Search This Blog

Sunday, May 3, 2020

အခန်း (၅) ဘုံပိုင်း-၂

 အခန်း (၅) ဘုံပိုင်း-၂

ကမ္မဒွါရနှင့် ကံသုံးပါး
ကံဖြစ်ရာဖြစ်ကြောင်းဖြစ်သည့် ဌာနကို ကမ္မဒွါရဟု ခေါ်သည်။

(၁) ကာယဒွါရ = ကာယဝိညတ်ရုပ်ဟုခေါ်သော ကိုယ်အမူအရာအထူး။ ကိုယ်ဖြင့် ပြုလုပ်သော ကာယကံ၏ ဖြစ်ရာဖြစ်ကြောင်းတည်း။

(၂) ဝစီဒွါရ = ဝစိဝိညတ်ရုပ်ဟုခေါ်သော နူတ်အမူအရာအထူး။ နူတ်ဖြင့် ပြုအပ်သော ဝစီကံ၏ဖြစ်ရာဖြစ်ကြောင်းတည်း။
(၃) မနောဒွါရာ = စိတ်အကျဉ်း ၈၉၊ အကျယ် ၁၂၁ပါး။ စိတ်ဖြင့် ကြံစည်ကျူးလွန်အပ်သော မနောကံ၏ ဖြစ်ရာဖြစ်ကြောင်းတည်း။

ကမ္မဒွါရကို လိုက်၍ ကံ ၃-မျိုးကွဲပြား၏။

(၁) ကာယကံ = ကိုယ်လက် လူပ်ရှားမူ ကာယဝိညတ်ဖြင့် အများအားဖြင့် ပြုလုပ်သော အမူ၊

(၂) ဝစီကံ = နူတ်အမူအရာ ဝစီဝိညတ်ဖြင့် အများအားဖြင့် ပြုသောအမူ၊

(၃) မနောကံ = စိတ်ကူးကြံစည်၍ ပြုလုပ်အပ်သော အမူ။

အကုသိုလ်ကံ ၁၀-ပါး

အပြစ်ရှိ၍ မကောင်းကျိုးပေးတတ်သော ကံကို အကုသိုလ်ဟု ခေါ်၏။ ယုတ်ညံ့သော အကျင့်အမူ ဖြစ်သည့်အတွက် ဒုစရိုက်ဟုလည်း ခေါ်၏။

ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါးဟူ၍ ဒုစရိုက် ၁၀-ပါး ရှိ၏။

၁။ ကာယကံ ၃-ပါး
(၁) ပါဏာတိပါတ = သတ္တဝါတို့ကို သေစေလိုသော စေတနာဖြင့် သတ်ဖြတ်မူ။
(၂) အဒိန္နာဒါန = သူတစ်ပါးတို့၏ ဥစ္စာကို ခိုးဝှက်တိုက်ခိုက် လှည့်ပတ်ယူမူ။
(၃) ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်ယုတ်မာမာ ကျင့်မူ။

၂။ ဝစီကံ ၄-ပါး
(၄) မုသာဝါဒ = မဟုတ်မမှန် လိမ်လည်၍ ပြောဆိုမူ၊
(၅) ပိသုဏဝါစာ = ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုမူ၊
(၆) ဖရုသဝါစာ = ကြမ်းတမ်းယုတ်မာသော စကားကို ပြောဆိုမူ၊
(၇) သမ္ဖပ္ပလာပ = ပိန်ဖျင်းသောစကား အတင်းအဖျင်း စကားကို ပြောဆိုမူ၊

၃။ မနောကံ ၃-ပါး
(၈) အဘိဇ္ဈာ = သူတစ်ပါး၏ ဥစ္စာကို မတရားရယူရန် ကြံစည်မူ၊
(၉) ဗျာပါဒ = သူတစ်ပါး၏ အသက်နှင့်စည်းစိမ် ပျက်စီးရန် ကြံစည်မူ၊
(၁၀) မိစ္ဆာဒိဋ္ဌိ = ကံ-ကံ၏အကျိုးကို ပယ်၍ လွဲမှားစွာ ယုံကြည်မူ။

အထက်ပါ ဒုစရိုက် ၁၀-ပါးကို သဘောတူရာ ပေါင်းစုလိုက်လျှင် ပါဏာတိပါတ၊ အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒနှင့် မိစ္ဆာဒိဋ္ဌိဟူသော ကံ ၅-ပါးကိုရ၏။ ဤကံတို့ကို ငါးပါးသီလ စောင့်ထိန်းခြင်းဖြင့် ရှောင်ကြဉ်နိုင်၏။ သို့အတွက် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ ခိုင်မြဲစေရေးသည် အပါယ်မလားရေးပင် ဖြစ်သည်။

ဒုစရိုက်လွန်ကျူးသော စိတ်များ
(၁) ပါဏာတိပါတ၊ ဖရုသဝါစာနှင့် ဗျာပါဒတို့ကို ဒေါသမူစိတ်ဖြင့် ကျူးလွန်ကြကုန်၏။
(၂) ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာနှင့် မိစ္ဆာဒိဋ္ဌိတို့ကို လောဘမူစိတ်ဖြင့် ကျူးလွန်ကြကုန်၏။
(၃) အဒိန္နဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာနှင့် သမ္ဖပ္ပလာပတို့ကို လောဘမူစိတ် + ဒေါသမူစိတ် ၂-ပါးတို့ဖြင့် ကျူးလွန်ကြကုန်၏။

