Search This Blog

Friday, January 15, 2010

မသိတာ မတတ်တာတွေ ၀န်ခံရင်း၊ မှားရဲရင်း၊ ပြင်ဆင်ရင်းနဲ့  မင်္ဂလာရှိသော နေ့ ရက်များကို ဖြတ်သန်းကြ

မင်္ဂလာရှိသော နေ့ ရက်များ သို့ မဟုတ် မင်္ဂလာဓါရဏကထာဆိုတဲ့ကျမ်းမှာ မဟာဗောဓိမြိုင်ဆရာတော်က “ဗာဟုသစ္စဉ္စ၊ သိပ္ပဉ္စ” မင်္ဂလာတွေကို အကြားအမြင် ဗဟုသုတုများနှင့်လည်း ပြည့်စုံစေ၊ လက်မှုပညာလည်း တတ်ကျွမ်းနေစေလို့  အဓိပ္ပါယ်ဖွင့်ဆိုတော် မူထားပါတယ်။ ဆရာတော်ဘုရားကြီးက “မျက်စိနှင့် နား၊ အမြဲတံခါးဖွင့်ထားပါ” လို့  မိန့် တော်မူပါတယ်။

အကြားအမြင်ဗဟုသုတ ဘယ်လောက်များရမလဲ?

၁။ တိုင်းပြည်အကြောင်း ကောင်းကောင်းသိနေစေရမည်။

၂။ စီးပွားရေးအကြောင်း ကောင်းကောင်းရိပ်မိနေစေရမည်။

၃။ လူမှုရေးအကြောင်း ကောင်းကောင်း နားလည်နေစေရမည်။
အဲဒီလိုဆိုထားတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကုန်ပါရောလား။ ဒီ ၃ ချက်ကို ကျွမ်းကျင်နေရင် ဘယ်နေရာနေနေ၊ ဘယ်ပြည်ရောက်ရောက် လူတော်ပဲ။ အဲဒီသုံးခုစလုံးဟာ အမြဲတမ်း သက်ဝင်လှုပ်ရှားနေတတ်တယ်။

ရှေးက နိုင်ငံရေးကို “ကြက်ဥအရောင် တိမ်တောင်သဖွယ်” လို့  တင်စားခဲ့ကြတယ်။ စီးပွားရေးမှာ ဒီနေ့ ဒီပစ္စည်း အသုံးတွင်ကျယ်နေပေမယ့် နောက်ရက်မှာ သူ့ ထက်သာတဲ့ပစ္စည်းဝင်လာရင် နောက်ကောက်ကျတတ်တယ်။ ကျီးအစာစားသလိုပဲ ကိုယ့်အလုပ်ကိုယ်လုပ်နေရာက ဘယ်သူတွေဘာလုပ်နေသလဲဆိုတာ အမြဲအကဲခတ်နေရတယ်။ မဟုတ်ရင် “စီးပွားရေး၊ လူအိုရုံ”ထဲ ရောက်သွားတတ်တယ်။ ကိုယ့်စီးပွားရေး အမြဲတမ်း နုပျိုလန်းဆန်းနေချင်ရင် အမြဲ မျက်စိနှင့်နားကို ဖွင့်ထားဖို့ လိုတယ်။ အရည်အသွေး ကောင်းသည်ထက်ကောင်းအောင် “သုတေသနပြုမှု” လိုတယ်။ စားသုံးသူကို မလိမ်ချင်ရဘူး။

လူမှုရေးမှာလည်းဘဲ လူကိုလူလို ဆက်ဆံရမယ်။ စာပေကရတဲ့အတွေ့ အကြုံတွေ၊ ဗဟုသုတတွေကို ၀ိဇ္ဇာပညာရပ်လို့ ဆိုရင် သူနဲ့ ယှဉ်တွဲပြီး လက်တွေ့ အသုံးချစရာတွေကို သိပ္ပံပညာ ဒါမှမဟုတ် လက်မှုပညာလို့ ဆိုနိုင်တယ်။ ဒီနေရာမှာလည်း မင်္ဂလာသုတ်ကို ဆရာတော်ဘုရားကြီးက သေးသေးကြီးကြီး အပြစ်ကင်းမယ့်အလုပ်မျိုးဆို လက်ရာမြောက်နေပါစေ၊ ကိုယ်ကျင့်မပျက်မယ့် အလုပ်မျိုးဆို မရှက်မကြောက်ပါလေနှင့်။ တတ်ပြီးလက်မှုပညာကို မလေးမစား၊ မကိုင်တွယ်ပါလေနှင့်။ အဲဒီသုံးချက်ကို လိုက်နာနိုင်ရင် လောကနိဗ္ဗာန်ဆိုတာ ပြေးမလွတ်တော့ဘူးလို့ မိန့် မှာတော်မူပါတယ်။



