအပ်၊ မပြီးစေအပ်သောကြောင့် အနိပ္ဖန္နရုပ်များ မည်ကြ၏။

ဤရုပ်တို့သည် ကိုယ်ပိုင်သဘောတရား မရှိသဖြင့် အသဘာဝရုပ်၊ သင်္ခတလက္ခဏနှင့်တကွ မဖြစ်သောကြောင့် အလက္ခဏရုပ်၊ ဖောက်ပြန်ခြင်းသဘော မရှိသောကြောင့် အရူပရုပ်၊ လက္ခဏာယာဉ် ၃-ပါးသို့ တင်ကာ မသုံးသပ်ထိုက်သောကြောင့် အသမ္မသနရုပ်ဟူ၍လည်း အမည်ရကြ၏။

ရုပ် ၁၁-မျိုး ရေတွက်နည်း
ရုပ် ၂၈-ပါးကို ဇာတ်တူအားဖြင့် ပေါင်းလိုက်သည်ရှိသော် ဘူတရုပ်၁၊ ပသာဒရုပ် ၁၊ ဂေါစရရုပ် ၁၊ ဘာဝရုပ် ၁၊ ဟာဒယရုပ် ၁၊ ဇီဝိတရုပ် ၁၊ အာဟာရရုပ် ၁၊ ပရိစ္ဆေဒရုပ် ၁၊ ဝိညတ်ရုပ် ၁၊ ဝိကာရရုပ် ၁၊ လက္ခဏရုပ် ၁ ဟူ၍ ရုပ်ပေါင်း ၁၁-ပါးကိုရ၏။
ရူပဝိဘာဂ
ရုပ်တို့ကို ဝေဖန်ခြင်းကို ရူပဝိဘာဂဟုခေါ်၏။ ရုပ် ၂၈-ပါးတို့ကို အဇ္ဈတ္တိက-ဗာဟိရ၊ ဝတ္တု-အဝတ္ထု၊ ဒွါရ-အဒွါရ၊ ဣန္ဒြိယ-အနိန္ဒြိယ၊ သြဠာရိက-သုခုမစသည်ဖြင့် ခွဲခြားဝေဖန်ပုံကို အကျဉ်းမှတ်ရန်မှာ -

၁။ အဇ္ဈတ္တိကရုပ် = ပသာဒရုပ် ၅-ပါး။ ဤရုပ်တို့သည် ခန္ဓာကိုယ် အတ္တဘောအား ကျေးဇူးအထူးများ၍ သတ္တဝါတို့ အချစ်ဆုံး အတွင်းဆုံးထားသော ရုပ်တို့ ဖြစ်ကြ၏။
၂။ ဝတ္ထုရုပ် ၆-ပါး = ပသာဒရုပ် ၅-ပါး + ဟဒယဝတ္ထုရုပ်။ ဝိညာဏဓာတ် ၇ -ပါးတို့၏ မှီရာရုပ်တို့ ဖြစ်ကြ၏။

၃။ ဒွါရရုပ် ၇-ပါး = ပသာဒရုပ် ၅-ပါး + ဝိညတ်ရုပ် ၂-ပါး။ ပဉ္စဒွါရာဝီထိ စိတ်စေတသိက်တို့ဖြစ်ရာနှင့် ကာယကံ၊ ဝစီကံတို့ ဖြစ်ရာ ဋ္ဌာနတို့တည်း။

၄။ ဣန္ဒြိယရုပ် ၈-ပါး = ပသာဒရုပ် ၅-ပါး + ဘာဝရုပ် ၂-ပါး + ဇီဝိတရုပ် ၁-ပါး။ ပဉ္စဝိညာဏ်စိတ်၊ လိင်၊ ကမ္မဇရုပ်တို့ကို မိမိတို့ဆိုင်ရာ ဆိုင်ရာ၌ အစိုးရကြသော ရုပ်များတည်း။

၅။ သြဠာရိကရုပ် ၁၂-ပါး = ပသာဒရုပ် ၅-ပါး + ဂေါစရရုပ် ၇-ပါး။ ရုန်းရင်း ကြမ်းတမ်းသည် အဖြစ်ကြောင့် ဉာဏ်ဖြင့်ကြည့်လျှင် ထင်လွယ်မြင်လွယ်ကြသော ရုပ်တို့တည်း။ ထိုသို့ဉာဏ်၌ ထင်မြင်လွယ်ခြင်းကြောင့် ဤရုပ်တို့သည် ဉာဏ်နှင့် နီးကပ်သည်အဖြစ်သို့ ရောက်သဖြင့် သန္တိကေရုပ်ဟုလည်းမည်၏။ အာရုံအာရမ္မဏိကအားဖြင့် ထိပါးခြင်း၊ မဟာဘုတ်အချင်းချင်း ထိခိုက်ခြင်းနှင့်တကွဖြစ်သောကြောင့်လည်း သပ္ပဋိဃရုပ်ဟု မည်၏။

၆။ ဥပါဒိန္နရုပ် = ကမ္မဇရုပ် ၁၈-ပါး (ကံကြောင့်ဖြစ်သောရုပ် ၁၈-ပါး)။ ဤရုပ်တို့သည် တဏှာဒိဋ္ဌိတို့ ကပ်ရောက်သော ကံက ၎င်း၏အကျိုးဟု စွဲယူအပ်သော ရုပ်တို့ဖြစ်ကြ၏။ (စိတ္တဇရုပ်၊ ဥတုဇရုပ်နှင့် အာဟာရဇရုပ်တို့ကို အနုပါဒိန္နရုပ်ဟုခေါ်၏။)

