တရားတော်များ ကို Media Stream အောက်က အကွက်များ ကို နှိပ်၍ ပြန်လည်နာယူနိုင်ပါသည်

Search This Blog

Loading...

Wednesday, February 17, 2010

ရဟန်းစားရသော ဆွမ်းတစ်နပ်

ကဿပလိုဏ်ဂူသည်ကား လူသွားလူလာ မရှိ၊ ပကတိ အေးချမ်းတိတ်ဆိတ်လှ၏။ ဤနေရာသည် ဆွမ်းခံရွာနှင့်လည်း မဝေးကွာလွန်း၊ ရပ်သံရွာသံများ ကြားရလောက်အောင်လည်း မနီးလွန်း၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလေ့ရှိကြသော ယောဂီရဟန်းတို့အတွက် အဘက်ဘက်က အဆင်ပြေလှသော နေရာကလေးဖြစ်၏။

ဤလိုဏ်ဂူ၌ အရှင်အယျမိတ္တ သီတင်းသုံးလာခဲ့သည်မှာ တော်တော်ကြီး ကြာလာခဲ့ပါပြီ။ အချိန်တွေ ကြာလာခဲ့သည်နှင့်အမျှ သူ၏ဘာဝနာလုပ်ငန်းကလည်း အရှိန်အဟုန် ကောင်းနေခဲ့ပါပြီ။

တခုသောနံနက်ခင်း၌ အရှင်အယျမိတ္တသည် သင်္ကန်းကိုရုံပြီးလျှင် အနားပတ်သီးကို အနားပတ်ကွင်းမှာ သွတ်သွင်းကာ သပိတ်အိတ်ဖြင့် သပိတ်ကို လွယ်လျက် ကဿပလိုဏ်ဂူမှ ထွက်ခွာလာခဲ့၏။

ဆွမ်းခံရွာတခုလုံးသည် အရှင်မြတ်၏ ဆွမ်းဒကာ ဆွမ်းအမများ ဖြစ်ကြသော်လည်း ရွာဦးရွာထိပ်က အမေကြီးမှာမူ သူများထက် ထူးခြား၏။ အယျမိတ္တအရှင်မြတ်ကို သားအရင်းကဲ့သို့ ချစ်ခင်ကြည်ညို၏။ သူ၏ သမီးဖြစ်သူကလည်း တအူတုံဆင်း အကိုရင်းကဲ့သို့ သဘောထား၏။

သူတို့သားအမိမှာ လက်လုပ်လက်စား ဆင်းရဲသားများဖြစ်ကြသော်လည်း သားဖြစ်သူ၊ အကိုဖြစ်သူ အရှင်မြတ်အတွက်ကား စားကောင်းသောက်ကောင်း အမွန်အမြတ်တို့ကို ဂရုတစိုက် ရှာဖွေစုဆောင်း၍ ပြုစုလုပ်ကျွေးလာခဲ့ကြပေသည်။

ထိုနေ့နံနက်တုန်းကလည်း အရှင်အယျမိတ္တသည် သူတို့သားအမိ အိမ်ရှေ့ခြံစည်းရိုးအကွယ်သို့ရောက်လာ၏။ ဆွမ်းခံအိမ်ရှေ့သို့ ရောက်လာပြီဖြစ်၍ သပိတ်အိတ်ထဲမှ သပိတ်ကို ထုတ်ယူ၏။ ထိုခဏအတွင်းမှာ အိမ်ထဲက သားအမိတို့ အသံကို ကြားလိုက်သဖြင့် ခြေစုံရပ်၍ နားစွင့်ထားလိုက်မိ၏။

တောအလုပ်သို့ သွားခါနီးဖြစ်သော အမေကြီးသည် သမီးကို မှာကြားနေ၏။ နေ့စဉ်နေ့တိုင်း ပြုလုပ်နေကျဝတ် နိစ္စဘတ်ကောင်းမှုတခု လစ်ဟင်းသွားမည်စိုးသဖြင့် ကြောင့်ကြောင့်ကြကြ ဖြစ်နေဟန်ရှိ၏။