ဥပမာ - မိမိနှင့် သားမယားတို့၏ ငတ်မွတ်မူကို ဖြေရှင်းရန်အလို့ငှာ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းသည် လောဘမူစိတ်ဖြင့် အဒိန္နာဒါနကံကို ကျူးလွန်ခြင်းဖြစ်၏။ မခံချင်စိတ်၊ ရန်ငြိုးစိတ်ဖြင့် သူတစ်ပါး ပျက်စီးကြောင်းကို ရည်ရွယ်၍ သူ့ဥစ္စာကို လုယူခြင်းသည် ဒေါသမူစိတ်ဖြင့် အဒိန္နာဒါနကံကို ကျူးလွန်ခြင်း ဖြစ်၏။

မှတ်ချက်။ ။ အကောင်းအဆိုးရည်ရွယ်ချက်(စေတနာ) တစ်ခုခုဖြင့် တက်ကြွ ထက်သန်သော စိတ်ဦးဆောင်လျက် လုပ်သည့်အလုပ်သည် ကံမြောက်၏။ အကောင်းအဆိုး စေတနာမပါဘဲ မသိသာ မထင်ရှားသော သာမန်စိတ်ဖြင့် ပြုလုပ်သည့် အလုပ်သည် ကံမမြောက်ချေ။

သုစရိုက် ၁၀-ပါး
ကောင်းသောအကျင့်၊ ကောင်းမူကုသိုလ်ကို သုစရိုက်ဟု ခေါ်၏။ အပြစ်ကင်းသော အမူအလုပ်ဟူသမဆသည် သုစရိုက်ဖြစ်၏။ ဒုစရိုက် ၁၀-ပါးမှ ရှောင်ကြဉ်ခြင်းသည်ပင် သုစရိုက် ၁၀-ပါးဟုလည်း ခေါ်၏။

၁။ ကာယသုစရိုက် - ၃ပါး
(၁) ပါဏာတိပါတဝိရတိ = သတ္တဝါ၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မူ။
(၂) အဒိန္နာဒါနဝိရတိ = သူတစ်ပါးပစ္စည်း ဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်မူ၊
(၃) ကာမေသုမိစ္ဆာစာရဝိရတိ = ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်မူ၊

၂။ ဝစီသုစရိုက် ၄-ပါး
(၄) မုသာဝါဒဝိရတိ = မမှန်သောစကားပြောဆိုခြင်းမှ ရှောင်ကြဉ်မူ၊
(၅) ပိသုဏဝါစာဝိရတိ = ကုန်းချောရန်တိုက် စကားပြောဆိုခြင်းမှ ရှောင်ကြဉ်မူ၊
(၆) ဖရုသဝါစာဝိရတိ = ကြမ်းတမ်းရိုင်းပြသော စကားပြောဆိုခြင်းမှ ရှောင်ကြဉ်မူ၊
(၇) သမ္ဖပ္ပလာပဝိရတိ = အကျိုးမရှိ၊ ပိန်ဖျင်းသော စကားပြောဆိုခြင်းမှ ရှောင်ကြဉ်မူ။

၃။ မနောသုစ ရိုက် ၃-ပါး
(၈) အနဘိဇ္ဈာ = သူတစ်ပါး၏ ဥစ္စာကို မတရားရယူရန် မကြံစည်မူ၊
(၉) အဗျာပါဒ = သူတစ်ပါး၏ အသက်နှင့် စည်းစိမ်ပျက်စီးရန် မကြံစည်မူ၊
(၁၀) သမ္မာဒိဋ္ဌိ = မှန်ကန်သောအယူကို ယုံကြည်မူ။

ပုညကြိယဝတ္ထု ၁၀-ပါး
ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမူတို့ကို ပုညကြိယဝတ္ထုဟု ခေါ်၏။

(၁) ဒါန = မိမိ၏ ပစ္စည်းဥစ္စာကို လှူဒါန်းပေးကမ်းမူ၊
(၂) သီလ = ၅-ပါး၊ ၈-ပါး၊ ၁၀-ပါးစသော သီလတို့ကို ဆောက်တည်မူ၊
(၃) ဘာဝနာ = သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ စီးဖြန်းမူ၊
(၄) အပစာယန = အသက်၊ သိက္ခာ၊ ဂုဏ်ကြီးမြင့်သောသူတို့အား ရိုသေမူ၊
(၅) ဝေယျာဝစ္စ = ရတနာသုံးပါး၊ မိဘဆရာတို့၏ အမူကိစ္စများနှင့် ကုသိုလ်ရေးကိစ္စများ၌ ပါဝင်ဆောင်ရွက်မူ၊
(၆) ပတ္တိဒါန = မိမိရသော ကုသိုလ်အဖို့ကို အမျှပေးဝေမူ၊
(၇) ပတ္တာနုမောဒန = သူတစ်ပါးပေးဝေသော ကုသိုလ်အဖို့ကို ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်မူ၊
(၈) ဓမ္မဿဝန = သူတော်ကောင်းတရားကို နာကြားမူ၊
(၉) ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ သူတော်ကောင်းတရားကို ဟောကြားမူ၊
(၁၀) ဒိဋ္ဌိဇုကမ္မ = အယူကို ဖြောင့်မှန်စွာ ယူမူ။