၇။ သနိဒဿရုပ် = မျက်စိဖြင့် မြင်ကောင်းသော ရုပ်(ရူပါရုံ)။

၈။ ဂေါစရဂ္ဂါဟိကရုပ် = ပသာဒရုပ် ၅-ပါး။ အာရုံကိုယူတတ်ပြီး အာရုံကို ယူရာဌာနဖြစ်ကြသော ရုပ်တို့တည်း။

၉။ အဝိနိဗ္ဘောဂရုပ် ၈-ပါး = မဟာဘုတ် ၄-ပါး၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇ။ ဤရုပ် ၈-ပါး အပေါင်းအစုသည် တစ်ခုစီကွဲသွားအောင် ခွဲခြား၍ မရကောင်းသော ရုပ်များဖြစ်ကြ၏။ မြေကြီးတွင် ပထဝီဓာတ်လွန်ကဲ၏။ သို့သော် အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇတို့လည်း ပါရှိကြ၏။ ရေတွင် အာပေါလွန်ကဲ၏။ သို့သော် တေဇောအပါအဝင် ကျန်ရုပ် ၇-ပါးတို့လည်း ပါဝင်ကြ၏။ မီးတွင် တေဇောဓာတ် လွန်ကဲ၏။ သို့သော် အာပေါအပါအဝင် ကျန်ရုပ် ၇-ပါးတို့လည်း ပါရှိကြ၏။ ထို့ကြောင့် `ရေတွင် မီးရှိပြီး မီးတွင် ရေရှိသည်´ဟု ဆိုနိုင်၏။

ရူပသမုဋ္ဌာန
ရုပ်တို့ကို ဖြစ်စေသော အကြောင်းများနှင့် ရုပ်ဖြစ်ပုံကိုပြသော အခန်းကို ရူပသမုဋ္ဌာနဟု ခေါ်၏။

သမုဋ္ဌာန် ၄-ပါး = ရုပ်ကိုဖြစ်စေသောအကြောင်းတရား ၄-ပါး (ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့တည်း။)

၁။ ရုပ်ကိုဖြစ်စေသော ကံ ၂၅-ပါး = ကမ္မပထမြောက်သော အကုသိုလ်ကံ ၁၂-ပါး၊ မဟာကုသိုလ်ကံ ၈-ပါးနှင့် ရူပါဝစရကုသိုလ်ကံ ၅-ပါးတို့ ဖြစ်ကြ၏။ အကုသိုလ်ကံ ၁၂-ပါးဟူသည်မှာ အကုသိုလ်စိတ် ၁၂ပါး၌ ယှဉ်သော စေတနာ စေတသိက်တို့တည်း။ ကုသိုလ်ကံဟူသည်မှာ ကုသိုလ်စိတ်တို့၌ ယှဉ်သော စေတနာ စေတသိက်တို့တည်း။
၂။ ရုပ်ကိုဖြစ်စေသောစိတ် ၇၅-ပါး = ဒွေပဉ္စဝိညာဏ် ၁၀-ပါးနှင့် အရူပဝိပါက် ၄-ပါးတို့ကို ကြဉ်သောစိတ် ၇၅-ပါး။ ဤစိတ်တို့အနက် အပ္ပနာဇော ၂၆-ပါးတို့သည် ဣရိယာပုထ်ကိုလည်း ခိုင်ခံ့အောင် ထောက်ပံ့နိုင်၏။

မနောဒွါရာဝဇ္ဇန်း၊ ကာမဇော ၂၉-ပါးနှင့် အဘိညာဏ်ဒွေ ဟူသော စိတ် ၃၂-ပါးတို့သည် ရုပ်သာမညကို ဖြစ်စေခြင်း၊ ဣရိယာပုထ်ကို ထောက်ပ့ံ့ခြင်းတို့အပြင် ဝိညတ် ၂-ပါးကိုလည်း ဖြစ်စေနိုင်ကြ၏။ ဤတွင် ဒေါမနဿဇော ၂-ပါးတို့သည် ညည်းညူငိုကြွေးခြင်းကိုလည်း ဖြစ်စေနိုင်ကြ၏။ သောမနဿဇော ၁၃-ပါးတို့သည် ပြုံးရယ်ခြင်းကိုလည်း ဖြစ်စေနိုင်ကြ၏။

ဘုရားနှင့် ရဟန္တာတို့ ပြုံးရယ်သောစိတ် = ဟသိတုပ္ပါဒ်နှင့် မဟာကြိယာသောမနဿ ၄-ပါး၊ ပေါင်း စိတ် ၅-ပါး။

သေက္ခပုဂ္ဂိုလ်တို့ ပြုံးရယ်သောစိတ် = ေလောဘမူဒိဋ္ဌိဂတဝိပ္ပယုတ် သောမနဿဇော ၂ + မဟာကုသိုလ် သောမနဿဇော ၄-ပါး၊ ပေါင်း စိတ် ၆-ပါး။

ပုထုဇဉ်တို့ ပြုံးရယ်သောစိတ် = လောဘမူသောမနဿ ၄-ပါး + မဟာကုသိုလ် သောမနဿ ၄-ပါး၊ ပေါင်း စိတ် ၈-ပါး။

မှတ်ချက်။ ။ မနောဓာတ်၊ တဒါရုံ ၁၁၊ ရူပဝိပါက် ၅၊ ပေါင်း ၁၉-ပါးတို့သည် ရုပ်သာမညကိုသာ ဖြစ်စေနိုင်ကြ၏။

၃။ ရုပ်ကိုဖြစ်စေသော ဥတု = ခပ်သိမ်းသော ရုပ်ကလာပ်တို့၌ ပါရှိသည့် သီတဥတုနှင့် ဥဏှဥတုဟုခေါ်သော တေဇောဓာတ်။