သမီးရေ-အိမ်အတွင်းခန်းထဲက အိုးထဲမှာ ဆန်ကောင်းသန့်သန့်လေးရှိတယ်နော်၊ ကြောင်အိမ်ထဲမှာ ထောပတ်လဲရှိသေးတယ်။ နွားနို့သည်လာလို့လဲ ၀ယ်ထားသေးတယ်။ ကြောင်အိမ်အောက်ထပ်မှာလဲ တင်လဲအိုးရှိတယ်။ အဲဒါတွေနဲ့ အချိန်မီအောင် ချက်ထားနော်၊ သမီးချက်လို့ကျက်တဲ့အချိန်နဲ့ သမီးအကိုကြီးလာတဲ့အချိန်နဲ့ အံကိုက်လောက်ပါရဲ့၊ သမီးအကိုကြီး ရောက်လာတဲ့အခါ နေ့တိုင်းလုပ်သလို ရိုရိုသေသေ လောင်းနော်၊ ကြားလား၊ အေး-လောင်းပြီးလို့ အကြွင်းအကျန်ရှိသေးရင်တော့ သမီးပဲ စားလိုက်တော့။

ကောင်းပါပြီ အမေ၊ သမီးလုပ်နေကျမို့ လုပ်တတ်ပါတယ်။ ဒါထက် အမေ-နေ့လယ်မှာ အလုပ်နားလို့ အမေ မောမောပန်းပန်းနဲ့ ပြန်လာတော့ကော ဘာစားမလဲ၊

ဟဲ့ အဲဒီအတွက်တော့ ဘာကြောင့်ကြနေစရာလိုသေးလဲ။ အခုတော့ အလုပ်သွားဖို့ မနက်စာကလဲ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးနဲ့ နယ်စားလို့ ၀မ်းပြည့်နေပြီပဲ။ နေ့လယ်စာအတွက်လဲ ကျိုနေကျ ဆန်ကွဲ လက်တဆုပ် လောက်ကို ထမနဲ ကျိုထားလိုက်ပေါ့၊ အဲ ဆန်နည်းလို့ ကျဲနေမှာဆိုရင်တော့ ဟင်းရွက်လေးတွေ ခူးခပ်လိုက်ပေါ့။ ဒီတော့ ထမနဲဖြုန်းစပ် ဖြစ်သွားရော။

အသံအားလံုးကို အရွင္အယ်မိတၱ ၾကားလိုက္ရ၏။ သောတဒွါရဖြင့် ကြားလိုက်ရသော စကားသံတို့သည် သောတဒွါရမှာပင် လမ်းဆုံးမသွားကြဘဲ ဟဒယနှလုံးအိမ်ထိအောင် ရိုက်ခတ်လာကြ၏။

ကြည့်စမ်း အယျမိတ္တ၊ မင်းကိုမင်း သုံးသပ်ကြည့်စမ်း၊ မင်းဒကာမကြီးကတော့ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးဆမ်းပြီး စားလိုက်ရသတဲ့။ အမောတကောနဲ့ တောကပြန်လာတော့လဲ ဖြုန်းစပ်ထမနဲသာ သောက်ရဦးမတဲ့။ သူတို့သားအမိနှစ်ယောက်က မသေရုံတမည် စားနေကြပြီး မင်းအတွက်ကျတော့ ဖွယ်ဖွယ်ရာရာ လုပ်ထားလိုက်တာ။ ဒါတွေ ဒါတွေ လုပ်ထားတာက မင်းဆီက လယ်မြေလိုချင်လို့လဲ မဟုတ်ဘူး။ မြေကွက်လိုချင်လို့လဲ မဟုတ်ဘူး။ အစားအစာ လိုချင်လို့လဲ မဟုတ်ဘူး။ အ၀တ်အဆင် လိုချင်လို့လဲ မဟုတ်ဘူး။ တကယ်တော့ သူလိုချင်တာက လူချမ်းသာ နတ်ချမ်းသာတွင် မကဘူး။ နိဗ္ဗာန်ချမ်းသာအထိ မျှော်ကိုးပြီး ပြုစုနေကြတာ။ ဒီချမ်းသာတွေကို မင်း ပေးနိုင်ပါ့မလား။ ပေးနိုင်တဲ့အစွမ်းသတ္တိ မင်းမှာရှိနေပြီလား။ လောလောဆယ် မပေးနိုင်သေးဘူး။ မင့်စိတ်သန္တာန်မှာ ရာဂတွေ ဒေါသတွေ မောဟတွေ မကင်းစင်သေးသမျှ မင်း ဒီဆွမ်းကို အလှူမခံထိုက်ဘူး။ မင်း မစားသင့်ဘူး။

