Search This Blog

Saturday, April 25, 2020

နီဝရဏတရား ( မိုးကုတ်ဆရာတော်ဘုရားကြီး)

နီဝရဏတရား ( မိုးကုတ်ဆရာတော်ဘုရားကြီး)

 နီဝရဏတရားဆိုတာ မဂ်ဖိုလ်ကို (မရအောင်) ပိတ်ပင်တားဆီး ဖုံးလွှမ်းတားတဲ့တရားလို့မှတ်၊ နီဝရဏတရားမှာ"လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ"လို့ ၅-ပါးရှိတယ်။ ဒီ နီဝရဏတရား ၅-ပါးကဝင်ရောက်နှောက်ယှက်လို့ရှိရင် ခန္ဓာထဲဉာဏ်စိုက် ရှုငြားသော်လည်းပဲ၊ ခန္ဓာထဲမှာရှိတဲ့ဖြစ်ပျက်=အနိစ္စသဘောကို မမြင်နိုင်ဘူး၊ မမြင်တော့ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မလိုက်တော့ မဂ်ဖိုလ်မရနိုင်ဘူး၊ မဂ်ဖိုလ်မရတော့ သံသရာတလျှောက်လုံးမှာ တဒိုင်းဒိုင်းပြေးနေရတာပေါ့၊ ဒုက္ခစက်ရဟတ်ကြီး ချာချာလည်နေရတာ
ပေါ့၊ ဒါကြောင့် ဒီနီဝရဏတရား ၅-ပါးကို မိမိဉာဏ်အပေါ် မဖုံးလွှမ်းနိုင်အောင် ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်မှသာလျှင် ခန္ဓာထဲရှိ ဖြစ်ပျက်အနိစ္စတွေကို မြင်နိုင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရ၍ မိမိ၏ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ ဒုက္ခခမ်သိမ်း ကင်းငြိမ်းသွားမယ်။

စိတ်ဝိညာဏ်ဟာ ၆-မျိုးရှိတယ်၊ ဆိုင်ရာဝတ္တုရုပ်အသီးသီးမှာ မှီပြီးဖြစ်တယ်၊ စက္ကုဝိဉာဏ်စိတ်က မျက်လုံးမှာပေါ်တယ် ၊ သောတဝိဉာဏ်စတ်၊ ဃာနဝိဉာဏ်စိတ်၊ ဇိဝှာဝိဉာဏ်စိတ်၊ ကာယဝိဉာဏ်စိတ် တို့ဟာလဲ့ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် အသီးသီးမှာပေါ်တယ်၊ မနောဝိညာဏ်စိတ်ကတော့ ဟဒယရုပ်ခေါ်တဲ့ နှလုံးသွေးထဲမှာပေါ်တယ် ၊ ဒီစိတ်ဟာ အာရုံနဲ့ ဒွါရတိုက်ဆိုင်တဲ့ အခါမှာဖျတ်ခနဲ့ဖျတ်ခနဲ့ ပေါ်လာရတယ်၊ ဟဒယဝတ္ထုနှလုံးသွေးဟာအသစ်အသစ်ဖြစ်ပြီး အမြဲပြောင်းလဲနေတယ်၊ နှလုံးသွေးကဖြူနေရင် ကြည်နေရင်ဒီမှာပေါ်တဲ့စိတ်ကလဲကြည်လင်နေပြီး ဉာဏ်ပညာကဘလဲ ထိုးထွင်သိတော့တာပဲ၊ အကယ်၍နှလုံးသွေးက
နောက်နေရင်ဒီအထဲမှာပေါ်တဲ့စိတ်ကလဲ နောက်တောက်တောက်ဖြစ်နေတော့၊ ဉာဏ်ကထိုးတွင်ပြီးမသိနိုင်တော့ဘူး၊ ဒီတော့ခုနကပြောခဲ့တဲ့ နီဝဏတရားတွေက ဝင်ရောက်နှောက်ယှက်လို့ရှိရင်၊ စိတ်ဟာမကြည်မလင်နောက်တောက်တောက်ဖြစ်ပြီး ဉာဏ်ကထိုးထွင်းမသိနိုင်တော့ဘူး၊ ဒီနီဝရဏအကြောင်းကို ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာလာတဲ့ ဝတ္ထုနဲ့တကွရှင်းပြမယ်၊ ဘုရားရှင်ဟာ စမ္ပာနဂိုရ်ပြည်မှာ သီတင်းသုံးနေတယ်၊ သင်္ဂါရဝဆိုတဲ့ သတို့သားတစ်ယောက်ဟာ ဘုရားရှင်ဆီလာပြီး တပည့်တော်ပုဏ္ဏားထုံးစံအတိုင်းဗေဒင်ကျမ်းဂန်တွေညညရွတ်ဖတ်သရဇ္ဈာယ်တဲ့အခါ၊ တစ်ခါတစ်လေ တစ်လုံးမှသတိမရဘူးး အကုန်မေ့
ကုန်တယ်ဘုရား၊ တစ်ခါတစ်လေကျပြန်တော့ ရပြီးသားစာတွေမပြင် မရသေးတာတွေတောင် ဉာဏ်ထဲမှာထင်လာပါတယ်ဘုရား၊ အဲဒါဘာကြောင့်ပါလဲဘုရားလို့ မေးလျှောက်တယ်၊ ဒီတော့ ဘုရားက ငါရှင်းပြမယ်ကွာဆိုပြီး ဥပမာကလေးနဲ့ဒီလိုရှင်းပြလိုက်တယ်။