၄။ ရုပ်ကိုဖြစ်စေသော အာဟာရ = အဇ္ဈတ္တနှင့် ဗဟိဒ္ဓခပ်သိမ်းသော ရုပ်ကလာပ်တို့၌ ပါရှိသည့် သြဇာဓာတ်။

ရုပ်ဖြစ်ပုံ
၁။ ကံကြောင့်ဖြစ်သော ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ ခဏတိုင်း ခဏတိုင်း မပြတ်မလပ် ဖြစ်ပေါ်ကြ၏။

၂။ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့သည် ပဋိသန္ဓေစိတ်နောင် ပထမ ဘဝင်စိတ်၏ ဥပါဒ်ခိုက် ဥပါဒ်ခိုက်၌ ဖြစ်ပေါ်ကြ၏။
၃။ ဥတုကြောင့်ဖြစ်သော ရုပ်ကို ဥတုဇရုပ်ဟုခေါ်၏။ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ဖြစ်သော ကမ္မဇရုပ်တွင် တေဇောဓာတ်ပါ၏။ ထိုတေဇောဓာတ်သည် ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ ဥတုဇုပ်ကို ဖြစ်စေ၏။

ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်တိုင်း၌ ဥတုဇတေဇောဓာတ်ပါဝင်လျက်ရှိရာ ထိုဥတုသည် ဥပါဒ်ပြီးနောက်၌ ဌီအခိုက်သို့ရောက်လျှင် ဥတုဇရုပ်ကို ဖြစ်စေ၏။ ထိုသို့ဖြစ်စေရာ၌ စိတ်၏ ဥပါဒ်ဌီဘင် အစီအစဉ်အတိုင်း ခဏမစဲ ရုပ်ကိုဖြစ်စေ၏။

အဇ္ဈတ္တသန္တာန်၌ ဥတုဇရုပ်များ ဖြစ်ပေါ်သည့်နည်းတူ ဗဟိဒ္ဓသန္တာန်၌လည်း ဥတုဇရုပ်များ ဖြစ်ပေါ်ကြ၏။

၄။ အာဟာရေကြောင့်ဖြစ်သော ရုပ်ကို အာဟာရဇရုပ်ဟု ခေါ်၏။
အဝိနိဗ္ဘောဂရုပ် ၈-ပါးတွင် သြဇဓာတ် ပါဝင်သဖြင့် သြဇသည် ရုပ်ကလာပ်တိုင်း၌ ရှိ၏။ သို့သော် အဇ္ဈတ္တသြဇသည် အစားအစာတွင်ပါရှိသော ဗဟိဒ္ဓသြဇနှင့် ပေါင်းဆုံပြီးမှ အာဟာရဇရုပ်ကို ဖြစ်စေနိုင်၏။

သြပပါတိကနှင့် သံသေဒဇသတ္တဝါတို့သည် ပဋိသန္ဓေနေပြီးနောက် တစ်စုံတစ်ခုသော စားဖွယ်ကို (အယုတ်သဖြင့် မိမိတံတွေးကို) စားမျိုသောအခါ ဝမ်းတွင်း၌ ပါစကတေဇောဓာတ်မီးဖြင့် ထိုအစာကို ပေါင်းနွှေးရ၏။ ထို့နောက် အစာတွင် ပါသော သြဇဓာတ်သည် သွေးနှင့် အတူ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွား၏။ ထိုအခါ ခန္ဓာကိုယ်အနှံ့ရှိ အဇ္ဈတ္တသြဇနှင့် ထိတွေ့၍ ရုပ်၏ ဌီသို့ရောက်သောအခါမှ စတင်ကာ ထိုအတွင်းအပ သြဇတို့သည် ခဏမစဲ အာဟာရဇရုပ်တို့ကို ဖြစ်စေကြ၏။

ဂဗ္ဘသေယျက သတ္တဝါတို့၏ ပဋိသန္ဓေစတည်ပြီးနောက် တစ်သတ္တာဟ၊ နှစ်သတ္တာဟခန့်ကြာလျှင် မိခင်စားမျိုလိုက်သော အစားအစာတို့မှ တစ်ဆင့် ဖြစ်ပေါ်လာသည့် သြဇဓာတ်သည် သွေးနှင့်အတူ လှည့်ပတ်လာရာမှ သန္ဓေသားလောင်း၏ ကိုယ်၌ ပျံ့နှံ့၏။ ထိုပျံ့နှံ့သော ဗဟိဒ္ဓသြဇနှင့် ပင်ကိုရှိရင်းဖြစ်သည့် အဇ္ဈတ္တသြဇတို့ ပေါင်းဆုံမိသည်မှ ရုပ်၏ ဌီသို့ိရောက်သောအခါ အာဟာရဇရုပ်တို့ ဖြစ်ပေါ်ကြ၏။ ထိုသို့ ဖြစ်ရာ၌ အတွင်းအပ သြဇတစ်စုံလျှင် အာဟာရဇရုပ်ကလာပ်တစ်ခုကျစိတ်၏ ဥပါဒ်-ဌီ-ဘင် အစီအစဉ်အတိုင်း ခဏမစဲ ဖြစ်ပေါ်၏။

ရုပ်အမျိုးအစားများ
အကြောင်းတစ်ပါးကြောင့် ဖြစ်သောရုပ်ကို ဧကန်ရုပ်၊ တစ်ပါးထက် ပိုသောအကြောင်းတို့ကြောင့် ဖြစ်သောရုပ်ကို အနေကန်ရုပ်ဟု ခေါ်၏။