တလောက စာရေးဆရာ ရောဘတ်တီကီယိုဆာကီရဲ့ စာအုပ်တွေဖတ်မိတယ်။ သူ့ အရေးအသားတွေထဲမှာ မခံချင်စရာတွေရှိနေပေမယ့် အမှန်တွေများတယ်။ ဥပမာ သူက ကျွန်တော်တို့ လို ဟိုစပ်စပ်ဒီစပ်စပ်သမားတွေအတွက် အရေးအကြီးဆုံးက အလွတ်ရအောင်ကျက်ဖို့ နဲ့  အမျိုးစုံအောင်ကျက်ဖို့ ဘဲတဲ့။ မခံချင်စရာပါ။ ဒါပေမယ့် အမှန်တွေပါနေတယ်။ စာမေးပွဲဆိုတာ ဘွဲ့ တွေ၊ လက်မှတ်တွေ၊ ဒီဂရီတွေဆိုတာဟာလည်း အများအားဖြင့် သင်ထားတာကို ဘယ်လောက်မှတ်မိသလဲလို့  ပြန်မေးတာတွေများတယ်။ ဒါတောင်သိပ်ပြီး မှတ်ချင်ကျက်ချင်ကြတာမဟုတ်ဘူး။ တကယ်တမ်း လောကကို ရင်ဆိုင်၊ ဘ၀နဲ့ ထိတွေ့ တဲ့အခါမှာ အလွတ်ကျက်ထားတာတွေနဲ့ မလုံလောက်ပါဘူး။
ဗီယက်နမ်စစ်ပွဲသွားတိုက်မယ့် တိုက်လေယာဉ်မှူးတစ်ယောက်ကို ပထမဆုံးက လေကြောင်းသင်ကျောင်းမှာ လေ့ကျင့်ပေးတယ်။ သင်တန်းဆင်းလက်မှတ်ရလာတော့ မြောက်ကြွမြောက်ကြွနဲ့ ပေါ့။ လက်တွေ့ တာဝန်ပေးပေးချင်း သက်ဆိုင်ရာတာဝန်ရှိသူက အရေးပေါ်အခြေအနေနဲ့ ကြုံရင် ဘာလုပ်ရမယ်ဆိုတာ သိလားလို့ မေးတော့ မေးရကောင်းလားဆိုပြီး စိတ်တွေဆိုးလို့  ချရေးစမ်းဆိုတော့လည်း တစ်ခုမကျန် ပြန်ဖြေနိုင်တယ်။

ဒါနဲ့ လက်တွေ့ စမ်းကြည့်ရအောင်ဆိုပြီး လေယာဉ်ပျံမောင်းကြည့်တယ်။ ဒါလေးများပေါ့လေ။ နောက်အဲဒီစမ်းသပ်တဲ့အရာရှိက စက်ရပ်ပစ်လိုက်တယ်။ ဘယ်ပြောကောင်းမလဲ လေယာဉ်က ဦးစိုက်ပြီး ဆင်းနေတော့တာပေါ့။ စမ်းသပ်တဲ့အရာရှိက အေးအေးဆေးဆေးပါပဲ။ အစမ်းသပ်ခံရတဲ့ပုဂ္ဂိုလ်က ဘယ်ကစလုပ်ရမှန်းတောင် မသိပါဘူး။ နောက်ဆုံးမှာ စမ်းသပ်တဲ့အရာရှိကပဲ လေယာဉ်ကိုအချိန်မီ ပြန်ထိန်းလိုက်ရတယ်။ စောစောက အလွတ်ရထားတဲ့စာတွေ ဘယ်ရောက်ကုန်ပြီလဲ။