အထက်ပါ ပုညကြိယဝတ္ထု ၁၀-ပါးကို သဘောတူရာ အကျဉ်းပေါင်းယူလျှင် ဒါန၊ သီလ၊ ဘာဝနာ ၃-ပါးကိုသာ ရ၏။

ပတ္တိဒါနနှင့် ပတ္တာနုမောဒနတို့သည် ဒါန၌ အကျုံးဝင်၏။

အပစာယနနှင့် ဝေယျာဝစ္စတို့သည် သီလ၌ အကျုံးဝင်၏။

ဓမ္မဿဝန၊ ဓမ္မဒေသနာနှင့် ဒိဋ္ဌိဇုကမ္မတို့သည် ဘာဝနာ၌ အကျုံးဝင်၏။

(တစ်နည်း ဒိဋ္ဌိဇုကမ္မကို ဒါန၊ သီလ၊ ဘာဝနာ ၃-ပါးစလုံး၌ ထည့်သွင်းနိုင်၏။)

ပါဝစရကုသိုလ်ကံနှင့် အရူပါဝစရကုသိုလ်ကံ
ရူပါဝစရကုသိုလ်ကံ
သမထဘာဝနာပွားများခြင်းဖြင့် ရူပါဝစရ ပထမဈာန်ကုသိုလ်၊ ဒုတိယဈာန်ကုသိုလ်၊ တတိယဈာန်ကုသိုလ်၊ စတုတ္ထဈာန်ကုသိုလ်နှင့် ပဉ္စမဈာန်ကုသိုလ်တို့ကို ဖြည့်ကျင့်ဆည်းပူး နိုင်၏။ ဤရူပကုသိုလ်ကံတို့သည် သမာဓိထူထောင်၍ အားကြီးသော စိတ်စွမ်းအားဖြင့် တည်ဆောက်ရယူခြင်း ဖြစ်သည်နှင့်အညီ ကာမကုသိုလ်ကံတို့ထက်ပို၍ အစွမ်းထက်မြက် ကြ၏။ ကိစ္စကမ္မစတုက္ကတွင် ဂရုကကံစာရင်းတွင် ပါဝင်ကြ၏။

ရူပကုသိုလ်ကံ ၅-ပါးတို့သည် မနောကံဖြစ်ပြီး ဘာဝနာကုသိုလ်တွင် ပါဝင်ကြ၏။

အရူပါဝစရကုသိုလ်ကံ
ရူပပဉ္စမဈာန်ကို အခြေခံ၍ အထက်ထက်သော ဈာန်များကိုရအောင် သမထဘာဝနာ ပွားများသူသည် အာကာသာနဉ္စယတန ကုသိုလ်ကံ၊ ဝိညာဏဉ္စာယတနကုသိုလ်ကံ၊ အာကိဉ္စညာယတနကုသိုလ်ကံနှင့် နေဝသညာနာသညာယတနကုသိုလ်ကံတို့ကို ဖြည့်ဆည်းခွင့်ရ၏။ ဤအရူပဈာန်ကုသိုလ်ကံ ၄-ပါးသည် ရူပကုသိုလ်ကံထက်ပင် ပို၍ အားကြီးကြ၏။ ၎င်းတို့သည်လည်း မနောကံ ဘာဝနာကုသိုလ်များ ဖြစ်ကြ၏။

ဒွိဟိတ်ကုသိုလ်နှင့် တိဟိတ်ကုသိုလ်
ဒွိဟိတ်ကုသိုလ်နှင့် ကုသိုလ်ပြုသည့်အခါ၌ ကံ-ကံ၏အကျိုးကို သိသောကမ္မဿကတဉာဏ်၊ သို့မဟုတ် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဆင်ခြင်တတ်သည့် ဝိပဿနာဉာဏ်ပါဝင်လာလျှင် ထိုကုသိုလ်သည် တိဟိတ်ကုသိုလ်ဖြစ်၏။ ထိုသို့ ဉာဏ်မပါဝင်လျှင် ဒွိဟိတ်ကုသိုလ်ဖြစ်၏။
သြကမကုသိုလ်နှင့် ဥက္ကဋ္ဌကုသိုလ်
ကုသိုလ်မပြုခင်နှင့် ပြုပြီးနောက် အချိန်များတွင် လောဘ၊ ဒေါသ စသည့် အကုသိုလ်စိတ်များ ခြံရံနေလျှင် အညံ့စား သြမကကုသိုလ် ဖြစ်၏။ ကုသိုလ်မပြုခင်နှင့် ပြုပြီးနောက် အချိန်များတွင် အလောဘ၊ အဒေါသ စသည့်ကုသိုလ်စိတ်များ ခြံရံနေလျှင် အမြတ်စား ဥက္ကဋ္ဌကုသိုလ် ဖြစ်၏။

အကုသိုလ်ကံနှင့် ကုသိုလ်ကံတို့၏ အကျိုးပေးပုံ
ပဋိသန္ဓေအခါဟူသည်မှာ ပဋိသန္ဓေစိတ်ဥပါဒ်သည့် အခိုက်ကို ရည်ညွှန်း၏။ ပဝတ္တိအခါဟူသည်မှာ ပဋိသန္ဓေစိတ်ဥပါဒ်ပြီးသည်မှ စုတိစိတ်ကျသည့်အချိန်အထိ အပိုင်းအခြားကို ဆိုလို၏။