၁။ ကမ္မဇရုပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ ဣနြေ္ဒရုပ် ၈-ပါး၊ ဟဒယဝတ္ထုနှင့် ပရိစ္ဆေဒရုပ်။ ၎င်းတို့အနက် ပသာဒရုပ် ၅-ပါး၊ ဘာဝရုပ် ၂-ပါး၊ ဇီဝိတရုပ် ၁-ပါးဟု ဆိုအပ်သော ဣနြေ္ဒရုပ် ၈-ပါးနှင့် ဟဒယဝတ္ထုရုပ် ၁-ပါး၊ ပေါင်း ၉-ပါးသည် ကမ္မဇဧကန်ရုပ်များ ဖြစ်ကြ၏။ ကျန် ၉-ပါးမှာ ကမ္မဇအနေကန်ရုပ်များ ဖြစ်ကြ၏။
၂။ စိတ္တဇရုပ် ၁၅-ပါး = အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ လဟုတာဒိရုပ် ၃-ပါး၊ ဝိညတ်ရုပ် ၂-ပါး၊ သဒ္ဒရုပ်၊ ပရိစ္ဆေဒရုပ်။ ၎င်းတို့အနက် ဝိညတ်ရုပ် ၂-ပါးသည် စိတ္တဇဧကန်ရုပ်များ ဖြစ်ကြပြီးလျှင် ကျန် ၁၃-ပါးတို့သည် စိတ္တဇအနေကန်ရုပ်များ ဖြစ်ကြ၏။

၃။ ဥတုဇရုပ် ၁၃-ပါး = အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ လဟုတာဒိရုပ် ၃-ပါး၊ သဒ္ဒရုပ်၊ ပရိစ္ဆေဒရုပ်။ အားလုံးဥတုဇအနေကန်ရုပ်များ ဖြစ်ကြ၏။

၄။ အာဟာရဇရုပ် ၁၂-ပါး = အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ လဟုတာဒိရုပ် ၃-ပါး ၊ ပရိစ္ဆေဒရုပ်။ အားလုံးအာဟာရဇ အနေကန်ရုပ်များ ဖြစ်ကြ၏။

၅။ ဧကဇရုပ် ၁၁-ပါး = ကမ္မဇဧကန်ရုပ် ၉-ပါး၊ စိတ္တဇဧကန်ရုပ် ၂-ပါးဟူ၍ အကြောင်းတစ်ပါးစီကြောင့်သာ ဖြစ်ကြသော ဧကဇရုပ် ၁၁-ပါးရှိ၏။

၆။ ဒွိဇရုပ် ၁-ပါး = သဒ္ဒရုပ် ၁-ပါးသာလျှင် စိတ်နှင့် ဥတု အကြောင်း ၂-ပါးတို့ကြောင့် ဖြစ်၏။ စကားသံ၊ အသက်ရှူသံ စသည်တို့သည် စိတ္တဇသဒ္ဒရုပ်ဖြစ်၏။ မိုးသံ၊ လေသံ၊ ခေါင်းလောင်းသံ၊ ကားသံ၊ ကက်ဆက်သံစသည်တို့နှင့် ဝမ်းတွင်းရှိ လေအော်သံတို့သည် ဥတုဇသဒ္ဒရုပ်များ ဖြစ်ကြ၏။

၇။ တိဇရုပ် ၃-ပါး = စိတ်၊ ဥတု၊ အာဟာရတို့ကြောင့် ဖြစ်သော လဟုတာဒိရုပ် ၃-ပါး။

၈။ စတုဇရုပ် ၉-ပါး = အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ ပရိစ္ဆေဒရုပ် ၁-ပါး၊ ပေါင်း ၉-ပါးသော ရုပ်တို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသည့် အကြောင်းတရား ၄-ပါးကြောင့် ဖြစ်ကြ၏။

ရူပကလာပ
ရုပ်တို့၏ ပေါင်းစပ်ဖွဲ့စည်းပုံ ပြခြင်းကို ရူပကလာပဟုခေါ်၏။

ကလာပ် = ဆိုင်ရာရုပ်များ ပူတွဲပေါင်းစပ်၍ ဖြစ်ပေါ်လာသော ရုပ်အဖွဲ့အစုတစ်ခုကို ရုပ်ကလာပ် ၁-ခုဟု ခေါ်၏။ ရုပ်ကလာပ်တို့၏ လက္ခဏာ ၄-ရပ်ရှိ၏။

၁။ ဧကုပ္ပပါဒ = အတူတကွဖြစ်ခြင်း၊
၂။ ဧကနိရောဓ = အတူတကွချုပ်ပျက်ခြင်း၊
၃။ ဧကနိဿယ = တူသောမှီရာရှိခြင်း၊
၄။ သဟဝုတ္တိ = ခွဲခြား၍ မရအောင် ပေါင်းရောနေခြင်းတို့ ဖြစ်ကြ၏။

လူ့ဘုံ၌ရှိသော ပရမတ္ထရုပ်ကလာပ်တစ်ခု၏ အရွယ်သည် ပရမာအဏုမြူတစ်ခု၏ အစိတ် ၁-သိန်းပုံ ၁-ပုံသာရှိ၏။ ဒြပ်၏အခြေခံ အမူန်တစ်ခုဖြစ်သည့် ပရိုတွန်အရွယ်အောက် ပိုငယ်၏။

ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရား ၄-ပါးတို့ကြောင့် ဖြစ်ပျက်နေသော ရုပ်ကလာပ် အမျိုးအစားများမှာ ကမ္မဇကလာပ် ၉-စည်း၊ စိတ္တဇကလာပ် ၆-စည်း၊ ဥတုဇကလာပ် ၄-စည်း၊ အာဟာရဇကလာပ် ၂-စည်း၊ ပေါင်း ၂၁-စည်း ဖြစ်သည်။

