Search This Blog

Thursday, March 18, 2010

သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာရှုမှတ်ပွားများပုံ

သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာရှုမှတ်ပွားများပုံ

( ၁ ) သွား၊ ရပ်၊ ထိုင်၊ လျောင်း၊ ကွေး၊ ဆန့်၊ စသော မိမိ၏ကိုယ်အမူအရာများ ဖြစ်တိုင်း ဖြစ်တိုင်းကို သိအောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် ကာယာနုပဿနာ သတိပဋ္ဌာန် ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။

( ဆောင်ပုဒ် ) ကိုယ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာ သိရမည်။


( ၂ ) နာ၊ ကျင်၊ ကိုက်ခဲခြင်း စသော ဆိုးသည့်ဒုက္ခဝေဒနာ။

စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ခြင်းဟူသော သုခဝေဒနာ။

ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်၊ အလယ်အလတ်ဖြစ်သည့် ဥပေက္ခာဝေဒနာများ

မိမိခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာသောအခါ ဒုက္ခဝေဒနာကို နာတယ်၊ ကျင်တယ်၊ ဆင်းရဲတယ်၊

သုခဝေဒနာကို ချမ်းသာတယ်-စသည်ဖြင့် ဝေဒနာများကိုသိအောင် သတိကပ်၍ ရှုမှတ်ပေးနေခြင်းသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။

( ဆောင်ပုဒ် ) ကောင်း-ဆိုး-လတ်ပါ၊ ဝေဒနာ၊ ပေါ်တာ သိရမည်။


( ၃ ) လိုချင်တပ်မက်ခြင်း လောဘနှင့်တကွဖြစ်သော စိတ်။

စိတ်ဆိုး အမျက်ထွက်ခြင်း ဒေါသနှင့်တကွဖြစ်သော စိတ်-စသည်ဖြင့်

မိမိ၏ စိတ်အမူအရာများကို သိအောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် စိတ္တာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။

( ဆောင်ပုဒ် ) စိတ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာ သိရမည်။


( ၄ ) မြင်ရသည့်သဘော၊ ကြားရသည့်သဘော၊ နံရသည့်သဘော စသည်များကို

မြင်ကာမျှမတ္တမှာတည်အောင်၊ ကြားကာမျှမတ္တမှာတည်အောင်၊ နံကာမျှမတ္တမှာတည်အောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။

( ဆောင်ပုဒ် ) သဘောတရား၊ ထင်ပေါ်ငြား၊ ပိုင်းခြား သိရမည်။

ဤကဲ့သို့ သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများ အားထုတ်နေသောပုဂ္ဂိုလ်တို့သည်  ၀ိပဿနာသမာဓိဉာဏ်များ ရင့်ကျက်ပြည့်စုံလာသောအခါ ကိုယ်ဆင်းရဲခြင်း ဘ၀ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဘ၀ဒုက္ခတို့မှ အပြီးတိုင် လွတ်မြောက်သွားကြမည် ဖြစ်ပေသည်။ ယင်းဘ၀ဒုက္ခတို့မှ အပြီးတိုင်လွတ်မြောက်ရာ နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားကြမည် ဖြစ်ပေသည်။

No comments:

Post a Comment