ဒီတော့ စမ်းသပ်တဲ့အရာရှိက စကားတစ်ခွန်းပြောပြတယ်။ ဒီစကားကို ပိုင်းလော့တစ်ယောက်အတွက် ပြောပေမယ့် ကျန်တဲ့ ကျွန်တော်တို့ တစ်တွေနဲ့ လဲ ပတ်သတ်နေတယ်။“သူများ သတ်လို့ သေမှာမဟုတ်ဘူး။ ကိုယ်ညံ့တာ၊ ကိုယ့်အရည်အချင်းမပြည့်တာတွေကြောင့် သေမှာတဲ့။” ကျွန်တော်တို့ တစ်တွေဟာ မင်္ဂလာရှိတဲ့ နေ့ ရက်များကို လိုချင်ရင် မပြည့်တာတွေ၊ အားနည်းချက်တွေကို ပြုပြင်ဖို့ ကိုယ်မသိသေးတာ မတတ်သေးတာတွေကို လေ့လာဆည်းပူးဖို့ အများကြီးလိုပါအုံးမယ်။



ဘယ်သူဖြစ်ဖြစ် အလွတ်ကျက်နိုင်၊ ပြန်ဆိုနိုင်ကြတာချည်းဘဲ။ ဒါပေမယ့် တကယ့်တကယ် အရေးရယ် အကြောင်းရယ်ဆိုရင် ပြန်စဉ်းစားနေရသေး။ ဘယ်ကစလို့  စရမှန်းမသိ ဖြစ်နေသေးရင်တော့ တကယ် မသိသေးမတတ်သေးတာ အမှန်ပါ။ အလွတ်ရတာဟာ တကယ်သိတာမဟုတ်ဘူး။ အရေးပေါ် အခြေအနေတွေကို သာမန်အခြေအနေလို သဘောထား လေ့ကျင့်ပေးနိုင်မှ အကြောက်တရားရဲ့ နေရာမှာ အရည်အချင်းတွေ၊ အရည်အသွေးတွေ ၀င်လာမှ အတ္တကြီးမှု၊ မာနကြီးမှုရဲ့ နေရာမှာ စိတ်ချယုံကြည်မှုတွေဝင်လာမှ တကယ်တတ်၊ တကယ်သိလို့ ဆိုနိုင်မယ်။



တကယ်တော့ လောကီလူ့ ဘောင်မှာ ရှင်သန်ရပ်တည်နိုင်ဖို့ အတွက် အလွတ်ကျက် မှတ်မိတာထက် ပိုတဲ့ အခြေခံစွမ်းရည်တွေ လိုအပ်ပါတယ်။ အနည်းဆုံး အဲဒီစွမ်းရည်တွေရအောင် ဘယ်လိုလေ့လာဆည်းပူးမလဲဆိုတာက စရပါမယ်။ ပြီးရင် ရေထဲမိုးထဲမှာ ချက်ချင်းတုန့် ပြန် ဆောင်ရွက်နိုင်တဲ့အထိ လေ့လာရ၊ ဆည်းပူးရ၊ လေ့ကျင့်ထားရပါမယ်။

ခုလိုပြောလို့  လေ့လာဆည်းပူးရာမှာ အလွတ်မကျက်ရဘူး၊ မှတ်သားမထားရဘူးလို့  ဆိုလိုတာမဟုတ်ပါဘူး။ အချက်အလက်တွေကို ဦးနှောက်ထဲမှာ မှတ်သားထားတာဟာ ကွန်ပျူတာတစ်လုံးထဲ အချက်အလက်တွေထည့်ထားတာနှင့်တူပါတယ်။ ဒီကတဆင့် အာရုံငါးပါး အပါအ၀င် လက်တွေ့ အတွေ့ အကြုံတွေကို မြင်တာနှင့်သိ၊ ကြားတာနှင့်လုပ်တတ်တာမျိုးတွေ၊ အာရုံကြောတွေရဲ့ နိုးကြားတက်ကြွမှုတွေလိုအပ်ပါတယ်။ ပြီးတော့ခံစားရမှုတွေ၊ မသိစိတ်တွေရဲ့ ဆည်းပူးလေ့လာမှုတွေလဲ ရရှိပါမယ်။ ပျော်စရာ၊ ကြောက်စရာ၊ ချစ်ခင်စရာ၊ ကြင်နာသနားစရာ၊ ၀မ်းမြောက်စရာတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာဟာလဲ လေ့လာဆည်းပူးအပ်ပါတယ်။ တစ်ခုတည်းရွေးပြီး လေ့လာဆည်းပူးတာမျိုးဟာ အဓိပ္ပါယ်မပြည့်စုံပါဘူး။