၁။ ကမ္မဇကလာပ် ၉-စည်း
အဝိနိဗ္ဘောဂရုပ် ၈-ပါးနှင့် ကမ္မဇဧကန်ရုပ် ၉-ပါးတို့ ပေါင်းဖွဲ့ ယူရမည်။
၁။ စက္ခုဒသကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ဇိဝိတရုပ် + စက္ခုပသာဒ၊
၂။ သောတဒသက = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ဇိဝိတရုပ် + သောတပသာဒ၊
၃။ ဃာနဒသက = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ဇိဝိတရုပ် + ဃာနပသာဒ၊
၄။ ဇိဝှာဒသက = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ဇိဝိတရုပ် + ဇိဝှာပသာဒ၊
၅။ ကာယဒသက = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ဇိဝိတရုပ် + ကာယပသာဒ၊
၆။ ဣတ္ထိဘာဝဒသက = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ဇိဝိတရုပ် + ဣတ္ထိဘာဝရုပ်၊
၇။ ပုမ္ဘာဝဒသကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ဇိဝိတရုပ် + ပုမ္ဘာဝရုပ်၊
၈။ ဟဒယဒသကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ဇိဝိတရုပ် + ဟဒယဝတ္ထု၊
၉။ ဇီဝိတနဝကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ဇိဝိတရုပ်တို့၏ အဖွဲ့အစု။

၂။ စိတ္တဇကလာပ် ၆-စည်း
အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ ဝိညတ်ရုပ် ၂-ပါး၊ သဒ္ဒရုပ်နှင့် လဟုတာဒိရုပ် ၃-ပါးတို့ကို ပေါင်းဖွဲ့ယူရမည်။
၁။ သုဒ္ဓဋ္ဌကကလာပ် = စိတ်ကြောင့်ဖြစ်သော အဝိနိဗ္ဘောဂရုပ် ၈-ပါး၏ အဖွဲ့အစု။
၂။ ကာယဝိညတ္တိနဝကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ကာယဝိညတ်။
၃။ ဝစီဝိညတ္တိသဒ္ဒသကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ ဝစီဝိညတ် + သဒ္ဒရုပ်၊
၄။ လဟုတာဒိဧကာဒသကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + လဟုတာဒိရုပ် ၃-ပါး၊
၅။ ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ကာယဝိညတ် + လဟုတာဒိရုပ် ၃-ပ ါး၊
၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + ဝစီဝိညတ် + လဟုတာဒိရုပ် ၃-ပါး + သဒ္ဒရုပ်။

၃။ ဥတုဇကလာပ် ၄-စည်း
အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ သဒ္ဒရုပ်နှင့် လဟုတာဒိရုပ် ၃-ပါးတို့ကို ပေါင်းဖွဲ့ယူရမည်။
၁။ သုဒ္ဓဋ္ဌကကလာပ် = ဥတုကြောင့်ဖြစ်သော အဝိနိဗ္ဘောဂရုပ် ၈-ပါး၏ အဖွဲ့ အစု။
၂။ သဒ္ဒနဝကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + သဒ္ဒရုပ်တို့၏အဖွဲ့အစု။
၃။ လဟုတာဒိဧကာဒသကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + လဟုတာဒိရုပ် ၃-ပါး။
၄။ သဒ္ဒလဟုတာဒိဒွါဒသကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + သဒ္ဒ + လဟုတာဒိရုပ် ၃-ပါး။

၄။ အာဟာရဇကလာပ် ၂-စည်း
အဝိနိဗ္ဘောဂရုပ် ၈-ပါးနှင့် လဟုတာဒိရုပ်တို့ကိုသာ ဖွဲ့စည်းရ၏။
၁။ သုဒ္ဓဋ္ဌကကလာပ် = အာဟာရကြောင့် ဖြစ်သော အဝိနိဗ္ဘောဂရုပ် ၈-ပါး။
၂။ လဟုတာဒိဧကာဒသကကလာပ် = အဝိနိဗ္ဘောဂရုပ် ၈-ပါး + လဟုတာဒိရုပ် ၃-ပါး။

၅။ အဇ္ဈတ္တ-ဗဟိဒ္ဓရုပ်ကလာပ်များ
သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်၌ ရုပ်ကလာပ် ၂၁-စည်းလုံးကို ရအပ်၏။ အထီးသတ္တဝါတို့၌ ဣတ္ထိဘာဝဒသကကလာပ်ကို မရထိုက်။ အမသတ္တဝါတို့၌ ပုမ္ဘာဝဒသကကလာပ်ကို မရထိုက်။ ပဋိသန္ဓေအားဖြင့် မျက်စိကန်းသူ၊ နားပင်းသူတို့တွင် သက်ဆိုင်ရာ ဒသကကလာပ်ကို မရထိုက်။

ဗဟိဒ္ဓသန္တာန်၌မူ ဥတုဇသုဒ္ဓဋ္ဌကကလာပ်နှင့် ဥတုဇသဒ္ဒနဝကကလာပ် ၂-စည်းကိုသာရအပ်၏။ သစ်ပင်၊ တောတောင်၊ မြေ၊ ရေ၊ လေ၊ မီး၊ အလောင်းကောင် စသည်တို့သည် ဥတုဇသုဒ္ဓဋ္ဌကကလာပ်ချည်းသာ ဖြစ်ကြ၏။ သစ်ပင်သစ်ကိုင်းများ ကြိတ်ခတ်သံ၊ တုံးခေါက်သံ၊ မိုးခြိမ်းသံ၊ ရေဒီယိုသံ စသည်တို့မှာ ဥတုဇသဒ္ဒနဝက ကလာပ်များဖြစ်ကြ၏။