ဤသို့ ကိုယ့်ကိုယ်ကို ဆုံးမပြီးလျှင် အရှင်အယျမိတ္တသည် ထုတ်ယူထားသည့် သပိတ်ကို သပိတ်အိတ်ထဲ ပြန်သွင်းလိုက်၏။ သွတ်သွက်းထားသော အနားပတ်သီးကို အနားပတ်ကွင်းထဲက ဖြုတ်ပစ်လိုက်၏။ ထိုနေရာမှပင် နောက်ကြောင်းပြန်လှည့်ကာ ကဿပလိုဏ်ဂူသို့ ပြန်လာခဲ့၏။ သပိတ်ကို ညောင်စောင်းအောက်မှာ ချထားလိုက်၏။ အပေါ်ရုံသင်္ကန်းကို ၀ါးလုံးတန်းမှာ ဖြန့်လှန်းထားလိုက်၏။ ထို့နောက်-အရဟတ္တဖိုလ်ကို မရမချင်း ငါ ဒီလိုဏ်ဂူထဲက မထွက်တော့ဘူး-ဟု စိတ်နှလုံးကို တုံးတုံးချ ဆုံးဖြတ်ချက်ချကာ ခိုင်ခိုင်မာမာ အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်း၏။

အရှင်အယျမိတ္တသည်ကား ကာလကြာမြင့်စွာ မမေ့မလျော့ နေလာခဲ့၏။ တရားလက်ကိုင် ခိုင်မြဲပြီးသော ရဟန်းတပါးဖြစ်၏။ ဤအနေတွင် ဆွမ်းအမကြီးများအပေါ် ပြန်လည်၍ ကျေးဇူးတုံ့ပြန်လိုသော သမ္မာဆန္ဒဖြင့် ၀ီရိယသမ္ဗောဇ္ဈင်ကို ထက်သန်သည်ထက် ထက်သန်လာအောင် အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်းလိုက်လေရာ ဆွမ်းစားချိန် မလွန်သေးသည့် အချိန်မှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။

ထို့နောက် အရှင်အယျမိတ္တသည် လိုဏ်ဂူတံခါးကို ဖွင့်ကြည့်ပြီးလျှင် ဆွမ်းခံချိန်မလွန်သေးကြောင်း သိရသဖြင့် သင်္ကန်းကိုရုံကာ သပိတ်ကိုလွယ်လျက် နောက်တကြိမ် ဆွမ်းခံဝင်၏။ အိမ်မှာကျန်ရစ်သည့် သမီးကလည်း အသင့်ချက်ပြုတ်ပြင်ဆင်ထားသည့် ဖွယ်ဖွယ်ရာရာ စားကောင်းသောက်ဖွယ်တို့ကို အကိုကြီး၏ သပိတ်မှာ ရိုသေလေးမြတ်စွာ လောင်းလှူ၏။ လောင်းလှူရင်းလည်း သူ့အကိုကြီး၏ တမူထားခြားနေသည့် အသွင်အပြင်ကို သတိထား၍ ဖူးမြင်နေမိ၏။ အရှင်အယျမိတ္တသည် ခါတိုင်းနေ့များအတိုင်းပင်-ချမ်းသာစေ၊ ကျန်းမာစေ-ဟု တိုတို တုတ်တုတ် ဆုပေးကာ ကဿပလိုဏ်ဂူသို့ ပြန်ကြွလာခဲ့၏။

နေ့လယ်ခင်းမှာ-အလုပ်နား၍ အမေကြီး တောက ပြန်ရောက်ရောက်ချင်း-

ဘယ်နှဲလဲ သမီး၊ သမီးအကိုကြီးကို ဆွမ်းလောင်းလိုက်ရရဲ့လား-ဟု မေးလေရာ

လောင်းလိုက်ရပါတယ် အမေ၊ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားတာတွေ တပါးစာ လုံလောက်အောင် လောင်းလိုက်ရပါတယ်။
ကောင်းပါလေရဲ့ အေ၊ ဒါနဲ့ ညဉ်းအကိုးကြီးရဲ့ မျက်နှာသွင်ပြင်ကော သတိပြုမိလိုက်ရဲ့လား၊