ပဋိသန္ဓေအကျိုးသည် ပဋိသန္ဓေစိတ်နှင့် ယှဉ်ဖက်စေတသိက်များ ပါဝင်ကြသော ဝိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်တို့ ဖြစ်ကြ၏။ ကဋတ္တာရုပ်သည် ကံကြောင့်ဖြစ်သော ကမ္မဇရုပ်နှင့် ဥတုကြောင့်ဖြစ်သော ဥတုဇရုပ်တို့ ဖြစ်ကြ၏။ ပဝတ္တိအကျိုးဟူသည်မှာ ဘဝင်စိတ်နှင့် ယှဉ်ဖက်စေတသိက်များ ပါဝင်ကြသော ဝိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်တို့ ဖြစ်ကြ၏။

ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်နှင့် စုတိစိတ်တို့သည် ပုဂ္ဂိုလ်တစ်ဦး၏ တစ်သက်တာ၌ အမြဲတူညီကြရသော တရားများဖြစ်ကြ၏။ ဘုံ၊ ဇာတ်၊ သမ္ပယုတ်တရား၊ သင်္ခါရ၊ အာရုံအားဖြင့် အားလုံးတူညီကြ၏။

အကုသိုလ်ကံအကျိုးပေးပုံ
ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာကံ ၁၁-ပါးတို့သည် ပဋိသန္ဓေအခါ၌ အပါယ် ၄-ဘုံတွင် အကုသလဝိပါက် ဥပေက္ခာ သန္တီရဏဟူသည့် အပါယ်ပဋိသန္ဓေကို ဖြစ်စေ၏။

ဥဒ္ဓစ္စနှင့်တကွသော အကုသိုလ် စေတနာကံတို့သည် ပဝတ္တိအခါ၌ ကာမ ၁၁-ဘုံတွင် အကုသလဝိပါက် ၇-ပါးတို့ ဖြစ်စေ၏။ အသညသတ်ကြဉ်သည့် ရူပ ၁၅-ဘုံ၌ ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်တို့မှတစ်ပါး အကုသလဝိပါက် ၄-ပါးကို ဖြစ်စေ၏။

ကာမကုသိုလ်ကံအကျိုးပေးပုံ
မဟာကုသိုလ်ကံ ဉာဏဝိပ္ပယုတ် ဒွိဟိတ်သြမက ၄-ပါးသည် ပဋိသန္ဓေအခါ၌ လူ့ဘုံနှင့် အောက်စတုမဟာရာဇ်ဘုံတို့တွင် ကုသလဝိပါက် ဥပေက္ခာ သန္တီရဏဟူသော ကာမသုဂတိ အဟိတ်ပဋိသန္ဓေကို ဖြစ်စေ၏။ ပဝတ္တိအခါ၌ကား ကာမ ၁၁-ဘုံလုံးတွင် အဟိတ်ကုသလဝိပါက် ၈-ပါးလုံးကို ဖြစ်စေ၏။ အသညသတ်ကြဉ်သည့် ရူပ ၁၅-ဘုံ၌လည်း ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်နှင့် ကာယဝိညာဏ်တို့ကို ကြဉ်သော အဟိတ်ကုသလဝိပါက် ၅-ပါးကို ဖြစ်စေ၏။

မဟာကုသိုလ်ဒွိဟိတ် ဥက္ကဋ္ဌကံ ၄-ပါးနှင့် တိဟိတ်သြမကကံ ၄-ပါးတို့သည် ပဋိသန္ဓေအခါဝယ် ကာမသုဂတိ ၇-ဘုံ၌ မဟာဝိပါက် ဒွိဟိတ် ပဋိသန္ဓေ ၄-ပါးကို ဖြစ်စေ၏။ ပဝတ္တိအခါ၌ကား ကာမသုဂတိ ၇-ဘုံ၌ ဉာဏဝိပ္ပယုတ် မဟာဝိပါက် ၄-ပါးနှင့် အဟိတ်ကုသလဝိပါက်၈-ပါး၊ ပေါင်း ၁၂-ပါးတို့ကို ဖြစ်စေ၏။ အပါယ် ၄-ဘုံ၌လည်း အဟိတ်ကုသလဝိပါက် ၈-ပါးတို့ကို ဖြစ်စေ၏။ အသညသတ်ကြဉ်သည့် ရူပ ၁၅-ဘုံ၌မူ ဃာနာဒိတ္တယ ၆-ပါးတို့မှကြွင်းသော အဟိတ်ကုသလဝိပါက် ၅-ပါးကို ဖြစ်စေ၏။

မဟာကုသိုလ်တိဟိတ် ဥက္ကဋ္ဌကံ ၄-ပါးတို့သည် ပဋိသန္ဓေအခါဝယ် ကာမသုဂတိ ၇-ဘုံ၌ မဟာဝိပါက်တိဟိတ် ပဋိသန္ဓေ ၄-ပါးကို ဖြစ်စေ၏။ ပဝတ္တိအခါ၌ကား ကာမသုဂတိ ၇-ဘုံ၌ မဟာဝိပါက် ၈-ပါးနှင့် အဟိတ်ကုသလဝိပါက် ၈-ပါး၊ ပေါင်း ၁ ၆-ပါးတို့ကို ဖြစ်စေ၏။