ရူပပဝတ္တိက္ကမ
ရုပ်တို့၏ ဖြစ်ပုံပျက်ပုံအစဉ်ကိုပြသော အပိုင်းသည် ရူပပဝတ္တိက္ကမ အမည်ရ၏။

တစ်ဘဝ၌ ပဋိသန္ဓေစိတ် ဥပါဒ်ခိုက်ကို ပဋိသန္ဓေအခါဟု ခေါ်၏။ ထိုအခါ ပဋိသန္ဓေစိတ်နှင့် ၎င်း၏ယှဉ်ဖက် စေတသိက်များ (ဝိပါက်နာမက္ခန္ဓာ) နှင့် ကမ္မဇရုပ်များ ဥပါဒ်ကြ၏။

ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ စုတိစိတ်မကျမီ အချိန်အတွင်း နောက်ကာလကို ပဝတ္တိအခါဟု ခေါ်၏။ ထိုအခါ၌ ဘဝင်စိတ်များ၊ ဝီထိစိတ်များနှင့် ၎င်းတို့၏ ယှဉ်ဖက်စေတသိက်များ၊ ကမ္မဇရုပ်များ၊ စိတ္တဇရုပ်များ၊ ဥတုဇရုပ်များ၊ အာဟာရဇရုပ်များ ဖြစ်ပျက်ကြ၏။

၁။ ဘုံ ၃-ပါး၌ရနိုင်သောရုပ်များ
၁။ ကာမဘုံ၌ ရုပ် ၂၈-ပါးလုံးကို ပဝတ္တိအခါဝယ် ထိုက်သလို ရကြ၏။

၂။ ရူပဘုံ၌ ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ကာယပသာဒ၊ ဘာဝရုပ် ၂-ပါး၊ ပေါင်းရုပ် ၅-ပါးတို့ကို မရထိုက်။ ကျန်ရုပ် ၂၃-ပါးတို့ကိုသာ ရထိုက်၏။

အသညသတ်ဘုံ၌ အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ ဇီဝိတရုပ်၊ ပရိစ္ဆေဒရုပ်၊ ဝိကာရုပ် ၃-ပါး၊ လက္ခဏရုပ် ၄-ပါး၊ ပေါင်းရုပ် ၁၇-ပါးကိုသာ ရအပ်၏။

၂။ ယောနိခေါ် အမျိုးဇာတ် ၄-ပါး
၁။ သံသေဒဇသတ္တဝါ = ပဒုမ္မာကြာတိုက်၊ သစ်ခေါင်း၊ သစ်သီး၊ ရွှံ့ညွန်၊ ရေဟောင်း၊ အညစ်အကြေး စသည့်ငြိကပ်ရာ အရပ်၌ ဖြစ်သောသတ္တဝါ (ပဒုမဝတီမိဖုရား၊ ဝေဠုဝတီမိဖုရားနှင့် ပိုးလောင်းများ)

၂။ သြပပါတိက(ဝါ) ဥပပတ်သတ္တဝါ = ဘဝဟောင်းချုပ်ငြိမ်းပြီးသည်နှင့် တစ်ပြိုင်နက် ဘွားကနဲ ကောင်းကင်မှ ကျလာသကဲ့သို့ ခန္ဓာကိုယ် အထင်အရှားဖြစ်သော သတ္တဝါ (ကမ္ဘာဦးလူ၊ ဘုမ္မစိုဝ်းနတ်မျိုးမှအပ အထက်နတ်ဗြဟ္မာများ၊ မီးသရဲပြိတ္တာများနှင့် ငရဲသားများ)

၃။ ဂဗ္ဘသေယျကသတ္တ၀ ါ = အမိဝမ်းတိုက်၌ ကိန်းအောင်း၍ ပဋိသန္ဓေနေသော သတ္တဝါ။
(က) ဇလာဗုဇသတ္တဝါ = သားအိမ်၌ ပဋိသန္ဓေနေသူ (လူ၊ ကြောင်၊ ခွေး)
(ခ) အဏ္ဍဇသတ္တဝါ = ဥခွံအတွင်း၌ ပဋိသန္ဓေနေသူ (ကြက်၊ ငှက်၊ ဘဲ)

၃။ ပဋိသန္ဓေအခါရုပ်ဖြစ်စဉ်
၁။ သံသေဒဇနှင့် ဥပပတ်သတ္တဝါတို့အား ပဋိသန္ဓေအခါ၌ စက္ခုဒသက၊ သောတဒသက၊ ဃာနဒသက၊ ဇိဝှာဒသက၊ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက (ဝါ) ဟဒယဒသက တည်းဟူသော ကလာပ် ၇-စည်းတို့သည် ဥက္ကဋ္ဌနည်း အစွမ်းဖြင့် တစ်ပြိုင်နက် ထင်ရှားစွာ ဖြစ်ပေါ်ကြ၏။ အကုသိုလ်ကံကြောင့် အာယတနချို့တဲ့သူတို့၌ စက္ခုဒသက၊ သောတဒသကနှင့် ဘာဝဒသက ကလာပ်တို့ ချို့ကောင်း၏။

၂။ ဂဗ္ဘသေယျက သတ္တဝါတို့အား ပဋိသန္ဓေကလလရေကြည်တည်သောအခါ၌ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသကဟူသော ကလာပ်စည်း ၃-ခုနှင့် ရုပ် ၃၀ အစုအပေါင်းသည် တစ်ပြိုင်နက် ထင်ရှားစွာ ဖြစ်ပေါ်၏။ တစ်ခါတစ်ရံ အကုသိုလ်ကံ နှိပ်စက်သဖြင့် ဘာဝဒသက ချို့တဲ့တတ်၏။ ထိုအခါကလာပ် ၂-စည်းနှင့် ရုပ် ၂၀တို့၏ အပေါင်းအစုသာ ဖြစ်၏။