၁)ခွက်တစ်ခုထဲမှာကြည်နေတဲ့ရေကိုထည့်လိုက်၊ နောက်ဒီရေထဲကိုဆေးနီ ဆေးဝါ ဆေးပြာတွေရောထည့်လိုက်။ရေကိုငြိမ်အောင်ထားပြီး မင်းမျက်နှာဟပ်ကြည့်လိုက်စမ်း၊ မျက်နှာရိပ်ထင်ထင်ရှားရှား မြင်နိုင်ပါမလား၊ မမြင်နိုင်ဘူး၊ ဒီလိုပဲ နဂိုစိတ် (ဘဝင်စိတ်) ဟာကြည်နေတယ်၊ သူ့မှိရာနှလုံးသွေးဟာလဲ ကြည်နေတယ်၊ ဒီနှလုံးသွေးအကြည်ထဲမှာ လောဘစိတ်ကလေး ဝင်လာ ပေါ်လာလို့ရှိရင်၊ စိတ်ဟာနောက်ကျိသွားပြီး သိပြီးသားစာတွေတောင် မမှတ်မိမသိနိုင်တော့ဘူး၊ ဒီမှာလဲ ဝိပဿနာအားထုတ်ရာမှာလဲ ထိုအတူပဲ
သားသမီးအတွက်စီးပွားရေးအတွက် လောဘစိတ်ဝင်လာရင် ခန္ဓာထဲမှာ နဂိုကရှိနေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တအသုဘ၊ ဒုက္ခသစ္စာရိပ်တွေကို ဉာဏ်နဲ့ဆင်ခြင်တဲ့ အခါမှာ မသိမမြင်နိုင်တော့ဘူး၊ ဒီတော့ရေထဲမှာရှိတဲ့ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေ ဖယ်ပစ်ပြီး ရေငြိမ်အောင်ထားပြီး မျက်နှာဟပ်ကြည့်မှ မျက်နှာရိပ်ကို ထင်ထင်ရှားရှားမြင်နိုင်သလို၊ ဒီပေါ်လာတဲ့လောဘစိတ်ကို ဖြစ်ပျက်ရှုပြီး ဖယ်ရှားပစ်ရမယ်၊ အဲဒါဖယ်ရှားပစ်ပြီးမှ မိမိရှုနေတဲ့ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီး ခန္ဓာဉာဏ်စိုက်ကြည့်လိုက်ရင် ခန္ဓာထဲမှာ နဂိုရှိနေတဲ့
အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာအရိပ်တွေ တစ်ခုခုဟာ ထင်ထင်ရှားရှားမြင်နိုင်တယ်၊ ဒီတော့ ခင်ဗျားတို့ခန္ဓာထဲ့ဉာဏ်စိုက်ပြီး ဖြစ်ပျက်ရှုလို့ မမြင်တာဟာ ဒီလောဘစိတ်ကဝင်ရှုပ်လို့မမြင်ရတာ၊ ဒီတော့လောဘစိတ်ဝင်လာရင်သူ့ကို အရင်ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်ပြီးမှ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီးရှုပါ၊ ဒါမှဖြစ်ပျက် အနိစ္စတွေမြင်လာမယ်။