အပါယ် ၄-ဘုံ၌လည်း အဟိတ်ကုသလဝိပါက် ၈-ပါးကို ဖြစ်စေ၏။ အသညသတ်ကြဉ်သည့် ရူပ ၁၅ -ဘုံ၌မူ ဃာနာဒိတ္တယကြဉ် အဟိတ်ကုသလဝိပါက် ၅-ပါးတို့ကို ဖြစ်စေ၏။

ရူပကုသိုလ်ကံနှင့် အရူပကုသိုလ်ကံအကျိုးပေးပုံ
ရူပကုသိုလ်ကံအကျိုးပေးပုံ
ဈာန်နှင့် ယှဉ်ဖက်ဖြစ်သော ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ(ပညာ) တရားတို့တွင် တစ်ပါးပါးသည် အဓိပတိ(အကြီးအကဲ) ဖြစ်ရိုးတည်း။ ထိုအဓိပတိတရား၏ အညံ့စား၊ အလတ်စား၊ အမြတ်စားပေါ်မူတည်၍ ဈာန်ကို အညံ့စား(ပရိတ္တ)၊ အလတ်စား(မဇ္ဈိမ)၊ အမြတ်စား(ပဏီတ)ဟူ၍ ၃-မျိုးခွဲခြားရ၏။

အညံ့စား ပထမဈာန်ကုသိုလ်ကံသည် ဗြဟ္မပါရိသဇ္ဇာဘုံ၌ ပထမဈာန်ဝိပါက် ပဋိသန္ဓေကို ဖြစ်စေ၏။ အလတ်စား ပထမဈာန် ကုသိုလ်ကံသည် ဗြဟ္မပုရောဟိတာဘုံ၌ ပထမဈာန်ဝိပါက် ပဋိသန္ဓေကို ဖြစ်စေ၏။ အမြတ်စား ပထမဈာန် ကုသိုလ်ကံသည် မဟာဗြဟ္မာဘုံ၌ ပထမဈာန်ဝိပါက် ပဋိသန္ဓေကို ဖြစ်စေ၏။

အညံ့စား ဒုတိယဈာန်နှင့် တတိယဈာန် ကုသိုလ်ကံတို့သည် ပရိတ္တာဘာဘုံ၌ ဒုတိယဈာန်ဝိပါက်နှင့် တတိယဈာန်ဝိပါက် ပဋိသန္ဓေကို ဖြစ်စေကြ၏။ အလတ်စား ဒုတိယဈာန်နှင့် တတိယဈာန်ကုသိုလ်ကံတို့သည် အပ္ပမာဏာဘုံ၌ ဒုတိယဈာန်ဝိပါက်နှင့် တတိယဈာန်ဝိပါက် ပဋိသန္ဓေတို့ကို ဖြစ်စေကြ၏။ အမြတ်စား ဒုတိယဈာန်နှင့် တတိယဈာန်ကုသိုလ်ကံတို့သည် အာဘဿရာဘုံ၌ ဒုတိယဈာန်ဝိပါက်နှင့် တတိယဈာန်ဝိပါက် ပဋိသန္ဓေတို့ကို ဖြစ်စေကြ၏။

အညံ့စား စတုတ္ထဈာန် ကုသိုလ်ကံသည် ပရိတ္တသုဘာဘုံ၌ စတုတ္ထဈာန်ဝိပါက် ပဋိသန္ဓေကို ဖြစ်စေ၏။ အလတ်စား စတုတ္ထဈာန် ကုသိုလ်ကံသည် အပ္ပမာဏသုဘာဘုံ၌ စတုတ္ထဈာန်ဝိပါက် ပဋိသန္ဓေကို ဖြစ်စေ၏။ အမြတ်စား စတုတ္ထဈာန် ကုသိုလ်ကံသည် သုဘကိဏှာဘုံ၌ စတုတ္ထဈာန်ဝိပါက် ပဋိသန္ဓေကို ဖြစ်စေ၏။

ပဉ္စမဈာန် ကုသိုလ်ကံသည် ဝေဟပ္ဖိုလ်ဘုံ၌ ပဉ္စမဈာန်ဝိပါက် ပဋိသန္ဓေကို ဖြစ်စေ၏။ ဤပဉ္စမဈာန် ကုသိုလ်ကံသည်ပင်လျှင် ရုပ်ကို မမုန်းဘဲ စိတ်သညာကိုမုန်းလျက် `သညာဝိရာဂ ဘာဝနာ´ အဖြစ်သို့ ရောက်အောင် ဘာဝနာပွားများသော ပုဂ္ဂိုလ်အား အသညသတ်ဘုံ၌ ရုပ်ပဋိသန္ဓေကို ဖြစ်စေ၏။

