Search This Blog

Friday, April 23, 2010

Lotus စာစဉ် အမှတ်(၂၈)-လက်သည်းခွံ ပေါ်မှလူ





လက်သည်းခွံ ပေါ်မှလူ



ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ‘ဇာဏုသောဏိ’ ပုဏ္ဏားကြီးက မြတ်ဘုရားရှင်အား

မေးမေးဖြေဖြေ စကားဆိုခဲ့ပါသည်။ " အရှင်ဘုရားတဲ့  လူတို့သည် သေရမည်မှန်း အမှန်သိလျက်နှင့်

သေခါနီးကာလ ရောက်သောအခါ တုန်တုန်လှုပ်လှုပ် ကြောက်ကြောက်ရွံ့ ရွံ့ ဖြင့် သေကုန်ကြပါသည် " ဟု

မေးမြန်းလျှောက်ထားပါသည်။

ထိုအခါ မြတ်စွာဘုရားက "ဇာဏုသောဏိပုဏ္ဏားကြီး - လူတို့သည်သေရမည်မှန်း အမှန်သိပါလျက်နှင့်

သေကာနီးကာလတွင် တုန်တုန်လှုပ်လှုပ် ကြောက်ကြောက်ရွံ့ ရွံ့ ဖြင့် သေသူများရှိသကဲ့သို့ ၊ အချို့ သောသူတို့

သည် မကြောက်မရွံ့  မတုန်မလှုပ် ငိုမြည်ခြင်းမရှိဘဲငြိမ်းငြိမ်းချမ်းချမ်းဖြင့် သေသူများလည်းအမှန်ရှိပါကြောင်း"

ဖြေကြားပြီးနောက် တဆက်တည်းပင် ငိုသေ(၄)မျိုး ၊ ရယ်သေ(၄)မျိုးအကြောင်းတရားများကို ဆက်၍ ဟော

ပြပါသည်။

ဇာဏုသောဏိပုဏ္ဏားကြီး - ဤလောက၌ အချို့ သောလူတို့သည် မရဏာဓိက ရောဂါဝေဒနာများ

ဖြစ်ပေါ်လာပြီး သေခါနီးကာလ၌

(၁) မိမိ၏ ဥစ္စာ ပစ္စည်း ၊ သားမယားတို့အပေါ်၌ တွယ်တာတပ်မက်မှု ဖြစ်ပေါ်နေခြင်း

(၂) မိမိ၏ အသက်ခန္ဓာကို စွန့်ရတော့မည် ခွဲရတော့မည်ဟု စိုးရိမ်မှုဖြစ်ပေါ်နေခြင်း

(၃) ကုသိုလ်တရားနှင့်အကုသိုလ်တရား နှစ်ပါးရှိရာတွင် အကုသိုလ်တရားများသာပြုခြဲ့ပီး ကုသိုလ်တရား

များမပြုရသေးဟု စိုးရိမ်နေခြင်း

(၄) ဗုဒ္ဓဂုဏ် ဓမ္မဂုဏ် သံဃဂုဏ်တော်များနှင့် ပဋိစ္စသမုပ္ပါဒ် စသောတရားတို့၌ ယုံမှားမှုရှိခြင်းများကြောင့်

စိုးရိမ်ထိတ်လန့်ပြီး ငိုသေကြရသော ပုဂ္ဂိုလ်လေးမျိုးဖြစ်ကြပါသည်။

ဇာဏုသောဏိပုဏ္ဏားကြီး - ဤလောက၌ အချို့ သောလူတို့သည် မရဏာဓိက ရောဂါဝေဒနာများ

ဖြစ်ပေါ်လာပြီး သေခါနီးကာလရောက်သော်လည်း

(၁) ၀တ္ထုကာမ ကိလေသာကာမ တို့မှ တွယ်တာမက်မောမှု ကင်းကွာနေခြင်း

(၂) အသက်တည်းဟူသော အတ္တအယူစွဲနှင့် ငါသေရတော့မည်၊ လူ့ဘ၀ကိုစွန့်ရတော့မည် ဟု တဏှာ

ဥပါဒါန်မှ ကင်းကွာနေခြင်း

(၃) ကုသိုလ် အကုသိုလ်တရားရှိရာတွင် ကုသိုလ်တရား ဓမ္မများကိုသာ ကြိုးစားအားထုတ်နေပြီးသူဖြစ်၍

မစိုးရိမ်တော့ခြင်း

(၄) ပဋိစ္စသမုပ္ပါဒ်တရား ၊ သစ္စာတရား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသည်တို့ကို သင်အံလေ့ကျက်ပွားများထားသူ

ဖြစ်ခြင်းများကြောင့် သေခါနီးကာလကျရောက်သောအခါတွင် သုဂတိနိမိတ်များ ထပ်လာသဖြင့်

ကြောက်ရွံ့ မှု မဖြစ်တော့ပဲ အေးအေးချမ်းချမ်းနှင့် ရယ် ၍ သေသွားတတ်ကြောင်းပင်ဖြစ်ပါသည်။

မြတ်စွာဘုရားဟောကြားထားခဲ့သည့် သူတော်ကောင်းတရားမြောက်မြားစွာ ရှိပါသော်လည်း -

အများအားဖြင့် လူတို့သည် နိဗ္ဗာန် နှင့် ရယ်သေ ဘ၀ကို မှန်းဆတောင့်တကြပြီး လက်တွေ့ 

အလုပ်သည်ကား တဏှာလောဘ ဦးစီး၍ ငိုသေ အကြောင်းတရားများဖြစ်သော အကုသိုလ် ဒုစရိုက် လောဘ

ဒေါသ တို့ဖြင့်သာ နေ့စဉ်အချိန်ကုန်နေတတ်ပါသည်။

ထိုသို့သော လောဘ ဒေါသ တဏှာ မာန တို့ဖြင့် အချိန်ကုန်နေသူ အလွန်များပြားနေမှုကြောင့်

ဘုရားရှင်က လက်သဲခွံပေါ်တွင် မြေမှုန့်အနည်းငယ်တင်ပြ၍ မဟာပထ၀ီမြေကြီးပမာဏ နှင့် ငါဘုရား၏

လက်သဲခွံပေါ်မှ မြေကြီးပမာဏ အလွန်ခြားနားသကဲ့သို့ ဒါန သီလ ဘာဝနာ ပါရမီ သစ္စာကဲ့သို့သော

တရားဓမ္မများကို သိသူ ကျင့်သူ အလွန်နည်းပါးလှကြောင်း ဥပမာနှိုင်းယှဉ်ပြ၍ တရားချခဲ့ဖူးပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားရှင် နှိုင်းယှဥြ်ပခဲ့သော မြေကြီးပေါ်မှ လူများအဖြစ်နှင့်

မနေအပ်တော့ပဲ လက်သဲခွံ ပေါ်မှ လူများဖြစ်ရန် ကြိုးစားအားထုတ်သင့်ပါသည်။

(ဓမ္မမိတ်ဆွေ)

(ဓမ္မမိတ်ဆွေရေးသားသော ငရဲသို့-မပြန် စာအုပ်မှ ကောက်နှုတ် တင်ပြအပ်ပါသည်)


ဗုဒ္ဓဘာသာ၊ သာသနာနှင့် လူမှုအကျိုး သယ်ပိုးထမ်းရွက်လိုသူများအား Lotus Foundation မှ

နွေးထွေးသောလက်များဖြင့် ကမ်းလင့်ကြိုဆို ပါ၏။

No comments:

Post a Comment