ပြုလိုက်မိတာပေါ့ အမေရယ်၊ အမေ့သားကြီး မျက်နှာကလေ ဘယ်တုန်းကနဲ့မှ မတူဘူး။ အသွေးရော အသားရော တကယ့်ကို ကြည်နေတာပဲ။ မျက်နှာတခုလုံးလဲ သိပ်ပွင့်လန်းနေတာပဲ။ အညှာက ကြွေကျထားတဲ့ ထန်းသီးမှည့်လိုပါပဲ အမေရယ်၊ သိပ်ပြီးတော့ ကြည်ညိုစရာ ကောင်းနေတာပဲ။

ဟုတ်ပြီ သမီး၊ ဟုတ်ပြီ။ သမီးရဲ့ အကိုကြီးဟာ ဒီကနေ့ ရဟန်းကိစ္စ ပြီးသွားပြီ။ သူဟာ သာသနာ့ဘောင်မှာ ရာသက်ပန် ပျော်သွားပြီး ဘယ်တော့မှ လူထွက်လာတော့မှာ မဟုတ်ဘူး။ ဤသို့ ရဟန်းမြတ်၏ မယ်တော်ကြီးက ၀မ်းမြောက်ဝမ်းသား မှတ်ချက်ချလိုက်လေသည်။
( ဆွမ်းဒကာ ဆွမ်းအမတို့အား ကျေးဇူးဆပ်ခြင်း )

ဤ၀တ္ထုခေါင်းစဉ်ကို ဖတ်လိုက်ရသည်နှင့် တပြိုင်နက် ဆရာကြီး ဦးသုခ၏ ရုပ်သံဇာတ်လမ်းကို ပြေး၍ သတိရမိကြပါလိမ့်မည်။ မှန်ပါသည်။ ဤ၀တ္ထုသည် ထိုရုပ်သံဇာတ်လမ်းထဲက အရန်ဝတ္ထုတပုဒ်ပင် ဖြစ်နေသဖြင့် ထိုခေါင်းစဉ်အတိုင်း အမှတ်တရ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

ဒီဃနိကာယ် မဟာသတိပဋ္ဌာနသုတ် ဓမ္မာနုပဿနာအခန်းထဲက ဗောဇ္ဈင်္ဂပဗ္ဗကို ဖွင့်ပြရာတွင် ၀ီရိယသမ္ဗောဇ္ဈင်ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရား ၁၁-ပါးထဲက ပိဏ္ဍပါတာပစာယနတာ ဟူသော အကြောင်းတရားကို ထင်ထင်ရှားရှား သိမြင်နိုင်အောင် ဤပုံဝတ္ထုဖြင့် ဥပမာပြုထားခြင်း ဖြစ်ပါသည်။

( ၀ီရိယသမ္ဗောဇ္ဈင်ကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းတရား ၁၁-ပါးမှာ )

(၁) အပါယဘယ ပစ္စဝေက္ခဏတာ-အပါယ်ဘေးကို ဆင်ခြင်ခြင်း။

(၂) အာနိသံသ ဒဿာဝိတာ-၀ီရိယသမ္ဗောဇ္ဈင်၏ အကျိုးတရားကို ရှုမြင်ခြင်း။

(၃) ဂမန၀ီထိ ပစ္စဝေက္ခဏတာ-ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ မဟာသာဝကကြီးတို့၏ သွားရာလမ်းကြောင်းကြီးပါကလား- ဟု ဆင်ခြင်ခြင်း။

(၄) ပိဏ္ဍပါတာ ပစာယနတာ-ဆွမ်းကို အတုံ့ပြန်၍ ပူဇော်ခြင်း၊ ဆွမ်းဒကာ ဆွမ်းအမတို့ကို တုံ့ပြန်၍ ကျေးဇူးဆပ်ခြင်း။

(၅) ဒါယဇ္ဇမဟတ္တ ပစ္စဝေက္ခဏတာ-မြင့်မြတ်သည့် အမွေခံဖြစ်နေသည်ကို ဆင်ခြင်ခြင်း။

(၆) သတ္ထုမဟတ္တ ပစ္စဝေက္ခဏတာ-ဆရာဖြစ်သော မြတ်စွာဘုရား၏ မြင့်မြတ်သည့်ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ဆင်ခြင်ခြင်း။