၃။ ပဋိသန္ဓေအခါမရအပ်သော ရုပ်တို့ကား သဒ္ဒရုပ်၊ ဝိကာရရုပ် ၅-ပါး၊ ဇရတာရုပ်၊ အနိစ္စတာရုပ်ဟူသော ရုပ် ၈-ပါးတည်း။

၄။ စတုဇရုပ်ဖြစ်စဉ်
အကြောင်း ၄-ပါးကြောင့် ရုပ်တို့၏ ဖြစ်စဉ်ကား -

၁။ ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်အခိုကမှစ၍ ခဏတိုင်း ခဏတိုင်း ဖြစ်ကြ၏။

၂။ စိတ္တဇရုပ်တို့သည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်အခိုက်မှစ၍ စိတ်တို့၏ ဥပါဒ်တိုင်း ဥပါဒ်တိုင်း ဖြစ်ကြ၏။
၃။ ဥတုဇရုပ်သည် ပဋိသန္ဓေစိတ်၏ ဌီကာလမှစ၍ ခဏမစဲ ဖြစ်ကြ၏။

၄။ အာဟာရဇရုပ်တို့သည် ဂဗ္ဘသေယျကသတ္တဝါတို့အား တစ်သတ္တာဟ၊ နှစ်သတ္တာဟလွန်၍ မိခင်စားမျိုသည့် အစာအာဟာရမှ ဖြစ်သော မြေသြဇာ၏ ကိုယ်အင်္ဂါအတွင်း ပျံ့နှံ့သည့် အခါမှစ၍ ခဏမစဲ ဖြစ်ကြ၏။ သံသေဒဇနှင့် ဥပပတ်သတ္တဝါတို့အား မိမိမျိုအပ်သော သလိပ်တံတွေး (သို့မဟုတ်) အာဟာရမှဖြစ်သည့် သြဇာ၏ ကိုယ်အင်္ဂါအတွင်း ပျံ့နှံ့သောအချိန်မှစ၍ အာဟာရဇရုပ်တို့ ခဏမစဲ ဖြစ်ကြကုန်၏။

၅။ စတုဇရုပ်တို့၏ ဖြစ်ပျက်စဉ်
၁။ ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ် ဥပါဒ်အခါမှစ၍ အစဉ်မပြတ် ဖြစ်ပျက်လာခဲ့ရာ စုတိစိတ်အထက် နောက်ပြန်ရေတွက်လျှင် ၁၇-ချက်မြောက်သောစိတ်၏ ဥပါဒ်အခိုက်၌ နောက်ဆုံးဖြစ်ကြ၏။ ထိုနောက်ဆုံးဖြစ်ကြသော ကမ္မဇရုပ်တို့သည် စုတိစိတ်၏ ဘင်ခဏ၌ ၁၇-ချက် ရုပ်သက်စေ့သဖြင့် စုတိစိတ်နှင့် ပြိုင်၍ ချုပ်ကြ၏။ သို့ဖြစ်၍ စုတိစိတ်ချုပ်ငြိမ်းချိန်၌ ကမ္မဇရုပ်တို့လည်း အကုန်ချုပ်ငြိမ်းကြလေပြီ။

၂။ ရဟန္တာတို့၏ စုတိစိတ်မှတစ်ပါး အားလုံးသော သတ္တဝါတို့၏ စုတိစိတ်သည် ရုပ်ကိုဖြစ်စေနိုင်သဖြင့် စုတိစိတ်၏ ဥပါဒ်ခဏ၌ စိတ္တဇရုပ်များ နောက်ဆုံးဖြစ်ကြ၏။ ဤစိတ္တဇရုပ်တို့သည် စုတိစိတ်ချုပ်ပြီးချိန်၌ ခဏငယ်သုံးချက် ရုပ်သက်ရခဲ့ပြီဖြစ်၍ နောက်ထပ်ခဏငယ် ၄၈-ချက် အသက်ရှည်ကြ၏။ ထို့ကြောင့် စုတိစိတ်ချုပ်ငြိမ်းပြီးနောက် ခဏငယ် ၄၈-ချက်အကြာတွင် စိတ္တဇရုပ်များအားလုံး ချုပ်ငြိမ်းလေပြီ။

၃။ ဗဟိဒ္ဓိမှ မျိုအပ်သော အစာအာဟာရလည်းရှိစေ၊ အဇ္ဈတ္တအာဟာရနှင့် ပူးပေါင်းမိသည်လည်း ဖြစ်စေ၊ ဝိညာဏ်အထောက်အပံ့ရသည်လည်း ဖြစ်စေ၊ ဤအကြောင်းသုံးချက် ညီညွှတ်လျှင် အာဟာရဇရုပ် ဖြစ်၏။ ထို့ကြောင့် အာဟာရဇရုပ်သည် စုတိစိတ်၏ ဘင်ခဏတိုင်အောင် ဖြစ်ကြ၏။ ထိုနောက်ဆုံးဖြစ်ကြသော အာဟာရဇရုပ်တို့သည် စုတိစိတ် ချုပ်ငြိမ်းချိန်တွင် ခဏငယ် ၁-ချက်သာ ရုပ်သက်ရသေးသဖြင့် ခဏငယ် ၅၀-ချက် ကြာသောအခါ အာဟာရဇရုပ်များလည်း ချုပ်ငြိမ်းကြလေပြီ။