ဤပဉ္စမဈာန် ကုသိုလ်ကံသည်ပင်လျှင် ကာမရာဂကင်းပြီးသော အနာဂါမ်ပုဂ္ဂိုလ်တို့အား သုဒ္ဓါဝါသ ၅-ဘုံတို့၌ ပဉ္စမဈာန်ဝိပါက် ပဋိသန္ဓေကို ဖြစ်စေ၏။ ထိုသို့ဖြစ်စေရာ သဒ္ဓိနြေ္ဒလွန်ကဲသော ပုဂ္ဂိုလ်တို့အား အဝိဟာဘုံ၌ ဖြစ်စေ၏။ ဝီရိယိနြေ္ဒလွန်ကဲသော ပုဂ္ဂိုလ်တို့အား အတပ္ပါဘုံ၌ ဖြစ်စေ၏။ သတိနြေ္ဒလွန်ကဲသော ပုဂ္ဂိုလ်တို့အား သုဒဿာဘုံ၌ ဖြစ်စေ၏။ သမာဓိနြေ္ဒလွန်ကဲသော ပုဂ္ဂိုလ်တို့အား သုဒဿီဘုံ၌ ဖြစ်စေ၏။ ပညိနြေ္ဒလွန်ကဲသော ပုဂ္ဂိုလ်တို့အား အကနိဋ္ဌဘုံ၌ ဖြစ်စေ၏။

အရူပ ကုသိုလ်ကံ အကျိုးပေးပုံ
အာကာသာနဉ္စာယတန ကုသိုလ်ကံသည် အာကာသာနဉ္စာယတနဘုံ၌ အာကာသာနဉ္စာယတနဝိပါက် ပဋိသန္ဓေကို ဖြစ်စေ၏။ ဝိညာဏဉ္စာယတန ကုသိုလ်ကံ၊ အာကိဉ္စညာယတန ကုသိုလ်ကံ၊ နေဝသညာနာသညာယတန ကုသိုလ်ကံ အသီးသီးတို့သည်လည်း ဆိုင်ရာဘုံ၌ ဆိုင်ရာဝိပါက် ပဋိသန္ဓေကို ဖြစ်စေကြ၏။

သေခြင်းအကြောင်း ၄-ပါး
ထွန်းညှိထားသော ဆီမီးသည်
(၁) မီးစာကုန်ခြင်းကြောင့်လည်း ငြိမ်း၏။
(၂) ဆီကုန်ခြင်းကြောင့်လည်း ငြိမ်း၏။
(၃) မီးစာနှင့် ဆီနှစ်မျိုးလုံး ကုန်ခြင်းကြောင့်လည်း ငြိမ်း၏။
(၄) မီးစာနှင့်ဆီ နှစ်မျိုးလုံး မကုန်သေးဘဲလျက် ရုတ်တရက် လေပြင်း တိုက်ခတ်သောကြောင့် သို့မဟုတ် တမင်ငြိမ်သတ်သောကြောင့် ငြိမ်း၏။

ထို့အတူ …
(၁) အာယုက္ခယမရဏ = သက်တမ်းကုန်၍ သေခြင်း၊
(၂) ကမ္မက္ခယမရဏ = ကံကုန်၍ သေခြင်း၊
(၃) ဥဘယက္ခယမရဏ = သက်တမ်းနှင့် ကံ နှစ်ပါးစုံ ကုန်၍ သေခြင်း၊
(၄) ဥပေစ္ဆဒကမရဏ = သက်တမ်းနှင့် ကံ နှစ်ပါးစုံ မကုန်သေးဘဲလျက် လတ်တလောသေခြင်းဟူ၍ သေခြင်း ၄-မျိုးရှိ၏။

စုတေခါနီးအာရုံထင်ပုံ
သတ္တဝါတစ်ဦး သေခါနီးသောအခါ၌ မရဏာသန္နဇောစော၏။ ထိုအခါ စုတေပြီးနောက် အခြားမဲ့သော နောက်ဘဝ၌ ပဋိသန္ဓေအကျိုးကို ပေးဖို့ရာ အခွင့်သာသောကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံ တစ်ပါးပါးသည် ကံအများထဲမှ ရှေးရူထွက်ပြူလာသကဲ့သို့ ထင်ပေါ်လာတတ်၏။ ထိုကံအာရုံကို ကံနိမိတ်ဟုခေါ်၏။

သို့တည်းမဟုတ် ထိုကံကို ပြုလုပ်စဉ်အခါက ကြုံတွေ့ခဲ့ရသော အာရုံများသည် ကမ္မနိမိတ်အဖြစ် ထင်ပေါ်လာတတ်၏။ သို့တည်းမဟုတ် ထိုကံအကျိုးပေးရာ လားရောက်ရမည့် ဘုံဌာန၏ အာရုံနိမိတ်များလည်း ဂတိနိမိတ်အဖြစ် ထင်ပေါ်လာတတ်၏။

မရဏာသန္န ဝီထိ
သတ္တဝါတို့သည် စုတေခါနီးအချိန်၌ မရဏာသန္နဇောစောကြ၏။

အတိမဟန္တာရုံ စက္ခုဒွါရ မရဏာသန္န ၂-ဝီထိကျပုံ
တီ-န-ဒ`ပ-စ-သံ-ဏ-ဝု-ဇ-ဇ-ဇ-ဇ-ဇ-ရုံ-ရုံ-ဘဝင်-စုတိ-ပဋိ´-ဘဝင်-
တီ-တီ-န-ဒ`ပ-စ-သံ-ဏ-ဝု-ဇ-ဇ-ဇ-ဇ-ဇ-ရုံ-ရုံ-ဘဝင်-စုတိ-ပဋိ´-ဘဝင်-