(၇) ဇာတိမဟတ္တ ပစ္စဝေက္ခဏတာ-အမျိုးဇာတ်မြင့်မြတ်နေသည်ကို ဆင်ခြင်ခြင်း။

(၈) သဗြဟ္မစာရီမဟတ္တ ပစ္စဝေက္ခဏတာ-မိမိသီတင်းသုံးဖော်တို့၏ မြင့်မြတ်သည့်ဂုဏ်ကျေးဇူးတော်တို့ကို

ဆင်ခြင်ခြင်း။

(၉) ကုသီတပုဂ္ဂလ ပရိဝဇ္ဇနတာ-ပျင်းရိသောပုဂ္ဂိုလ်ကို ကြဉ်ရှောင်ခြင်း။

(၁၀) အာရဒ္ဓပုဂ္ဂလ ပရိသေ၀နတာ-၀ီရိယထက်သန်သည့်ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်း

(၁၁) တဒဓိမုတ္တတာ-ထိုဝီရိယသမ္ဗောဇ္ဈင်၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေခြင်းတို့ ဖြစ်ပေသည်။

ထိုအကြောင်းအရာ ၁၁-ပါးထဲက ပိဏ္ဍပါတ ပစာယနတာ-ဟူသော အကြောင်းတရားကို ဖွင့်ပြရာတွင် သာသနာ့ဝန်ထမ်း ရဟန်းတပါးအနေနှင့် မိမိကိုယ်ကို ဆုံးမတိုက်တွန်းသင့်ပုံကို ပြဆိုထား၏။

အို-ရဟန်း၊ သင့်ကို ဒကာ ဒကာမများက ဆွမ်းဘောဇဉ်စသည်တို့ဖြင့် ပြုစုလုပ်ကျွေး၍ နေကြကုန်၏။ ထိုသူတို့သည်ကား သင်၏ အဆွေအမျိုးများလည်း မဟုတ်ကြကုန်။ သင့်ကို အမှီပြုပြီး အသက်မွေးကြရန် ပြုစုလုပ်ကျွေးနေကြခြင်းလည်း မဟုတ်ကုန်။ စင်စစ်မှာမူ မိမိတို့ ပြုလုပ်ကြသည့် ကုသိုလ်ကောင်းမှု၏ အကျိုးတရားကိုသာ မျှော်ကိုးကာ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့နေကြကုန်၏။


ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ဤရဟန်းသည် ပစ္စည်းလေးပါးတို့ကို သုံးဆောင်ပြီးလျှင် ကိုယ်ခန္ဓာ ကြံ့ခိုင်ကာ ပျော်ပျော်ကြီးနေကြကုန်လတံ့-ဟု ရည်ရွယ်၍ ပစ္စည်းလေးပါးတို့ကို ခွင့်ပြုတော်မူခဲ့သည် မဟုတ်ပေ။ အမှန်မှာမူ ဤရဟန်းတို့သည် ဤပစ္စည်းလေးပါးတို့ကို သုံးဆောင်ကြပြီးလျှင် ချမ်းချမ်းသာသာ ကျန်းကျန်းမာမာဖြင့် ရဟန်းတရား ကြိုးစားနိုင်ကြပေလိမ့်မည်။ သံသရာဝဋ်မှ လွတ်မြောက်နိုင်ကြပေ လိမ့်မည်-ဟု ရည်ရွယ်၍ ခွင့်ပြုတော်မူခဲ့၏။

ထို့ကြောင့် သင်ကိုယ်တိုင်က ပျင်းပျင်းရိရိ ဖြစ်နေပါလျှင် အဘယ်မှာ ဆွမ်းဒါယကာတို့ကို ကျေးဇူးတုံ့ပြန်၍ ပေးဆပ်နိုင်ပါတော့မည်နည်း။ ကြိုးကြိုးစားစား အားထုတ်ပွားများနိုင်မှသာလျှင် ကျေးဇူးဆပ်နိုင်ပေလိမ့်မည်။

ဤသို့ ဆင်ခြင်သုံးသပ်ကာ ပိဏ္ဍပါတ ပစာယနအကြောင်းတရားကြောင့် ၀ီရိယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာပုံကို အထက်ပါပုံဝတ္ထုဖြင့် အဋ္ဌကထာဆရာကြီးက ဥပမာပြု၍ ဖွင့်ပြထားပေသည်။


( ၀ဏ္ဏသီရိ )

( မြတ်မင်္ဂလာ ၂၀၀၃-ဇန်န၀ါရီ)

No comments:

Post a Comment