(၂) ဒုတိယအချက်ကတော့ ဒေါသပဲ၊ ဒေါသစိတ်ဖြစ်နေရင် နှလုံးသွေးဟာ ပွက်ပွက်ဆူနေတာပဲ၊ ပွက်ပွက်ဆူနေတဲ့ရေနွေးထဲကို မျက်နှာရိပ်ဟပ်ကြည့်ပါ၊ ရေက ပွက်ပွက်ဆူနေပြီးအခိုးတွေထနေတော့ မျက်နှာရိပ်မမြင်နိုင်ဘူး၊ ဒီလိုပဲဒေါသစိတ်ဝင်ရှုပ်နေတဲ့အခါ နဂိုရထားတဲ့စာတွေတောင်အကုန်မေ့သွားရတယ်၊ ဒီမှာလဲဝိပဿနာရှုတဲ့ နေရာမှာလဲ ဒေါသစိတ်ဖြစ်တဲ့အခါခန္ဓာကိုယ်ထဲကို ဉာဏ်နဲ့ကြည့်ပါ၊ ခန္ဓာမှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာကြီးကိုဘယ်တော့မှမမြင်နိုင်ဘူး၊ ဒေါသဆိုတဲ့ရေဆူပြီး အခိုးထနေတာကိုဒီတော့ရေအခိုးငြိမ်အောင်ရေအေးရေငြိမ်အောင်ထားပြီး မျက်နှာရိပ်ဟပ်ပြီးကြည့်တော့ မျက်နှာရိပ်မြင်ရသ
လိုဒီပေါ်လာတဲ့ဒေါသကို ဖြစ်ပျက်ရှုပြီး အရင်ဖယ်ပစ်ရမယ်၊ ဒီလိုဖယ်ရှားပစ်ပြီးမှ မူလကမ္မဋ္ဌာန်းကိုပြန်ကောက်၊ ဒီလိုရှုတော့မှ ခန္ဓာထဲမှာရှိတဲ့ ဖြစ်ပျက်အနိစ္စတွေကို မြင်လာလိမ့်မယ်။