အတီတဘဝင်တစ်ချက်လွန်နှင့်အတူ ဥပါဒ်သော ပစ္စုပ္ပန် ကမ္မနိမိတ် ဂတိနိမိတ် ၂-ပါးတို့တွင် တစ်ပါးပါးသော နိမိတ်အာရုံသည် စက္ခုဒွါရ၌ အလွန်ထင်ရှားစွာ ထင်လာသည်ရှိသော ဘဝင် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ထိုထင်လာသော အာရုံကို အာရုံပြုလျက် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ ဝုေဋ္ဌာ၊ မရဏာသန္နဇော ၅-ကြိမ်၊ တဒါရုံ ၂-ကြိမ်၊ ဘဝင် ၁-ကြိမ်၊ ထို့နောက် စုတိစိတ်ကျ၍ သေဆုံးပြီးလျှင် ၎င်းစုတိစိတ်၏ အခြားမဲ့၌ နောက်ဘဝသစ်၏ ပဋိသန္ဓေစိတ်သည် မရဏာသန္နဇော၏ အာရုံကိုပင် အာရုံပြုလျက်ဖြစ်၍ ချုပ်၏။ ထို့နောက် ဘဝင်ကျ၍ သွား၏။

မဟန္တာရုံ စက္ခုဒွါရ မရဏာသန္န ၂-ဝီထိကျပုံ
တီ-တီ-တီ-န-ဒ-`ပ-စ-သံ-ဏ-ဝု-ဇ-ဇ-ဇ-ဇ-ဇ-ဘဝင်-စု-ပဋိ´-ဘဝင်-
တီ-တီ-တီ-တီ-န-ဒ-`ပ-စ-သံ-ဏ-ဝု-ဇ-ဇ-ဇ-ဇ-ဇ-ဘဝင်-စု-ပဋိ´-ဘဝင်-

အတိဝိဘူတာရုံ မနောဒွါရ မရဏာသန္န ၂-ဝီထိကျပုံ
တီ-န-ဒ-`မ-ဇ-ဇ-ဇ-ဇ-ဇ-ရုံ-ရုံ-ဘဝင်-စုတိ-ပဋိ´-ဘွင်-
တီ-တီ-န-ဒ-`မ-ဇ-ဇ-ဇ-ဇ-ဇ-ရုံ-ရုံ-စုတိ-ပဋိ´-ဘွင်-

အတီတဘဝင် ၁-ချက်လွန်နှင့်အတူ ဥပါဒ်သော ပစ္စုပ္ပန်ကမ္မနိမိတ်၊ ဂတိနိမိတ် ၂-ပါးတွင် တစ်ပါးပါးသော နိမိတ်အာရုံသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ထိုထင်လာသော အာရုံကို အာရုံပြုလျက် မနောဒွါရာဝဇ္ဇန်း၊ မရဏာသန္နဇော ၅-ကြိမ်၊ တဒါရုံ ၂-ကြိမ်၊ ဘဝင် ၁-ကြိမ်၊ ထို့နောက် စုတိစိတ်ကျ၍ သေဆုံးပြီးလျှင် ၎င်းစုတိစိတ်၏ အခြားမဲ့၌ နောက်ဘဝသစ်၏ ပဋိသန္ဓေစိတ်သည် မရဏာသန္နဇော၏ အာရုံကိုပင် အာရုံပြုလျက် ဖြစ်၍ချုပ်၏။ ထို့နောက် ဘဝင်ကျ၍ သွား၏။

ဝိဘူတာရုံမနောဒွါရ မရဏာသန္န ၂-ဝီထိကျပုံ
တီ-တီ-တီ-န-ဒ-`မ-ဇ-ဇ-ဇ-ဇ-ဇ-ဘဝင်-စုတိ-ပဋိ´-ဘွင်-
တီ-တီ-တီ-တီ-န-ဒ-`မ-ဇ-ဇ-ဇ-ဇ-ဇ-စုတိ-ပဋိ´-ဘွင်-

ပဋိသန္ဓေစိတ်နှင့် အာရုံ
စုတိစိတ်အဆုံးသတ်ချုပ်ပြီးသည့်အခြားမဲ့၌ ကာလမခြားဘဲ ပဋိသန္ဓေစိတ် ဆက်ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ မစုတေမီ ရှေ့ဘဝက မရဏာသန္နဝီထိဇောတို့ ယူခဲ့သော အာရုံကို ဆက်လက်အာရုံပြု၏။ မရဏာသန္နဝီထိစိတ်က ကံကို အာရုံယူလျှင် ပဋိသန္ဓေစိတ်သစ်လည်း ကံအာရုံကိုပင် ဆက်ယူ၏။ ကမ္မနိမိတ် သို့မဟုတ် ဂတိနိမိတ်ကို အာရုံယူခဲ့လျှင် ထိုကမ္မနိမိတ် သို့မဟုတ် ဂတိနိမိတ်ကိုပင် ဆက်လက်အာရုံ ပြု၏။

ထိုပဋိသန္ဓေစိတ်သည် အလိုအလျောက် ပေါ်ပေါက်လာသည်မဟုတ်၊ မဟာဗြဟ္မာစသည့် တန်ခိုးရှင်တို့ ဖန်ဆင်းလိုက်သည်လည်းမဟုတ်၊ ရှေးရှေးက ပြုခဲ့သော ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံဟူသည့် သင်္ခါရက ဖြစ်စေသည့် အကျိုးဝိပါက်တည်း။