လေ့လာဆည်းပူးရာမှာ ဘယ်လိုလေ့လာဆည်းပူးရမယ်ဆိုတာ အရေးအကြီးဆုံးပါ။ တကယ်တော့ ဘ၀ဆိုတဲ့ကျောင်းဟာ စာသင်ကျောင်းထက် ပညာတွေအများကြီး ပေးနေတာပါ။ ငယ်ငယ်က စက်ဘီးစီးသင်တဲ့အကြောင်း ပြန်စဉ်းစားကြည့်မိတယ်။ စက်ဘီးစီးသင်ရတော့မယ်ဆိုတော့ ပျော်လိုက်၊ တက်ကြွလိုက်တယ်ဖြစ်ခြင်းပေါ့။ ခုနေအခါ ဘာသာရပ်တစ်ခု၊ အကြောင်းအရာတစ်ခုကို လေ့လာတော့မယ်ဆိုရင် စက်ဘီးစီးသင်တုန်းကလောက် စိတ်အားထက်သန်မှုမျိုး ရှိသေးရဲ့ လား စဉ်းစားစရာပါ။

ဝမ်းသာပေမယ့် စက်ဘီးစီးသင်တာ၊ ဘာတွေလုပ်ရကိုင်ရမယ်ဆိုတာ၊ ဘာတွေ ဆည်းပူးလေ့လာရမယ်ဆိုတာ မသိပါဘူး။ စက်ဘီ စ စီးကြည့်တယ်။ လဲတယ်။ အဲဒီတော့မှ ကိုယ်မသိသေးတာတွေ ဘာတွေရှိနေသေးတယ်ဆိုတာ သိလာတယ်။ နောက်တော့ လဲလိုက်၊ ပြန်ထလိုက်၊ ပြန်စီးလိုက်၊ လဲလိုက် လုပ်ပါများလာတော့ မှားတာတွေပြင်လာနိုင်တယ်။ စက်ဘီးစီးတက်လာတယ်။ ဘယ်လိုလုပ်ရင် လဲတယ်။ ဖြောင့်ဖြောင့်စီးချင်ရင် ဘယ်လို၊ ကွေ့ ချင်ရင်ဘယ်လိုဆိုတာ သိလာတယ်။ ဒါပေမယ့်  ဒီအဆင့်ဟာ တကယ်တတ်တာ မဟုတ်သေးဘူး။

ကိုယ်သိထား၊ တတ်ထားတာတွေကို အရေးရယ် အကြောင်းရယ်မှာ ထုတ်သုံးနိုင်တယ်။ စက်ဘီးစီးဖို့ အရေး ဘာမှစဉ်းစားနေစရာမလိုတော့ဘူး။ ကုန်ကုန်ပြောရရင် တတ်လို့ တတ်မှန်းတောင်မသိ၊ သတိမရတော့ဘဲ တက်စီးနိုင်တယ်။ ဘယ်အကြောင်းအရာဖြစ်ဖြစ် ဒီအဆင့်လေးဆင့်ကို ဖြတ်သန်းရတယ်။ ပညအလိုက်၊ လူအလိုက် အချိန်ယူရတာ ကွာခြားမှုတော့ရှိတယ်။ ဒါပေမယ့် ယေဘူယျအားဖြင့် ဒီအတိုင်းဘဲ။ “ဒူးလည်းကွဲရော၊ စက်ဘီးစီးလက်တတ်ရော” ဆိုတဲ့စကားရှိတယ်။ အမှားတွေတွေ့  အမှားတွေပြင်ပြီးမှ တတ်ကျွမ်းနားလည်သူဖြစ်လာတာပါ။ မှားရမှာကြောက်သူ၊ စင်းလုံးချောဖြစ်ချင်သူတွေ၊ အမှားတွေကို မပြင်မဆင် တပွေ့ တပိုက် တယုတယထားချင်သူတွေဟာ တတ်ကျွမ်းသူတွေ ဖြစ်မလာနိုင်ပါဘူး။
ုဟုတ်ကဲ့။ ပညာခေတ်ကြီးမှာ မသိတာ မတတ်တာတွေ ၀န်ခံရင်း၊ မှားရဲရင်း၊ ပြင်ဆင်ရင်းနဲ့  မင်္ဂလာရှိသော နေ့ ရက်များကို ဖြတ်သန်းကြရမှာ ဖြစ်ကြောင်းပါ။

1 comment:

  1. ကောင်းမွန်တဲ့ ပို့စ် လေးပါ ကိုအောင်ပြည့်ရေ...

    ReplyDelete