(၃) တတိယ အချက်က ထိနမိဒ္ဓပဲ၊ ထိနမိဒ္ဓဆိုတာကိုယ်စိတ်ကိုကိုယ်မနိုင်တာငိုက်မျည်းသွားတာ ၊ရေကန် ထဲကရေပြင်မှာ မှော်တွေဖုံးအုပ်နေတဲ့အခါ ၊ မျက်နှာကိုဟပ်ကြည့်ရင်မျက်နှာရိပ်ကိုမမြင်နိုင်ဘူး၊ ဒီလိုပဲ
ဟဒယဝတ္ထုနှလုံးသွေးထဲမှာ ထိနမိဒ္ဓ၊ ငိုက်မျည်းတဲ့စိတ်ကဝင်ရောက်နှောက်ယှက်နေရင်ရပြီးသားစာတွေ
မေ့မှာပဲ၊ အခု ဝိပဿနာရှုတဲ့နေရာမှာလဲ ထိနမိဒ္ဓဆိုတဲ့ ငိုက်မျည်းတဲ့စိတ်က ဟဒယဝတ္ထုနှလုံးသွေးမှာဝင်
ရောက် ဖုံးလွှမ်းနေရင်ဉာဏ်ဝင်ခွင့်မရလို့ ခန္ဓာထဲရှိတဲ့ဖြစ်ပျက်အနိစ္စတွေ မမြင်နိုင်ဘူး၊ ဒီတော့ ဖုံးနေတဲ့မှော်
တွေဖယ်ရှားပစ်ပြီး မျက်နှာရိပ်ကိုဟပ်ကြည့်မှ ထင်ထင်ရှားရှားမြင်ရမယ်၊ ဒီမှာလဲ ဉာဏ်ပေါ်မှာဖုံးနေတဲ့
ထိနမိဒ္ဓကိုအရင် ဖြစ်ပျက်ရှုပြီး ဟဒယဝတ္ထု နှလုံးသွေးမှ ဖယ်ရှားပစ်ပြီးမှရှုနေတဲ့မူလကမ္မဋ္ဌာန်းကို ပြန်
ကောက်ပါ၊ ဒီတော့မိမိရှုနေတဲ့ ဖြစ်ပျက် အနိစ္စတွေထင်မြင်လာမယ်။

(၄) စတုတ္ထအချက်က ဥဒ္ဓစ္စ ကုက္ကုစ္စဖြစ်တယ်၊ ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတာ စိတ်ပျံ့လွင့်တာ စိတ်မငြိမ်တာ၊ ထားရာ
မှာမနေတာဘဲ။ ရေကန်ထဲကရေဟာလေတိုက်ခတ်လို့လှုပ်နေတဲ့အခါ မျက်နှာရိပ်ကိုဟပ်ကြည့်ပါ၊ မျက်နှာ
ရိပ်ကိုမမြင်ရဘူး၊ ဒီမှာလဲ ဝိပဿနာရှုရာမှာလဲ စိတ်ပျံ့လွင့်လှုပ်ရှားနေတဲ့အခါ ဝိပဿနာရှုရင် ခန္ဓာထဲရှိတဲ့
အနိစ္စတွေကိုမမြင်နိုင်းဘူး၊ ရေကိုငြိမ်အောင်လုပ်ပြီး မျက်နှာရိပ်ဟပ်ကြည့်မှမြင်ရတယ်၊ ဒီမှာလဲ ပျံ့လွင့်နေ
တဲ့စိတ်ကို ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်ပါ၊ ပြီးမှမူလကမ္မဋ္ဌာန်းကိုပြန်ကောက်ပြီး ရှုရင်ခန္ဓာထဲရှိတဲ့ဖြစ်ပျက်အနိစ္စ
တွေကိုမြင်နိုင်တယ်၊ ထို့အပြင် ကုက္ကုစ္စဟာအရေးကြီးလို့ အထူးရှင်းပြပါဦးမယ်၊ ခင်ဗျားတို့ငယ်စဉ်တုန်းက
မသိမလိမ္မာလို့ မိုက်ခဲ့တာတွေကိုတွေးပြီး ပူမနေနဲ့၊ ကြောက်လန့်မနေနဲ့၊ ငယ်တုန်းကမိုက်ခဲ့တာတွေကို
နှလုံးသွင်းနေရင် ဒါမဂ်တားဖိုလ်တားဖြစ်တယ်၊ ငယ်ငယ်တုန်းကစပြီး တောက်လျှောက်လိမ္မာတဲ့ အမျိုးလို့
မရှိပါဘူး၊ အနည်းနဲ့အများ မိုက်မှားခဲ့တဲ့လူတွေများပါတယ်၊ဒါတွေတွေးမနေနဲ့၊ တွေးနေရင် ကုက္ကုစ္စဖြစ်ပြီး
ဝိပဿနာမှာ အနှောင့်အယှက်ဖြစ်တယ်၊ ဒီတော့ကုက္ကုစ္စစိတ်တွေလာရင်ဖြစ်ပျက်ရှုပြီး၊ ဖယ်ရှားပစ်ပါ၊
ဘုရားရှင်လက်ထက်ကလူဆိုးကြီးတွေ မဂ်ဖိုလ်ရသွားကြတာရှိခဲ့သားပဲ၊ ပြီးတော့သေခါနီးမှာ ကုက္ကုစ္စစိတ်
တွေဖြစ်ရင် တိရစ္ဆာန်ဖြစ်တတ်တယ်၊ ပြိတ္တာဖြစ်တယ်၊ ဒါကြောင့် ခင်ဗျားတို့ကို သေနည်းသင်ပေးနေရတာ၊
သေခါနီးရင် ကိုယ်ခန္ဓာကိုဖြစ်ပျက်ရှုပေးပါ သားသမီး ပစ္စည်းဥစ္စာတွေအတွက်စိတ်မချတာစွဲလမ်းတာတွေ
လာရင် ပြိတ္တာနဲ့ တိရစ္ဆာန်ဖြစ်တတ်တယ်၊ ဒါကြောင့် ဝိပဿနာလုပ်တဲ့အခါ ရှေးက ဒုစရိုက်မှုတွေကို မတွေး
တော့ဘဲ ဖြစ်ပျက်ရှုဖယ်ရှားပစ်ပြီး မိမိရှုနေတဲ့ မူလကမ္မဋ္ဌာန်းကိုသာ စိုက်စိုက်မတ်မတ် ရှုသွားရမယ်။