ထိုပဋိသန္ဓေစိတ်သည် ဘဝဟောင်း၌ ဥပါဒ်ခဲ့ပြီး ဌီအခိုက်ကျမှ ဘဝသစ်၌ တည်သည်မဟုတ်။ ဥပါဒ်လျှင် ဥပါဒ်ချင်းဘဝသစ်၌ တည်၏။

ရူပါဝစရပဋိသန္ဓေ၏ အာရုံကား ပညတ်ဖြစ်သော ကမ္မနိမိတ်တည်း။ ရူပါဝစရဈာန်သည် ကသိုဏ်းစသော ပညတ်ကို အာရုံပြုရကား စုတေခါနီး၌ ဈာန်အာရုံဖြစ်သော ကသိုဏ်းပညတ်များသည် ကမ္မနိမိတ်အဖြစ် ထင်လာကြရမြဲဖြစ်၏။ ထို့ကြောင့် စုတိ၏အခြားမဲ့၌ ဗြဟ္မာပြည်တွင်ဖြစ်သော ပဋိသန္ဓေစိတ်သည် ထိုကသိုဏ်းစသော ပညတ်ကမ္မနိမိတ်ကို ဆက်၍ အာရုံပြု၏။

အရူပါဝစရပဋိသန္ဓေ၏ အာရုံသည်လည်း ကမ္မနိမိတ်ပင်ဖြစ်၏။ ထိုကမ္မနိမိတ်သည် ပညတ်မဟဂ္ဂုတ် ၂-မျိုးတွင် ထိုက်သလိုဖြစ်၏။

အရူပ၊ ရူပ၊ ကာမ စုတိနောင် ပဋိသန္ဓေအပြား
အရူပ စုတိနောင် ပဋိသန္ဓေအပြား
အာကာသာနဉ္စာယတနစုတိနောင် အရူပပဋိသန္ဓေ ၄-ပါးနှင့် ကာမတိဟိတ်ပဋိသန္ဓေ ၄-ပါးဟူ၍ ပဋိသန္ဓေ ၈-ပါး ဖြစ်နိုင်၏။

ဝိညာဏဉ္စာယတနတွင် စုတိနောင် အာကာသာနဉ္စာယတနကြဉ်သော အရူပပဋိသန္ဓေ ၃-ပါးနှင့် ကာမတိဟိတ် ပဋိသန္ဓေ ၄-ပါးဟူ၍ ပဋိသန္ဓေ ၇-ပါး ဖြစ်နိုင်၏။

အာကိဉ္စညာယတန စုတိနောင် အာကိဉ္စညာယတန၊ နေဝသညာနာသညာယတနဟူသော အရူပပဋိသန္ဓေ ၂-ပါးနှင့် ကာမတိဟိတ် ပဋိသန္ဓေ ၄-ပါးဟူ၍ ပဋိသန္ဓေ ၆-ပါး ဖြစ်နိုင်၏။

နေဝသညာနာသညာယတန စုတိနောင် နေဝသညာနာသညာယတန ပဋိသန္ဓေ ၁-ပါးနှင့် ကာမတိဟိတ် ပဋိသန္ဓေ ၄-ပါးဟူ၍ ပဋိသန္ဓေ ၅-ပါး ဖြစ်နိုင်၏။

ရူပ စုတိနောင် ပဋိသန္ဓေအပြား
ရူပါဝစရစုတိနောင် အဟိတ်ပဋိသန္ဓေ ၂-ပါးကြဉ်သော ကာမ ဒွိဟိတ် ပဋိသန္ဓေ ၄-ပါး၊ ကာမတိဟိတ် ပဋိသန္ဓေ ၄-ပါး၊ ရူပပဋိသန္ဓေ ၆-ပါး၊ အရူပပဋိသန္ဓေ္ဓ ၄-ပါးဟူ၍ ပဋိသန္ဓေ ၁၈-ပါးသာ ဖြစ်နိုင်၏။

အသညသတ်စုတိနောင် ကာမတိဟိတ်၊ ဒွိဟိတ်ပဋိသန္ဓေ ၈-ပါးသာ ဖြစ်နိုင်၏။

ကာမ စုတိနောင် ပဋိသန္ဓေအပြား
ကာမတိဟိတ်စုတိ ၄-ပါးနောင် အဟတိတ်ပဋိသန္ဓေ ၂-ပါး၊ ကာမဒွိဟိတ်တိဟိတ်ပဋိသန္ဓေ ၈-ပါး၊ ရူပပဋိသန္ဓေ ၆-ပါး၊ အရူပပဋိသန္ဓေ ၄-ပါးဟူ၍ ပဋိသန္ဓေ ၂၀ ဖြစ်နိုင်၏။

ဒွိဟိတ်စုတိ ၄-ပါးနောင် ကာမပဋိသန္ဓေ ၁၀-ပါး ဖြစ်နိုင်၏။

အဟိတ်စုတိ ၂-ပါးနောင် ကာမပဋိသန္ဓေ ၁၀-ပါးလုံး ဖြစ်နိုင်၏

************** ဘုံပိုင်း ပြီး၏*************************

No comments:

Post a Comment