အဘိဓမ္မာ နှင့် ၀ိပဿနာ
အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့ နူးညံ့သော ဓမ္မ၊ အလွန်နက်နဲ ခက်ခဲသော ဓမ္မ၊ အလွန်ကျယ်ပြန့်သော ဓမ္မ၊ အလွန်ထူးကဲသော ဓမ္မ ဖြစ်သည်။ ဓမ္မ-ဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက် တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ ဖြစ်သည်။
အလွန့်အလွန် သိမ်မွေ့နူးညံ့သော ခက်ခဲနက်နဲသော ထူးကဲကျယ်ပြန့်သော သတ္တအတ္တ မဟုတ်သော ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော သိအပ်သော ထိုအဘိဓမ္မာ-ကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ လွန်ကဲခက်ခဲသော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိနားလည်နိုင်မည် ဖြစ်သည်။
လူတို့ဌာနေမှာ စားရေး အိပ်ရေး ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောက်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက် ဟန့်တားလေ့ရှိသည်။ အလုပ်တခု၌ စိတ်ကူး စူးစိုက်နေခိုက် ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက်နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်း ပြတ်တာင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။
နတ်တို့ဌာနေမှာကား အချိန်ကွာခြားချက်ကလည်း ဝေးလွန်းလှသည်။ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တရက် ဖြစ်သည်။ ထို့ကြောင့် စားချိန် အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာ ရှိမည့် ထိုအဘိဓမ္မာတရားပွဲကို တဆက်တည်း၊ တထိုင်တည်း၊ တစိတ်တည်း၊ တ၀ီထိတည်း နားကြားကြရလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက် ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာအားသာလျှင် ရက်ပေါင်း ကိုးဆယ်၊ အကြိမ်ကိုးဆယ်၊ ပြန်လည် ဟောတော်မူခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာဖြစ်၍သာ ထိုအဘိဓမ္မာ-ကို ရက်ခြား၍ နာကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်းဖြစ်လေသည်။
အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နားကြားခဲ့ရသော အဘိဓမ္မာကို သူ၏တပည့်ရဟန်းငါးရာတို့အား မကျဉ်းအကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓ တာဝိံသာသို့ တက်ကြွသွားသောနေ့ကမှ အရှင်သာရိပုတ္တရာထံ၌ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသောအမျိုးကောင်းသား ၅၀၀-တို့သည် ထိုနေ့ (၀ါဆိုလပြည့်နေ့) မှာပင် ရဟန်းပြုကြ၊ ထို့နောင် တနေ့မှာပင် အဘိဓမ္မာ-ကို နာကြားကြရလေသည်။ ထိုအဘိဓမ္မာ တရားသည်ပင် ထိုရဟန်းတို့အတွက် ၀ိပဿနာ-ဖြစ်ရပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း ၅၀၀-တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓ ခုနစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ ၇-ကျမ်း ဆောင်တို့ (အာဘိဓမ္မိက၊ သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ-အားလုံးတို့ကို ရှေးဦးစွာ စုပေါင်း သိမ်းကျုံး၍ ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ ပြသည်။ တဖန်ဓာတ်ခွဲ၍ ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်းဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့် ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။
ထို့နောင် အစုံစုံပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ ၇-ကျမ်း၌ စိတ် စေတသိက် ရုပ်တို့ စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုး ဆက်ခြင်းဟူသော ခုနစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာ နည်းစနစ်များ ဖြစ်ကြကုန်၏။ ထို့ကြောင့် အဘိဓမ္မာဝိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသောနေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသောနေ့မှာပင် သူတို့ ၀ိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေသည်။
ဝိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊၊ အနတ္တ၊ ပရမတ္ထတို့ကိုရှု၍ စူးစမ်း၍ ထွင်းဖောက်၍ သစ္စာနှင့်သန္တိကို ရှာဖွေသောစနစ် နည်းပညာတခုပင် ဖြစ်သည်။ ရုပ်၏သဘာဝ ရုပ်နှင့်ရုပ်ချင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံ၊ နာမ်၏သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာဏ်ဖြစ်စဉ်ဆယ်မျိုးမှာ ပြထားသည့်အတိုင်း သန့်စင်ပုံ ခုနစ်မျိုး တိုးတက်ပုံများကို ပြထားသည့်အတိုင်း အတွင်းကိုယ်နှိုက် စူးစိုက်၍ အရှိကိုရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာ တသားတည်း ဖြစ်လေသည်။
ဝိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည် ဖြစ်သောကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲ၍မရ ဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာ ရှုရမည်ဟုဆိုလိုသည် မဟုတ်သော်လည်း ၀ိပ္ပနာရှုနေခြင်းသည် အဘိဓမ္မာ သင်ကြားနေခြင်းတမျိုးလည်း ဖြစ်သည်။ စိတ် စေတသိက် ရုပ် တို့သည် တလံမျှသော ကိုယ်၌ အစဉ်အမြဲရှိ၍ နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထိုစိတ် စေတသိက် ရုပ်တို့၏ သဘာဝကို စူးစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍ မရနိုင်သော လုပ်ငန်းများ ဖြစ်ကြသည်။
အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာ မဖြစ်သောကြောင့် အဘိဓမ္မာနှင့် ၀ိပဿနာ ခွဲ၍မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ တဏှာ ကံသာ အကြောင်းရင်း ရှိကြောင်း ကံ စိတ် ဥတု အာဟာရသာ အထောက်အပံ့ရှိကြောင်း ကောင်းစွာ ဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်ကြောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့က ကောင်းစွာထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာ ယောဂီတို့ လူ့ဘ၀ကို လေ့လာသည့် နည်းပညာဖြစ်သည့် အဘိဓမ္မာ-ကို လက်မလွှတ်သင့်ကြောင်း ကောင်းစွာတင်ပြအပ်ပါသတည်း။
( သီတဂူ ဆရာတော် )
အပင်များဟာ သက်ရှိများ ဖြစ်တယ် ဆိုတာ လူတိုင်းသိကြပါတယ်။ အပင်များမှာ ကံရှိမရှိဆိုတာရယ်၊ ကံမရှိခဲ့ဘူးဆိုရင် အချို့အပင်များက ဘာကြောင့် လှပြီး အချို့ တို့ က ဘာကြောင့် ရုပ်ဆိုးရတာလဲ။ အကြောင်းရှိလို့ အကျိုးရှိတယ် ဆိုရင် ဖြေကြပေးပါဦး။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ များ ရဲ့ အကျိုးသက်ရောက်ပုံ၊ စင်္ကြ၀ငှာဖြစ်ပေါ်လာပုံတို့ကို သိရင် ရှင်းပြပေးစေချင်ပါတယ်။
ReplyDelete1.Provides a clear path for spiritual and personal development
ReplyDeleteရှင်းနေတာတောင် ရှုပ်သွားသလိုပါပဲ။
2. Has no room for blind faith or unthinking worship
မြင့်မိုရ်တောင်ကြီး စင်္ကြာဝငှာထဲမှာ ယူဇနာ တသိန်းခြောင်သောင်း ရှစ်ထောင် အမြင့်ရှိတယ်လို့ ပြောတာမျိုးကို ယုံတာ Blind Faith ဆိုတယ်ထင်ပါ့။ နိဗာန်ရောက်သွားတဲ့ မြတ်စွာဘုရားကို ရှိနေသေးတယ်လို့ အထင်နဲ့ ဘုရားတွေမှာ ဦးချဝပ်တွား ရှိခိုးကော်ရောက် ပူဇော်တာကို unthinking worship လို့ ပြောတယ် ထင်ပါတယ်။
3.Encourages questions and investigations into its own teachings
မေးခွန်းမေးပေမယ့် မဖြေနိုင်တာများလို့ မမေးတော့ပါဘူး။ ဆက်ပြီး လေ့ကျင့်ဖို့ ကျပြန်တော့လည်း အောင်မြင် ပေါက်ရောက်သွားသူတွေက နည်းနည်း၊ ရူးကြောင်ကြောင်များ ဖြစ်သွားသူက များများဆိုတော့ တွေးဆလို့ မရပါဘူး။
4.Teaches us to take full responsibility for all of our actions
စေတနာမပါလို့ ကံမမြောက်ဘူးဆိုပြီး ပလပ်ထားတဲ့ အဟောသိကံမျိုးကျတော့ ခြွင်းချက်ထင်ပါတယ်။
5.Can be approached, realized and experienced, with immediate results.
ခဏတာ အကျိုးသက်ရောက်ပေမဲ့ ကြာတော့လဲ ဒုံရင်းက ဒုံရင်း ပြန်ဖြစ်သွားတာပါပဲ။
6.Is very much in harmony with modern science
ဘယ်နေရာများမှာ သိပ္ပံပညာနဲ့ တပြေးညီ ကိုက်ညီနေတာပါလိမ့်။
ဒီလိုပြောလို့ ဒေါသဖြစ်၊ ကိလေသာမကုန် ဖြစ်ရင် အဲဒီအကျိုးကို ဆက်ခံရဦးမယ်။ ဗုဒ္ဓတရားကို သဘောပေါက်ရင် ဒေါသမဖြစ်ကျေးနော်။
ReplyDelete