(၅) ပဉ္စမအချက် ဝိစိကိစ္ဆာဖြစ်တယ်၊ ဝိစိကိစ္ဆာဆိုတာသံသယရှိတာ၊ ဘုရား တရား သံဃာအပေါ် သံသယ
ရှိမှု၊ မိမိကျင့်နေတဲ့ ဝိပဿနာအကျင့်ပေါ်မှာ သံသယရှိမှုတွေဟာ မဂ်တားဖိုလ်တားပဲ၊ မိမိဉာဏ်မမီတာတွေ
ကို စဉ်းစားပြီး သံသယဖြစ်နေရင် ဒါအန္တရာယ်တစ်ခုပဲ သဒ္ဓါကိုရှေ့သွားပြုပြီးတဖြည်းဖြည်း ဉာဏ်နဲ့ဆင်ခြင်
သွားမှသာ အမှန်ရောက်နိုင်တာ၊ ဒီတော့ တွေးတောယုံမှား သံသယစိတ်တွေဝင်လာရင် ဒါကိုဖြစ်ပျက်ရှုပြီး
ဖယ်ရှားပစ်ရမယ်၊ ဖယ်ရှားပစ်ပြီးမှ မိမိရှုနေတဲ့ မှုလကမ္မဋ္ဌာန်းကိုပြန်ကောက်၊ ရေကန်ထဲကရေတွေအနယ်
ထနေရင် မျက်နှာရိပ်မထင်နိုင်ဘူး၊ အနယ်တွေဖယ်ရှားပစ်မှ မျက်နှာရိပ်ထင်နိုင်တယ်၊ ဝိပဿနာရှုရာမှာလဲ
ဝိစိကိစ္ဆာတွေဝင်ရှုပ်လာရင် ခန္ဓာအရှိကို ဉာဏ်မျက်စိကမမြင်နိုင်ဘူး၊ ဒီတော့ ဒီဝိစိကိစ္ဆာကို ဖယ်ရှားပစ်မှ
သာ ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်မယ်၊ ခန္ဓာထဲမှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကိုတွေ့မြင်နိုင်မယ်။ ။

မိုးကုတ်ဆရာတော်ဘုရားကြီး

No comments:

Post a Comment