၄။ ဥတုဇရုပ်ကလာပ်တစ်ခုစီတွင် ပါရှိသော တေဇောဓာတ်သည် ရုပ်၏ ဌီအချိန်၌ ခဏငယ်တိုင်း ဥတုဇရုပ်သစ်ကို ဥပါဒ်စေနိုင်သဖြင့် ဥတုဇရုပ်များသည် စုတေးပြီးသည့် နောက်၌လည်း ဆက်ကာ ဆက်ကာ ဖြစ်ပျက်သွားကြ၏။ သို့အတွက် အလောင်းကောင်သည် ဥတုဇရုပ်များ၏ အစုအဝေးသာဖြစ်၏။ အလောင်းပုပ်ပွ ဆွေးမြေ့၍ အရိုးစုဖြစ်သည့်တိုင်အောင် ထိုမှတစ်ဆင့် အရိုးများ ဆွေးမြေ့၍ မြေမူန့်ဖြစ်သည့်တိုင်အောင် ဥတုဇရုပ်ကလာပ်တို့ ဆက်ကာ ဆက်ကာ ဖြစ်ရစ်နေကြပေလိမ့်မည်။
နိဗ္ဗာန်
ကိလေသာတရားနှင့် ဒုက္ခတရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့် စိတ်သန္တာန်၌ အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်း သီတိ, သန္တိသဘောသည် နိဗ္ဗာန်ဖြစ်၏။ ဘဝကို ချုပ်စပ်ပေးသဖြင့် ဝါနဟု အမည်ရသော တဏှာမှ လွတ်မြောက်ကင်းရှင်းရာ `နိဝါန´ သဘောသည် နိဗ္ဗာန်ပင် ဖြစ်၏။

နိဗ္ဗာန်သည် တဏှာဝါနမှ ကင်းလွတ်၍ တဏှာဝါနနှင့် မရောယှက်ဘဲ တည်သကဲ့သို့ မိမိသို့ဆိုက်ရောက်အောင် အားထုတ်သော ပုဂ္ဂိုလ်ကိုလည်း ထိုတဏှာဝါနမှ လွတ်ကင်းစေ၏။ ထို့ကြောင့် နိဗ္ဗာန်သည် တဏှာဝါနမှ ကင်းလွတ်ရာဌာန၊ ဘဝသံသရာမှ လွတ်မြောက်ရာ ဌာနဖြစ်၏။


နိဗ္ဗာန်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုနိုင်သော ပရမတ်တရား အစစ်ပေတည်း။

နိဗ္ဗာန် ၂-မျိုး
၁။ သဥပါဒိသေသနိဗ္ဗာန်
ရဟန္တာတို့၏ သန္တာန်၌ ကိလေသာများ ချုပ်ငြိမ်းသွားကြသော်လည်း ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်များ ကြွင်းကျန်ရစ်၏။ ထိုကြွင်းကျန်ရစ်သည့် ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့ဖြင့် မှတ်အပ်သော နိဗ္ဗာန်ဓာတ်ကို သဥပါဒိသေသနိဗ္ဗာနဓာတ်ဟု ခေါ်၏။ ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့ မချုပ်သေးခင် (ဝါ) ပရိနိဗ္ဗာန်မစံခင် အာရုံပြုအပ်သော နိဗ္ဗာန်ဟု ဆိုလို၏။

၂။ အနုပါဒိသေသနိဗ္ဗာန
ကိလေသာချုပ်ငြိမ်းပြီးနောက် ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်များ မရှိသော နိဗ္ဗာနဓာတ်ကို အနုပါဒိသေသနိဗ္ဗာနဓာတ်ဟု ခေါ်၏။ ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့ ချုပ်ငြိမ်းပြီးသည့်အခါ (ဝါ) ပရိနိဗ္ဗာန်စံလွန်သည့်အခါ ရအပ်သော နိဗ္ဗာန်ဟုဆိုလို၏။

နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ
၁။ နိဗ္ဗာန်သည် ရာဂ၊ ဒေါသ၊ မောဟဟူသော ကိလေသာတို့နှင့် တကွ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတို့မှ သုဉ်း၏။ ကင်းဆိတ်၏။ ဤသို့ ကိလေသာနှင့် ရုပ်နာမ်အားလုံးတို့မှ ဆိတ်သုဉ်းနေခြင်းကြောင့် နိဗ္ဗာန်သည် `သုညတနိဗ္ဗာန်´ ဟူသော ဂုဏ်ပုဒ်ကိုရ၏။

၂။ ရုပ်ခန္ဓာသည် ကလာပ်ရုပ်များ ပေါင်းဖွဲ့နေခြင်းကြောင့် ပုံသဏ္ဌာန် အမျိုးမျိုးရှိ၏။ နာမ်ခန္ဓာသည်လည်း ဘုရားရှင်တို့၏ ဉာဏ်တော်တွင် ပုံးသဏ္ဌာန် မဟုတ်သော်လည်း ပုံသဏ္ဌာန်ကဲ့သို့ပင် ထင်ရှားပေါ်လွင်ရာ၏။ နိဗ္ဗာန်ကား ဤသို့သော ပုံသဏ္ဌာန်မျိုး မရှိချေ။ သို့အတွက် `အနိမိတ္တနိဗ္ဗာန်´ ဟူသော ဂုဏ်ပုဒ်ကိုရ၏။

၃။ နိဗ္ဗာန်ကို တဏှာဖြင့် မတောင့်တအပ်၊ နိဗ္ဗာန်တွင် တောင့်တအပ်သော တဏှာလည်း မရှိချေ။ ဤသို့ ပူပူဆာဆာ တဏှာဖြင့်လည်း မတောင့်တအပ်၊ ပူပူဆာဆာ တောင့်တတတ်သော တဏှာလည်း မရှိခြင်းကြောင့် နိဗ္ဗာန်သည် `အပ္ပဏိဟိတနိဗ္ဗာန်´ ဟူသော ဂုဏ်ပုဒ်ကိုရ၏။

No comments:

Post a Comment